သတင်းစာ၏ အယ်ဒီတာ့အာဘော်

သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 30 June 2023

သတင်းစာဟူသည်မှာ သတင်း၊ အယ်ဒီတာ့ အာဘော်၊ ရုပ်ပုံ၊ အားကစားသတင်း၊ ကာတွန်း၊ အထူးသတင်း ဆောင်းပါး အစရှိသည်တို့ ပါဝင်သည့် ပုံနှိပ် မီဒီယာကို ခေါ်ဆိုခြင်း ဖြစ်သည်။ နာမည်ကြီးသတင်းသမားများ၏ ဝေဖန် ရေးသားချက်များနှင့် သတင်းထောက်များ၏ သတင်းများတို့ဖြင့် ဝေဆာစုံလင်စွာ ဖော်ပြထားသည့် စာစောင်ကို သတင်းစာဟု ခေါ်ဆိုခြင်းဖြစ်သည်။ သတင်းစာတွင်ပါရှိသော ကဏ္ဍများအားလုံးကို လူတိုင်းက ဖတ်ရှုလိမ့်မည်ဟုကား မယူဆနိုင်ပါ။ မိမိတို့ ကြိုက်ရာကဏ္ဍများကိုသာ ရွေးချယ်ဖတ်ရှုကြသည့် အလေ့အထများလည်း ရှိနိုင်သည်။ နေ့စဉ်ထုတ် သတင်းစာများတွင် သတင်းတူနိုင်သော်လည်း ရေးသား တင်ပြပုံချင်း၊ ချဉ်းကပ်ပုံချင်း မတူနိုင်သဖြင့် သတင်းစာအစောင်စောင် ဝယ်ဖတ်ပြီး သတင်းသုံးသပ်ချက်များကို မြိန်ရည်ရှက်ရည် အရသာခံသူများလည်း ရှိတတ်သည်။

သတင်းစာဟူသည် မိမိတို့နိုင်ငံ ဘာဖြစ်နေသနည်းဟူသည်ကို ပြောပြသကဲ့သို့ အခြားနိုင်ငံများတွင် ဘာဖြစ်နေကြောင်းလည်း ပြောပြကြရသည်။ သတင်းစာတွင် လူတိုင်းနှင့် မဆိုင်သော်လည်း လူတိုင်း စိတ်ဝင်စားလေ့ရှိသည့် မွေးဖွားသတင်း၊ သေဆုံးသတင်း၊ လက်ထပ်သတင်း၊ လူပျောက်သတင်း၊ ရုပ်သံအစီအစဉ်သတင်း၊ အမွေပြတ်သတင်း၊ အသိပေးသတင်း၊ ကွာရှင်းပြတ်စဲသတင်း၊ မိုးလေဝသသတင်း၊ မြစ်ရေကြီးခြင်း သတိပေးချက် အစရှိသည်တို့လည်း ထူးခြားဖြစ်စဉ်များအနေဖြင့် ဖော်ပြပေးလေ့ရှိသည်။ သတင်းစာသည် လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ ဘဝအမျိုးမျိုး၊ အလွှာအစုံစုံ အဖြစ်သနစ်တို့ကိုလည်း ဖော်ပြ ကြရသည်။ ထို့ပြင် အမျိုးသမီးများအတွက် သီးသန့်ရည်ရွယ်သည့် အမျိုးသမီးကဏ္ဍ၊ အားကစားဝါသနာရှင်များကို ရည်ရွယ်သည့် အားကစားကဏ္ဍများကိုလည်း ထည့်သွင်းပေးရတတ်သည်။ အချို့သောသတင်းစာများတွင် ကလေးများအတွက် အထူးကဏ္ဍများကိုပင် ထည့်သွင်းဖော်ပြပေးသည်။

သတင်းခေါင်းကြီးပိုင်း သို့မဟုတ် အယ်ဒီတာ့အာဘော်ဟူသည်မှာ သတင်းစာတစ်စောင်၏ အသက်သဖွယ်ဖြစ်သည်။ ထိုကဏ္ဍသည် သတင်းစာ အယ်ဒီတာအဖွဲ့၏ အာဘော် ဖြစ်နိုင်သကဲ့သို့ သတင်းအယ်ဒီတာချုပ်အဖြစ် တာဝန်ပေးခြင်းခံထားရသူ၏ အာဘော်လည်း ဖြစ်နိုင်သည်။ အချို့သောသတင်းစာများတွင် အယ်ဒီတာ့အာဘော်ကို သတင်းအယ်ဒီတာအဖွဲ့ဝင်များထဲမှ တာဝန်ပေးအပ်ခံရသူက ရေးသားရသည်လည်း ရှိတတ်သည်။ အယ်ဒီတာ့အာဘော်ကို အချို့သောနိုင်ငံများတွင် အခြားသော သတင်းအဖွဲ့အစည်းများမှတစ်ဆင့် ပြန်လည်ဝယ်ယူဖော်ပြကြသည်လည်း ရှိသည်။  မိမိတို့သတင်းစာထက် အခြားသြဇာရှိသော အယ်ဒီတာများ၏ ခေါင်းကြီးပိုင်းကို အသားပေးလိုသောကြောင့် သို့မဟုတ် စျေးကွက်က တောင်းဆိုသောကြောင့်လည်း ဖြစ်နိုင်သည်။ အယ်ဒီတာ့အာဘော်များသည် ခေတ်အခြေအနေ၊ ဒေသဆိုင်ရာပြဿနာ၊ နိုင်ငံရေးအနေအထားတို့ကို ဖော်ကျူးကြသည်က ပို၍များသည်။ အယ်ဒီတာ့အာဘော်ဆိုသည်မှာ သတင်းစာတစ်စောင်အတွက် မိတ်ဆွေ ပေါစေသကဲ့သို့ ရန်သူလည်း ပွားစေသည်။ မည်သို့ဆိုစေ ရိုးသားမှု၊ ပွင့်လင်းမှု၊ စေတနာပါမှု၊ အတွေးအခေါ်ကောင်းမှု၊ တရားမျှတမှုတို့ကို အယ်ဒီတာ့အာဘော်က ဖော်ကျူးပုံဖော်နိုင်သဖြင့် သတင်းစာတစ်စောင်ကို ခေါင်းကြီးပိုင်းဖြင့်လည်း သုံးသပ်ကာ အကဲဖြတ်နိုင်သည်။

သတင်းစာများတွင် နိုင်ငံရေးအကြောင်း ဆောင်းပါးများနှင့် ဝေဖန်ချက်များကိုလည်း ထည့်သွင်းဖော်ပြလေ့ရှိသည်။ ထိုကဏ္ဍသည် အယ်ဒီတာ့အာဘော်ပါ အယူအဆများနှင့် ထပ်တူထပ်မျှ ဖြစ်နိုင်သကဲ့သို့ အယ်ဒီတာများနှင့် အမြင်ချင်းမတူသည့် ကွဲလွဲသော သဘောထားများလည်း ဖြစ်နိုင်သည်။ အချို့သောသတင်းစာများကမူ မိမိတို့နှင့် သဘောထားအမြင်ချင်း တူညီသည့် နိုင်ငံရေးဆောင်းပါးများကိုသာ ဖော်ပြပေးလေ့ရှိသည်။ သတင်းစာကောင်းတို့မည်သည် မိမိတို့နှင့် အမြင်သဘောထားတူသည်ဖြစ်စေ၊ မတူသည် ဖြစ်စေ နိုင်ငံရေးဆောင်းပါးများကို ဖော်ပြပေးလေ့ရှိကြသည်။ ပြည်သူတိုင်း မိမိတို့အမြင်ကို ဖော်ထုတ်ခွင့်ရရန်အတွက် ကြားခံအဖြစ် ဆောင်ရွက်ပေးနိုင်မှု အမြင့်ဆုံး သတင်းစာက အအောင်မြင်ဆုံးဖြစ်သွားတတ်သည်။

မည်သို့ပင်ဆိုစေကာမူ လူအများဖတ်ရှုရန် ထုတ်ဝေသည့် သတင်းစာတစ်စောင်သည် ဖြစ်နိုင်သမျှ လူအများကို ကိုယ်စားပြုနိုင်ရမည်ဖြစ်ပြီး ပါရှိသမျှ အကြောင်းအရာတိုင်း မိမိတို့တစ်ဦးတည်းအကြိုက် မဖြစ်နိုင်သည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ ဇူလိုင် ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent