ကုလသမဂ္ဂ၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် ကလေးများသေဆုံးမှုနှင့် ဖမ်းဆီးခံရမှုအရေအတွက်ကို ဖောင်းပွဖော်ပြထားကြောင်းနှင့် အစီရင်ခံစာပါ စွပ်စွဲချက်များအား မြန်မာနိုင်ငံက ပယ်ချကြောင်း ထုတ်ပြန်

ကုလသမဂ္ဂ၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် ကလေးများသေဆုံးမှုနှင့် ဖမ်းဆီးခံရမှုအရေအတွက်ကို ဖောင်းပွဖော်ပြထားကြောင်းနှင့် အစီရင်ခံစာပါ စွပ်စွဲချက်များအား မြန်မာနိုင်ငံက ပယ်ချကြောင်း ထုတ်ပြန်
Published 10 July 2023

ကုလသမဂ္ဂ၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာတွင် ကလေးများသေဆုံးမှုနှင့် ဖမ်းဆီးခံရမှုအရေအတွက်ကို ဖောင်းပွဖော်ပြထားပြီး အစီရင်ခံစာပါ စွပ်စွဲချက်များအား မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချကြောင်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီက ဇူလိုင် ၉ ရက်တွင် တုံ့ပြန်ချက်အား ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချု၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို  ၂၀၂၃ ခုနှစ် ဇွန် ၂၇ ရက်တွင် စာရွက်စာတမ်းအမှတ်၊ A/77/895-S/2023/363 ဖြင့် ထုတ်ပြန်ခဲ့ကြောင်းနှင့် ယင်းအစီရင်ခံစာဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးဖွင့် အစည်းအဝေးကို ဇူလိုင် ၅ ရက်၌ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် အထူးကိုယ်စားလှယ်နှင့် နိုင်ငံအချို့က မြန်မာနိုင်ငံနှင့်ပတ်သက်၍ တာဝန်မဲ့ရည်ညွှန်းပြောကြားမှုများရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ လိုရာဆွဲရေးသားထားသော ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံကိုအထူးပြုထည့်သွင်း ဖော်ပြချက်များပါဝင်ပြီး တစ်ဖက်သတ် တစ်ဆင့်စကားများနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များ အပေါ်အခြေခံထားသည်ကို စိတ်ပျက်ဖွယ်တွေ့ရှိရကြောင်း မြန်မာနိုင်ငံ၏တုံ့ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါအစီရင်ခံစာရေးသားသူသည် ဖြစ်စဉ်ဖြစ်ရပ်များကို စိစစ်နိုင်မည့် နေ့ရက်၊ အချိန်နှင့်နေရာကဲ့သို့ အချက်အလက်များ မပါဝင်ဘဲကျူးလွန်ကြောင်း စွပ်စွဲမှုအရေအတွက်များကိုသာ ထည့်သွင်းထားသည့်အတွက် မြန်မာတပ်မတော်ကိုအစီရင်ခံစာ၏ နောက်ဆက်တွဲတွင် စာရင်းသွင်းဖော်ပြခြင်းမှာ နိုင်ငံရေးသွတ်သွင်းမှုတစ်ရပ်သာဖြစ်ကြောင်း ရှင်းလင်းစွာပြသလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂဘက်မှ တိုင်ကြားမှုများကိုလက်ခံပြီး တုံ့ပြန်မှုများ ပြုလုပ်ရန် မည်သည့်အခါမျှ တွန့်ဆုတ်ခြင်းမရှိခဲ့ကြောင်း၊ ယခုအစီရင်ခံသည့်ကာလအတွင်း ကလေးသူငယ်များသေဆုံးမှုနှင့် ဖမ်းဆီးခံရခြင်းများနှင့်ပတ်သက်၍ အချက်အလက်တောင်းခံမှု ငါးကြိမ်သာရရှိခဲ့ကြောင်း၊ အစီရင်ခံစာတွင် သေဆုံးကြောင်းနှင့် ဖမ်းဆီးခံရကြောင်း စွပ်စွဲချက်အရေအတွက်များကို ကုလသမဂ္ဂဘက်မှ မြန်မာအစိုးရဘက်သို့ စိစစ်ထားသည့် အရေအတွက်ထက် ၁၂ ဆမှ အဆ ၃၀ အထိ ဖောင်းပွဖော်ပြထားသည်ကို စိတ်ပျက်ဖွယ်တွေ့ရှိရကြောင်း၊ ကုလသမဂ္ဂ၏ လွတ်လပ်သော ကျွမ်းကျင်သူများသည် စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ ဖြစ်နိုင်သမျှအတိုင်း အတာအထိ စိစစ်အတည်ပြုရန် လိုအပ်သော်လည်း အစီရင်ခံစာတွင်ပါဝင်သော ကျန်အချက်အလက်များကို သက်ဆိုင်သည့် နိုင်ငံနှင့် စိစစ်ထားခြင်းလုံးဝမရှိကြောင်း တွေ့ရှိရကြောင်း မြန်မာနိုင်ငံက တုံ့ပြန်သည်။

မြန်မာနိုင်ငံသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို ဖွဲ့စည်းထားပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ဒုတိယအကြိမ် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်  (၂၀၂၂-၂၀၂၃) ကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ တိုင်ကြားမှုများကို မှတ်တမ်းပြုစုလုပ်ဆောင်နိုင်ရန်အတွက် အရေးပေါ်ဖုန်း အမှတ်(Help Line Number 1566) ဖြင့် တိုင်ကြားမှုယန္တရားကို တည်ထောင်ထားပြီး ဖြစ်ကြောင်း၊ တစ်ဖက်တွင် အစီရင်ခံစာသည် NUG နှင့် PDF တို့ကြောင့် ကလေးသူငယ် ၉၇ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၂၇၅ ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရစေခဲ့သည့် ရာဇဝတ်မှုများကိုဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်းနှင့် PDF အဖွဲ့များက နိုင်ငံတစ်ဝန်း ဆေးရုံနှင့် ဆေးခန်းကိုးခု၊ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦ ၁၄၀ ကိုတိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် အစီရင်ခံစာ၌ ၎င်းတို့၏ ကျူးလွန်မှုများကို အမှုန်အမွှားမျှသာဖော်ပြခဲ့ပြီး ကျူးလွန်မှုများကို အမည်မဖော်နိုင်သော ကျူးလွန်သူများအဖြစ် မရေရာသောအသုံးအနှုန်းများဖြင့် ဖုံးကွယ်ရန် ကြိုးစားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏တုံ့ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အရွယ်မရောက်သေးသူများအား စုဆောင်းခြင်းမှ ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးစီးဆောင်ရွက်မှုဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ထိန်းသိမ်းရေးကော်မတီကို ၂၀၁၁ ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ စောင့်ကြည့်လေ့လာအစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (UNCTFMR) နှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် CTFMR ၏ အရင်းအမြစ်များမည်သို့ရရှိကြောင်း ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် CTFMR ၏ အမှီအခိုကင်းမှုနှင့် ဘက်မလိုက်မှုတို့အပေါ်စိုးရိမ်မှုရှိကြောင်း မြန်မာနိုင်ငံ၏တုံ့ပြန်မှုတွင် ဖော်ပြပါရှိသည်။

၂၀၁၃ ခုနှစ်မှစ၍ CTFMR က ပေးပို့ခဲ့သည့် အသက်မပြည့်သူဟု သံသယရှိသူ ၂၃၆၄ ဦးရှိပြီး အချက်အလက် ပြည့်စုံမှုမရှိခြင်းကြောင့် ၁၁၉၇ ဦးကို သံသယစာရင်းမှ ပယ်ဖျက်ခဲ့ပြီးဖြစ်ကြောင်း၊ အရွယ်မရောက်သေးသူ ၁၀၅၇ ဦးကို တပ်မတော်မှနုတ်ထွက်စေခဲ့ပြီးဖြစ်ကာ တာဝန်ရှိသည့် တပ်မတော်သား ၄၇၅ ဦးကို အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ အသက်မပြည့်သေးသူများအား စုဆောင်းမှုဖြစ်ပေါ်ရသည့် ဖြစ်စဉ်အများစုမှာ တစ်ဦးတစ်ယောက်၏ အသက်နှင့်ပတ်သက်၍ စိစစ်ရန်အရပ်ဘက် စာရွက်စာတမ်းများ ပြည့်စုံမှုမရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး ဖြစ်စဉ်အများစုမှာ ၂၀၀၀ ပြည့်နှစ်များမှ ကိစ္စရပ်များဖြစ်ကြောင်း၊ အမှန်စင်စစ်အားဖြင့် ယခုအစီရင်ခံသည့် ကာလအတွင်း CTFMR သည် အသက်မပြည့်သူဟု သံသယရှိသူခုနစ်ဦးနှင့်ပတ်သက်၍သာ အကြောင်းကြားခဲ့သော်လည်း နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် မြန်မာနိုင်ငံကို ဆက်လက်ထည့်သွင်းထားနိုင်ရန်အတွက် ယခုအစီရင်ခံစာတွင် ၁၁၂ ဦးဟူ၍ ဖြစ်ရပ်ဟောင်းများနှင့် ရောထွေးဖော်ပြကြောင်း တုံ့ပြန်ချက်တွင်ပါရှိသည်။

မြန်မာတပ်မတော်ကို အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် ထပ်မံထည့်သွင်းခဲ့ခြင်းနှင့် အပြုသဘောမဆောင်သည့် အဆင့်များဆောင်ရွက်ရန် အရိပ်အမြွက် ဖော်ပြလာခြင်းသည် နိုင်ငံအတွင်းရှိ ကလေးသူငယ်များအကျိုးအတွက် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အထောက်အကူပြုမည်မဟုတ်ကြောင်း၊ အစီရင်ခံစာတွင်ပါဝင်သည့် လိုရာဆွဲဖော်ပြထားသည့် ကိန်းဂဏန်းများနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချပြီး ကုလသမဂ္ဂအနေဖြင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပိုမိုကောင်းမွန်စွာလေ့လာသုံးသပ်ပြီး အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြင့်ဆောင်ရွက်ရန် တောင်းဆိုကြောင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီက ဇူလိုင် ၉ ရက်၏ တုံ့ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Most Read

Most Recent