ချယ်လ်ဆီးလူစာရင်းသည် ခေါ်ယူစဉ်က အသုံးပြုခဲ့ရသည့် ပြောင်းရွှေ့ကြေးထက် လက်ရှိစျေးကွက်တန်ဖိုး ပေါင် ၁၂၄ သန်း လျော့နည်းသွားပြီး ပရီးမီးယားလိဂ်တွင် အများဆုံးဖြစ်နေ

ချယ်လ်ဆီးလူစာရင်းသည် ခေါ်ယူစဉ်က အသုံးပြုခဲ့ရသည့် ပြောင်းရွှေ့ကြေးထက် လက်ရှိစျေးကွက်တန်ဖိုး ပေါင် ၁၂၄ သန်း လျော့နည်းသွားပြီး ပရီးမီးယားလိဂ်တွင် အများဆုံးဖြစ်နေ
Photo: Twitter
Photo: Twitter
Published 12 July 2023

 

ချယ်လ်ဆီးအသင်းလူစာရင်းသည် ခေါ်ယူစဉ်က အသုံးပြုခဲ့ရသည့် ပြောင်းရွှေ့ကြေးထက် လက်ရှိစျေးကွက်တန်ဖိုးတွင် ပေါင် ၁၂၄ သန်း လျော့နည်းသွားပြီး ပရီးမီးယားလိဂ်တွင် တန်ဖိုးလျော့ကျမှု အများဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းပြီးလျှင် မန်ယူအသင်းက တန်ဖိုးလျော့ကျမှုအများဆုံးအဖြစ် ပေါင် ၁၁၅ သန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ အာဆင်နယ်မှာမူ ခေါ်ယူစဉ်ကထက် လက်ရှိစျေးကွက်တန်ဖိုး ပိုမိုမြင့်တက်နေပြီး ပေါင် ၃၄၃ သန်း ပိုများလာကြောင်း သိရသည်။ 

ယခုသုတေသနစစ်တမ်းကို Transfer Markt က သုံးသပ်ပြုစုခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းသည် အသင်း၏လက်ရှိ ကစားသမားများအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၈၀ အသုံးပြုခဲ့ရကာ လက်ရှိ စျေးကွက်တန်ဖိုးမှာ ပေါင် ၇၅၆ သန်းသာရှိသည်။ ချယ်လ်ဆီးအသင်းသည် တိုက်စစ်မှူး လူကာကူကို ၂၀၂၁ ခုနှစ်က ပေါင် ၉၇ ဒသမ ၅ သန်းဖြင့် ခေါ်ယူခဲ့သော်လည်း လက်ရှိတွင် ၎င်း၏စျေးကွက်တန်ဖိုးမှာ ပေါင် ၃၄ သန်းသာ ရှိတော့သည်။

မန်ယူအသင်းမှာလည်း လက်ရှိအသင်းလူစာရင်းအတွက် ပေါင်သန်း ၈၈၀ သုံးစွဲခဲ့ရပြီး လက်ရှိစျေးကွက်တန်ဖိုးမှာ ပေါင် ၇၁၅ သန်းသာဖြစ်သည်။ မန်ယူအသင်းသည် အသင်းခေါင်းဆောင် မက်ဂွိုင်းရားကို ပေါင် သန်း ၈၀၊ တောင်ပံကစားသမားများ ဆန်ချို ကို ခေါ်ယူစဉ်က ပေါင် ၇၃ သန်းအထိ ပေးခဲ့ရသော်လည်း ပြီးခဲ့သည့်ရာသီများအတွင်း ၎င်းတို့နှစ်ဦး ခြေစွမ်းမပြနိုင်မှုကြောင့် စျေးကွက်တန်ဖိုးမှာလည်း များစွာကျဆင်းခဲ့ရသည်။ 

အာဆင်နယ်အသင်းသည် လက်ရှိအသင်းလူစာရင်းအတွက် ပေါင် ၅၇၂ သန်းသာ သုံးစွဲခဲ့ရပြီး လက်ရှိစျေးကွက်တန်ဖိုးမှာ ပေါင် ၉၁၅ သန်းအထိရှိနေကြောင်း သိရသည်။ အာဆင်နယ်အသင်းပြီးနောက် အသုံး စရိတ်ထက် စျေးကွက်တန်ဖိုး ပိုမိုမြင့်တက် လာသည့်အသင်းများမှာ ဘရိုက်တန်နှင့် ဘရန့်ဖို့ဒ်အသင်းများဖြစ်ပြီး ဘရိုက်တန်အသင်းက ​ပေါင် ၂၄၃ သန်း၊ ဘရန့်ဖို့ဒ်အသင်းက ​ပေါင် ၁၇၉ သန်းရှိခဲ့သည်။ 

ဖလားသုံးလုံး ချန်ပီယံ မန်စီးတီးအသင်းမှာ အသုံးစရိတ် ပေါင် ၈၅၂ သန်းဖြစ်ပြီး စျေးကွက်တန်ဖိုးမှာ ​ပေါင် ၁ ဒသမ ၂ ဘီလျံအထိ မြင့်တက်ခဲ့သည်။ လီဗာပူးလ်အသင်းသည် ခြားနားချက် ပေါင် သန်း ၁၅၀ ရှိပြီး စုစုပေါင်းစျေးကွက်တန်ဖိုးမှာ ​ပေါင် ၇၂၆ သန်းဖြစ်သည်။ 

အက်စတွန်ဗီလာ နှင့် ခရစ္စတယ်ပဲလေ့စ်စသည့်အသင်းများမှာလည်း ခြားနားချက်မြင့်သည့် စာရင်းတွင် ပါဝင်လျက်ရှိသည်။ ချယ်လ်ဆီး၊  မန်ယူအသင်းများနည်းတူ ​ခြားနားချက်နိမ့်ကျသည့် ပရီးမီးယားလိဂ်အသင်း နှစ်သင်းသာရှိပြီး ဝုလ်ဗ်နှင့် ရှက်ဖီးယူနိုက်တက်အသင်းတို့ဖြစ်သည်။