ခေါင်းဆောင်မှု လုပ်ငန်းစဉ်

ခေါင်းဆောင်မှု လုပ်ငန်းစဉ်
Published 12 July 2023

သြစတြီးယားနိုင်ငံဖွား အမေရိကန် စီမံခန့်ခွဲမှုပညာရှင် ပီတာဒရက်ကာ (၁၉၀၉- ၂၀၀၅) ၏ အလွန်ကျော်ကြားသော စကားတစ်ရပ်ရှိသည်။ ယင်းမှာ “စီမံခန့်ခွဲမှုဟူသည် အရာများကို မှန်ကန်အောင်ပြုလုပ်ခြင်းဖြစ်ပြီး ခေါင်းဆောင်မှုဟူသည် မှန်ကန်သောအရာများကို ပြုလုပ်ခြင်းဖြစ်သည်” ဟူ၍ဖြစ်သည်။

ဤနေရာ၌ နိုင်ငံတစ်ခုလုံးကို ဦးဆောင်သူဖြစ်ခဲ့ပါက သူ၏နောက်လိုက်ဟူသည် ပြည်သူတစ်ရပ်လုံးဖြစ်သည်။ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသော်လည်း ခေါင်းဆောင်မှုလုပ်ငန်းစဉ်ကို ဘုံသတ်မှတ်ချက် ထုတ်လိုက်ပါက အတူတူပင်ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာကို ပြီးမြောက်အောင်မြင်စေရန်အတွက် လူတစ်ဦးက အခြားသူများအပေါ် သြဇာလွှမ်းမိုး သက်ရောက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပြီးမြောက် အောင်မြင်နိုင်ရန်အတွက် ခေါင်းဆောင်များသည် သူတို့၏ ခေါင်းဆောင်မှုဆိုင်ရာ အသိဉာဏ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးပြုရသည်။

ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျွမ်းကျင်မှုနှင့် အသိဉာဏ််ပညာကို အသုံးပြုကာ ခေါင်းဆောင်မှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် သူ၏ယုံကြည်ချက်များ၊ တန်ဖိုးထားမှုများ၊ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာများကဲ့သို့သော ပင်ကိုအရည်အသွေးများက သူ၏ခေါင်းဆောင်မှု လုပ်ငန်းစဉ်အပေါ် လွှမ်းမိုးသက်ရောက်မှုရှိသည်။ အသိဉာဏ််ပညာနှင့် ကျွမ်းကျင်မှုက ခေါင်းဆောင်မှုလုပ်ငန်းစဉ်အပေါ် တိုက်ရိုက်သက်ရောက်သည်ဟုဆိုလျှင် သူ၏ပင်ကိုအရည်အသွေးများက သူ့အား အခြားသူများမှနေ၍ အတုမရှိအောင် ကွဲပြားခြားနားသည့် လက္ခဏာရပ်များကို ဖြစ်စေသည်။

ခေါင်းဆောင်တစ်ဦးအနေဖြင့် ‘မိမိဘယ်သူလဲ’၊ ‘မိမိဘာသိသလဲ’ နှင့် ‘မိမိဘာလုပ် နိုင်သလဲ’ ဟူသည်ကို ရိုးသားစွာဖြင့် ရှင်းရှင်းလင်းလင်း သိမြင်ထားရမည်ဖြစ်သည်။ ခေါင်းဆောင်မှုလုပ်ငန်းစဉ် အောင်မြင်ခြင်း ရှိ မရှိ ဆုံးဖြတ်ရမည်မှာ ခေါင်းဆောင်ကိုယ်တိုင် မဟုတ်သကဲ့သို့ အခြားတစ်စုံတစ်ဦးလည်း မဟုတ်ဘဲ နောက်လိုက်များသာဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။ နောက်လိုက်များအနေဖြင့် သူတို့၏ ခေါင်းဆောင်အပေါ် မယုံကြည်ပါက သို့မဟုတ် ယုံကြည်မှုနည်းပါးပါက ခေါင်းဆောင်က သူတို့ကို ဆွဲဆောင်နိုင်မည် မဟုတ်ပါ။ သင်ကိုယ်တိုင်၏ ယုံကြည်မှုထက် “သင်၏နောက်လိုက်များက သင်၏နောက် သို့လိုက်ရန် ထိုက်တန်ပါ၏လော” ဟူသည့် ယုံကြည်မှုက အရေးကြီးသည်။

မည်သို့ပင်ဆိုစေကာမူ ခေါင်းဆောင်ဟူသည် အနေအထားတစ်ရပ်တွင် အကောင်းဆုံး လုပ်ဆောင်နိုင်မည့် လမ်းကြောင်းတစ်ရပ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်သတ်မှတ်ပေးရမည်ဖြစ်သည်။ ယင်းကဲ့သို့ ဆုံးဖြတ်သတ်မှတ်ပေးရာတွင် သူ၏နောက်လိုက်များ အနေဖြင့် သူ၏ဦးဆောင်မှုနောက်သို့ လိုက်ရသည်မှာ ထိုက်တန်သည်ဟူသော ယုံကြည်မှုမျိုးရရှိရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန် ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏အယ်ဒီတာ့အာဘော်

Most Read

Most Recent