ဗဟိုဘဏ်က ကုမ္ပဏီ ၁၀ ခုအား နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် ရုပ်သိမ်းခဲ့ခြင်း၊  ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၅၀ ကိုသာ ကျပ်ငွေဖြင့်လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ခြင်း

ဗဟိုဘဏ်က ကုမ္ပဏီ ၁၀ ခုအား နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် ရုပ်သိမ်းခဲ့ခြင်း၊  ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၅၀ ကိုသာ ကျပ်ငွေဖြင့်လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ခြင်း
Published 16 July 2023

နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုအား နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer လိုင်စင်) ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် အောက်ဖော်ပြပါ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer License)ကို အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ  ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်မှစ၍ ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီများမှာ Kannan Trading Co.,Ltd, Net Change Co.,Ltd, Thiri Aung Si Trading Co.,Ltd, River wood Group Co.,Ltd, Global Myanmar Service Co.,Ltd, D-Gold Trading Co.,Ltd, Aurum Image Co.,Ltd, Hi Welcome Travels & Tours Co.,Ltd, Sweeties Pearls Co.,Ltd, Chase Travels & Tours Co.,Ltd တို့ဖြစ်ကြောင်း သိရသည်။

ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်း အစား ရာခိုင်နှုန်း ၅၀ ကိုသာ ကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ခြင်း

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန် ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၅၀ ကိုသာ ကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

ဇူလိုင် ၁၃ ရက် နေ့စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၁၅/၂၀၂၃ ဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

အမိန့်ကြော်ငြာစာတွင် ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရ ငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ အမှတ် ၁၂/ ၂၀၂၂ ပါ သတ်မှတ် ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် သြဂုတ် ၅ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၆/၂၀၂၂ ဖြင့် သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၅၀ ကိုသာဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်  ၁၂/ ၂၀၂၂ ပါသတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

အထက်ပါ အမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ပြီး ဤအမိန့်ကြော်ငြာစာအား လိုက်နာ ခြင်းမရှိပါက နိုင်ငံခြားငွေ စီမံခန့်ခွဲ မှု ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

အခွန်ဆောင်ရာတွင် ငွေသား၊ ချက်လက်မှတ်၊ ငွေပေးအမိန့်လွှာတို့ဖြင့် ပေးသွင်းနေမှုအစား အီလက်ထရွန်နစ် ငွေပေးချေမှု စနစ်ဖြင့် ပေးသွင်းရန် ပြည်တွင်းအခွန်ကြေညာ

အခွန်ဆောင်ရာတွင် ငွေသား၊ ချက်လက်မှတ်၊ငွေပေးအမိန့်လွှာတို့ဖြင့် ပေးသွင်းနေမှုအစား အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်ဖြင့် ပေးသွင်းရန် ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာလိုက်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် ပြည်သူများ အခွန်ပေးဆောင်ရာတွင် လွယ်ကူစေရန် ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရွန်နစ်ငွေပေးချေမှုနည်းလမ်းများ၊ မိုဘိုင်းငွေပေးချေမှု နည်းလမ်းများ (Mobile Banking, Mobile Payment)တို့ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ရက်စနစ် CBM-Net မှတစ်ဆင့်လည်းကောင်း MPU Debit Card အသုံးပြု၍ Online မှလည်းကောင်း အခွန်ပေး ဆောင်နိုင်ရေး ဆောင်ရွက်ထားသည်။

၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ နိုင်ငံပိုင်ဘဏ်များတွင် ဘဏ်ငွေစာရင်း ဖွင့်လှစ်ထားသော အခွန်ထမ်းများမှအပ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံများနှင့် ရန်ကုန်မြို့ရှိ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံးများတွင် အခွန်ထမ်းကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် အီလက်ထရွန်ငွေပေးချေမှုစနစ်များဖြင့်သာ အခွန်ပေးဆောင်ရန် တစ်ပြေးညီ လက်ခံကျင့်သုံးဆောင်ရွက်လျက်ရှိရာ ပူးပေါင်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားသည်။

ထိုသို့ အီလက်ထရွန်နစ်နည်း ဖြင့် အခွန်ပေးသွင်းစေခြင်းဖြင့် အခွန်ငွေ လွှဲပြောင်းပေးသွင်းမှုအလိုက် အခွန်ပေးသွင်းမှုဆိုင်ရာ အသေးစိတ် အချက်အလက်များကို IRD Data Center ရှိ Online Payment Data-base အတွင်းသို့ ထည့်သွင်း သိမ်းဆည်းထားနိုင်၍ အမှန်တကယ်ပေးသွင်းသည့်အခွန်ငွေကို အချိန်တိုအတွင်း ပြန်လည် ကြည့်ရှုစစ်ဆေးနိုင်ခြင်းကြောင့် ငွေကြေးဆုံးရှုံးမှု၊ အလွဲသုံးစားမှုနှင့် မသမာမှုအန္တရာယ်များ ဖြစ်ပွားခြင်းတို့မှ ကာကွယ်နိုင်မည်ဖြစ်သည်။

အီလက်ထရွန်နစ်ငွေပေးချေမှု နည်းလမ်းများ၊ မိုဘိုင်းငွေပေးချေမှု နည်းလမ်း သို့မဟုတ် MPU Debit Card ကို အသုံးပြု၍ အခွန်ပေး ဆောင်ရာတွင် သက်ဆိုင်ရာ အီလက်ထရွန်နစ် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများမှ အခွန်ငွေပေးသွင်း ပြီးကြောင်း အထောက်အထားကို ကနဦးထုတ်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ၏ငွေစာရင်းများတွင် အခွန်ငွေလွှဲပြောင်း လက်ခံရရှိပြီးပါက ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထား  (ပတခ(E-payment))ကို အခွန်ထမ်းထံသို့  email ပေးပို့ အကြောင်းကြားလျက်ရှိသည်။

အခွန်ထမ်းများအနေဖြင့် အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်နှင့် စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက အခွန်ထမ်းဝန်ဆောင်မှု ဗဟိုအဖွဲ့ ရုံး(ရန်ကုန်)(၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂)အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) ၀၆၇-၃၄၃၀၅၂၂၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) (၀၂-၄၀၃၀၁၉၂၊ ၀၂-၄၀၃၀၆၃၉)နှင့်  အီလက်ထရွန်နစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Services Help Desk Center) ၀၁-၈၃၇၈၃၇၁၊  ၀၁-၈၃၇၀၁၉၅၊ ၀၁-၈၃၇၉၀၂၁  များသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သို့ဖြစ်ရာ အခွန်ထမ်း ကုမ္ပဏီ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သို့ အခွန်ငွေပေးဆောင်ရာတွင် ငွေသား/ချက်လက်မှတ် / ငွေပေး အမိန့်လွှာတို့ဖြင့် အခွန်ငွေ ပေးသွင်းမှုအစား ပိုမိုလွယ်ကူပြီး လုံခြုံ မှုရှိသည့် အီလက်ထရွန်စနစ်ငွေ ပေးချေမှုစနစ်များဖြင့်သာ အခွန်ပေးသွင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာလကုန်အထိ ကိုးလအတွင်း အခွန်အရပ်ရပ်ကောက်ခံံရရှိ ငွေကျပ် ၅၃၀၁ ဘီလျံကျော်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်ဖြစ်သည့် ဧပြီမှ ဇွန်လအထိအခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ် ၁၆၇၃၇၄၉ ဒသမ ၅၁ သန်း (၁၆၇၃  ဘီလျံကျော်)၊ ဒုတိယသုံး လပတ်ဖြစ်သည့် ဇူလိုင် မှ စက်တင်ဘာလအထိ အခွန်အရပ်ရပ် ကောက်ခံရရှိငွေ ကျပ် ၁၈၀၇၈၄၆ ဒသမ ၉ဝသန်း(၁၈၀၇ ဘီလျံ ကျော်)၊ တတိယသုံးလပတ်ဖြစ် သည့် အောက်တိုဘာမှ ဒီဇင်ဘာ အထိ ကာလအတွင်း အခွန်အရပ် ရပ် ကောက်ခံရရှိငွေ ၁၈၁၉၆၁၃ ဒသမ ၉၀ သန်း(၁၈၁၉ ဘီလျံကျော်)ဖြင့် ကိုးလအတွင်း ကျပ်၅၃၀၁၂၁၀ ဒသမ ၃၁  သန်း(၅၃၀၁ ဘီလျံကျော် ကောက်ခံရရှိခဲ့ခြင်းဖြစ်သည်။

ATOM နှင့် (MAI) ပူးပေါင်း၍ ဆက်သွယ်ရေးနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ မိတ်ဖက်ပူးပေါင်းမှု လုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ATOM နှင့်(MAI)တို့ ပူး ပေါင်း၍ ဆက်သွယ်ရေးနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ မိတ်ဖက်ပူးပေါင်းမှု လုပ်ဆောင်ရန် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

ATOM နှင့် (MAI) တို့အကြား ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ယခုကဲ့သို့ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုတွင် ATOM သည် (MAI) ၏ ဦးစားပေး မိတ်ဖက် တယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်း ဖြစ်လာမည်ဖြစ်ပြီး MAI သည် ATOM ၏ ဦးစားပေး မိတ်ဖက်လေကြောင်း လိုင်းဖြစ်လာမည်ဖြစ်သည်။

“MAI နဲ့ အတူ မဟာဗျူဟာမြောက်တဲ့ မိတ်ဖက်ပူးပေါင်းမှုတစ်ခု တည်ဆောက်ခွင့်ရတဲ့အတွက် ကျွန်တော်တို့  ATOM အနေနဲ့ အတိုင်းထက်အလွန် ဝမ်းသာဂုဏ်ယူမိပါတယ်။ တယ်လီကွန်းကဏ္ဍအတွက် ကျွန်တော်တို့ရဲ့  ကျွမ်းကျင်မှုတွေနဲ့ MAI ရဲ့ ကျယ်ပြန့်တဲ့ ကွန်ရက်၊ ပြီးပြည့်စုံတဲ့ customer ဝန်ဆောင်မှုတွေကို ပေါင်းစပ်လိုက်တဲ့အခါမှာ customer တွေက မြောက်မြားစွာသော ဝန်ဆောင်မှုတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားတွေကို ချောမွေ့တဲ့ ကွန်ရက်ချိတ်ဆက်မှုနဲ့ Beyond Better ဒီဂျစ်တယ် အတွေ့အကြုံတွေကို ပေးအပ်သွားဖို့အတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဖြေရှင်းချက်တွေနဲ့  roaming ဝန်ဆောင်မှုတွေကိုပါ ပေးအပ်သွားဖို့ကိုလည်း ရည်ရွယ်ထားပါတယ်”ဟု  ATOM  ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Muhammad Ziaullah Siddiqui က ပြောကြားခဲ့သည်။

ယခုကဲ့သို့ မဟာဗျူဟာမြောက် ပူးပေါင်းမှုအောက်တွင် ATOM နှင့် (MAI) ၏ customer များသည် အကျိုးခံစားခွင့်များစွာ ပါဝင်သည့် roaming ပတ်ကေ့ချ်များ၊ လေဆိပ်နားနေခန်း သီးသန့်အသုံးပြုခွင့်နှင့် ပူးတွဲ loyalty programme အစီအစဉ်များကဲ့သို့သော ဝန်ဆောင်မှုများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ခရီးသွားခြင်းနဲ့ စီးပွားရေးလုပ်ငန်းလည်ပတ်မှုတို့ရဲ့ အနာဂတ်ကို အကောင်းဆုံး ပုံဖော်ပေးနိုင်မယ့် ဆန်းသစ်တီထွင်ထားတဲ့ ဖြေရှင်းချက်တွေနဲ့ ဒီလိုဝန်ဆောင်မှုမျိုးတွေနဲ့ လမ်းသစ်ဖောက်ပေးခွင့်ရတဲ့အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။ ဒီ မိတ်ဖက်ပူးပေါင်းမှုကနေတစ်ဆင့် တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍနဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွေရဲ့ အကောင်းဆုံးဆိုတဲ့အရာတွေကို စီးပွားရေးလုပ်ငန်း အပြန်အလှန် အကျိုးရှိရှိနဲ့ နှစ်ဦးနှစ်ဖက်လုံး အသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ ကဏ္ဍ အသီးသီးရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို သိသိသာသာအထောက် အကူဖြစ်စေနိုင်တဲ့ အရည်အသွေးမြင့် ဝန်ဆောင်မှုတွေကိုလည်း ကျွန်တော်တို့ လုပ်ငန်းနှစ်ခုရဲ့ customer တွေအတွက် ပေးအပ်သွားနိုင်ဖို့ ရည်မှန်းထားပါတယ်”ဟု MAI ၏ စီးပွားရေးအရာရှိချုပ် Tanes Kumar က ပြောကြားသည်။

Most Read

Most Recent