ကလေးသူငယ်များကို အလွဲသုံးစားပြုခြင်း

ကလေးသူငယ်များကို အလွဲသုံးစားပြုခြင်း
Published 28 June 2023

ကလေးသူငယ်များကို အလွဲသုံးစားပြုခြင်းအား Child Abuse သို့မဟုတ် Child Maltreatment ဟု ခေါ်သည်။ ကလေးများကို ရုပ်ပိုင်းဆိုင်ရာအရ၊ လိင်ပိုင်းဆိုင်ရာအရ၊ စိတ်ပိုင်းဆိုင်ရာအရ အလွဲသုံးစားပြုခြင်း (သို့မဟုတ်) မိဘ သို့မဟုတ် အုပ်ထိန်းသူများက ကလေးများကို လျစ်လျူပြုထားခြင်း ဖြစ်သည်။ မိဘ သို့မဟုတ် အုပ်ထိန်းသူများက ကလေး ကိုထိခိုက်မှုဖြစ်စေ သို့မဟုတ် ဖြစ်နိုင်ဖွယ်ရှိစေသည့် လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်မှုများသည်လည်း Child Abuse ထဲ၌ ပါဝင်သည်။ နိုင်ငံအမျိုးမျိုးတွင် တရားစီရင်ရေး၌ Child Abuse နှင့်ပတ်သက်၍ ကိုယ်ပိုင်သတ်မှတ်ချက်များရှိပြီး ရာဇဝတ်မှုအဖြစ် တရားစွဲဆိုနိုင်သည့် ဥပဒေများလည်း ရှိသည်။

Child Abuse ထဲ၌ ပါဝင်သည်ဟု သတ်မှတ်ချက်များမှာ လူမှုရေးအဖွဲ့များနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့များအကြားတွင်လည်းကောင်း၊ ခေတ်အလိုက်လည်းကောင်း အမျိုးမျိုးရှိနိုင်သည်။ Abuse ဟူသော စကားရပ်နှင့် Maltreatment ဟူသော စကားရပ်တို့ကို အလဲအလှယ်အနေဖြင့် အသုံးပြုကြသည်လည်း ရှိသည်။ Child Maltreatment ဟူသည့် စကားရပ်သည် ကလေးများကို အလွဲသုံးစားပြုမှုများနှင့် လျစ်လျူပြုမှုများနှင့် ပတ်သက်သော ပုံစံအားလုံးကို လွှမ်းခြုံခေါ်ဝေါ်သောစကားရပ်ဖြစ်နိုင်သည်။ ကလေးများ၊ ကလေးများ၏ ဖွံ့ဖြိုးမှုနှင့် အုပ်ထိန်းမှုတို့သည် လွှမ်းမိုးကြီးစိုးသော ယဉ်ကျေးမှုဆိုင်ရာ စံတန်ဖိုးများနှင့် ပတ်သက်နေသောကြောင့် Child Maltreatment ကို သတ်မှတ်ရာတွင် ယင်းစံတန်ဖိုးများပေါ်၌ မူတည်နေသည်။ ကလေးကာကွယ်စောင့်ရှောက်ရေး အေဂျင်စီများ၊ ဥပဒေဆိုင်ရာ အသိုင်းအဝိုင်းများ၊ ဆေးပညာဆိုင်ရာအသိုင်းအဝိုင်းများ၊ ပြည်သူ့ကျန်းမာရေးအရာရှိများ၊ သုတေသနပြုသူများ၊ ဆရာဝန်များနှင့် ကလေးသူငယ်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ အစရှိသဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ စပ်ဆိုင်ပုံ မတူညီမှုအလိုက် ဃ့ငိူ ြေူအမနအောနညအ ကို သတ်မှတ်ရာတွင် အမျိုးမျိုးကွဲပြားနိုင်သည်။ ပညာရပ်နယ်ပယ် အမျိုးမျိုးအလိုက် ကိုယ်ပိုင် အဓိပ္ပာယ်သတ်မှတ်ချက်များရှိနေသောကြောင့် ကလေးသူငယ်များအား အကာအကွယ်ပေးရေး၌ အကန့်အသတ်များ ရှိနေသည်။

ယေဘုယျသဘောအရ Abuse တွင် လုပ်ဆောင်ခြင်းနှင့် လုပ်ဆောင်ရန် ပျက်ကွက်ခြင်းဟူ၍ နှစ်ပိုင်းရှိနေရာ Maltreatment တွင် နှစ်ပိုင်းစလုံး ပါဝင်သည်။ ကျန်းမာရေးဆိုင်ရာ ပရော်ဖက်ရှင်နယ်အချို့က လျစ်လျူပြုခြင်းကို Abuse ၏ တစ်စိတ်တစ်ပိုင်းဟု သတ်မှတ်သော်လည်း အချို့က မသတ်မှတ်ပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကမူ တာဝန်ရှိမှု၊ ယုံကြည်မှု သို့မဟုတ် အာဏာရှိမှုနှင့် ဆက်နွှယ်လျက် ကလေး၏ ကျန်းမာရေး၊ ရှင်သန်မှု၊ ဖွံ့ဖြိုးမှု သို့မဟုတ် ဂုဏ်သိက္ခာကို ထိခိုက်စေသော သို့မဟုတ် ထိခိုက်စေနိုင်ဖွယ်ရှိသော ရုပ်ပိုင်းဆိုင်ရာအရနှင့် သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာအရ မလျော်မကန်ပြုခြင်း၊ လိင်ပိုင်း ဆိုင်ရာ မလျော်မကန်ပြုခြင်း၊ လျစ်လျူပြုခြင်း သို့မဟုတ် နမော်နမဲ့ပြုခြင်း သို့မဟုတ် ငွေကြေးအရ သို့မဟုတ် အခြားနည်းအားဖြင့် ခေါင်းပုံဖြတ်ခြင်း ပုံစံအားလုံးကို Child Abuse နှင့် Child Maltreatment ဟု သတ်မှတ်သည်။ အမေရိကန်ပြည်ထောင်စု၌ ကလေးသူငယ် အလွဲသုံးစားပြုလုပ်ခြင်းအား ကာကွယ်မှုနှင့် ကျင့်သုံးမှုဖက်ဒရယ်အက်ဥပဒေအရ အနိမ့်ဆုံးအနေဖြင့် သေဆုံးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာအရ ပြင်းထန်စွာ ထိခိုက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်း သို့မဟုတ် ခေါင်းပုံဖြတ်ခြင်း ဖြစ်ပေါ်အောင် မိဘ သို့မဟုတ် အုပ်ထိန်းသူအနေဖြင့် မကြာသေးမီက လုပ်ဆောင်ခြင်း သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်ခြင်းကိုလည်းကောင်း၊ ပြင်းထန်သောထိခိုက်စေနိုင်မှု အန္တရာယ်ကျရောက်လုနီးပါး ဖြစ်ပေါ်အောင် လုပ်ဆောင်ခြင်း သို့မဟုတ် လုပ်ဆောင်ရန် ပျက်ကွက်ခြင်းကိုလည်းကောင်း ကလေးသူငယ်အလွဲသုံးစားမှုနှင့် လျစ်လျူပြုမှုဟု သတ်မှတ်သည်။

မည်သို့ပင်ဆိုစေ၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်တွင် ကလေးများကို အကာအကွယ်ပေးရန် လူတိုင်း၌ တာဝန်ရှိပြီး Child Abuse မှန်သမျှကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ၀ိုင်းဝန်းကန့်ကွက်ရှုတ်ချရမည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန် ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent