MFTB နှင့် MICB တို့ကို စီးပွားရေးပိတ်ဆို့မှုနှင့် နောက်ဆက်တွဲဂယက်

MFTB နှင့် MICB တို့ကို စီးပွားရေးပိတ်ဆို့မှုနှင့် နောက်ဆက်တွဲဂယက်
Published 25 June 2023

■ မြန်မာနိုင်ငံမှ နိုင်ငံတော်ပိုင် ဘဏ်နှစ်ခုကို စီးပွားရေး ပိတ်ဆို့အရေးယူမည်ဟု အမေရိကန် ကြေညာ

မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ် (MICB) တို့ကို  အမေရိကန်ပြည်ထောင်စုက အရေးယူသတ်မှတ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဇွန် ၂၁ ရက်တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံခြား ငွေကြေးသုံးစွဲမှု အဆင်ပြေချောမွေ့စေရေးအတွက် MFTB နှင့် MICB တို့သည်အခရာ ကျသည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ အဆို ပါဘဏ်များသည် ၎င်းင်းတို့၏ နိုင်ငံခြားဘဏ် စာရင်းများကိုအသုံးပြု၍ မြန်မာနိုင်ငံ၏ အ ခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာစျေး ကွက်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်စေခဲ့ခြင်းဖြင့် စစ်ရေးကိစ္စရပ်များအတွက် ငွေကြေး အရင်းအမြစ်အမြောက်အမြားကို ပံ့ပိုးပေးခဲ့ ကြောင်း သိရသည်။

ထို့ပြင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် စစ်မှန်သော ဒီမိုကရေစီအနာဂတ်တစ်ခုကို ရှာဖွေလျက်ရှိသည့် မြန်မာပြည်သူများအတွက် အားပေးထောက်ခံမှုကို အမေရိကန်ပြည်ထောင်စုက ဖြေလျှော့မည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံက ရုရှားကာကွယ်ရေးကဏ္ဍသို့       ခိုင်မာသည့်ငွေကြေးလွှဲပြောင်းပေးနိုင်မှုကို ထိန်းချုပ်ကန့်သတ်ခြင်းနှင့် နစကကအကျပ် အတည်းကို ရှည်ကြာစေရန် ဆောင်ရွက်ရာ တွင် နိုင်ငံတကာဘဏ္ဍာရေးစနစ်မှတစ်ဆင့် အမြတ်ထုတ်နိုင်မှုကိုကန့်သတ်ရန် မိမိတို့၏ မိတ်ဖက်များ၊ ပိုမိုကျယ်ပြန့်သောနိုင်ငံတကာ အသိုက်အဝန်းမှ မဟာမိတ်များနှင့်အတူ ဆက်လက်ထိတွေ့ဆောင်ရွက်မည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန် ချက်တွင် ပါရှိသည်။

■  ဘဏ်နှစ်ခု အရေးယူခံရပြီးနောက်  ပြည်တွင်း ဒေါ်လာစျေးကွက်အခြေအနေ

ပြည်တွင်းစျေးကွက်၌ လအလိုက်ဖြစ် ပေါ်သော နိုင်ငံခြား ငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် မတ် တွင် ၁၃၂၀-၁၄၄၅ ကျပ်၊ ဧပြီတွင် ၁၃၉၅-၁၄၄၀ ကျပ်၊ မေတွင် ၁၄၀၆ -၁၄၂၆ ကျပ်၊ ဇွန်တွင် ၁၄၁၂ -၁၃၈၅ ကျပ်၊ ဇူလိုင်တွင် ၁၃၆၇-၁၄၁၃ ကျပ်၊ သြဂုတ်တွင် ၁၃၄၂- ၁၃၉၂ ကျပ်၊ စက်တင်ဘာတွင်  ၁၃၂၄ -၁၃၆၂ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇-၁၃၄၀ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ် ဖြစ်သည်။ ဧပြီတွင် ကျပ် ၁၆၀၀ ဝန်းကျင်၊ မေတွင် ကျပ် ၁၆၉၀ ဝန်းကျင်၊ ဒီဇင်ဘာ ၂၅ ရက်တွင် ၁၇၈၆ ကျပ်ဝန်းကျင် ရောက်ရှိခဲ့ သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နိုင် ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်  ဝန်းကျင်၊ ဖေဖော်ဝါရီ ၅ ရက်တွင် တစ်ဒေါ် လာ ကျပ် ၁၉၀၀ ကျော်အထိ မြင့်တက်ခဲ့ သည်။ မတ် ၂ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ကျပ်ဝန်းကျင်သို့ ပြန် လည် ကျဆင်းခဲ့ပြီးနောက်  ဧပြီ ၇ ရက်တွင် တစ်ဒေါ်လာ ၁၈၅၅ ကျပ်ဝန်းကျင်သို့ ပြန် လည်မြင့်တက်ခဲ့သည်။

မေ ၃ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ် ဒေါ်လာ ၁၈၅၅ ကျပ် ဝန်းကျင်၊ ဇွန် ၇  ရက် တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ်ဝန်းကျင် ရှိခဲ့သည်။

ဗဟိုဘဏ် သတ်မှတ်သည့် နိုင်ငံခြား  ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ်၂၁၀၀ ဖြစ် သော်လည်း  ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်တွင်  ပြင်ပစျေးကွက်အတွင်း  နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၂၆၀၀ ဝန်းကျင်၊ ယင်း နောက် ဒေါ်လာငွေလဲနှုန်း တဖြည်းဖြည်းမြင့် တက်ခဲ့ရာ အချို့ရက်များတွင် ကျပ် ၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း စျေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည် ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်သော်လည်း ပြင်ပစျေး ကွက်တွင် ၂၀၂၂ ခုနှစ် သြဂုတ် ၂၅ ရက်က တစ်ဒေါ် လာလျှင် ကျပ် ၃၀၄၀ ဝန်းကျင်၊ သြ ဂုတ် ၂၆ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၁၁၀ ဝန်းကျင်ရှိခဲ့ပြီး ဗဟိုဘဏ်သတ်မှတ် သည့်စျေးနှင့် ပြင်ပပေါက်စျေးကြား တစ်ဒေါ် လာလျှင် ကျပ် ၁၀၀၀ ခန့် ကွာဟခဲ့သည်။ ယင်းနောက် ဒေါ်လာစျေး တဖြည်းဖြည်း ပြန်လည် ကျဆင်းလာခဲ့ပြီး တစ်ဒေါ်လာလျှင် ကျပ်  ၂၆၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့သည်။

၂၀၂၃ ခုနှစ် ဇွန် ၆ ရက်တွင် ပြင်ပစျေး ကွက်အတွင်း တစ်ဒေါ်လာ ၂၉၂၅ ကျပ် ဝန်း ကျင်ရှိခဲ့ပြီး ဇွန် ၂၀ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၂၉၇၀ ဝန်းကျင်ရှိခဲ့သည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို  အမေရိကန်ပြည်ထောင်စုက အရေးယူ သတ်မှတ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ပြည်တွင်းစျေးကွက်အတွင်း ဒေါ် လာဝယ်ရခက်ခဲသွားပြီး နိုင်ငံခြားငွေလဲနှုန်းလည်း တစ်ဒေါ်လာ ၃၀၀၀ ကျော်အထိ မြင့် တက်လာခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်း ဝယ်သူများထံမှ သိရသည်။

“အရင်ကဆို Money changer တွေ မှာ ဒေါ်လာဝယ်ရင် ပေါက်စျေးအတိုင်း ဝယ် ရုံပဲ။ အခုဆို ဘာအတွက်ဝယ်မှာလဲ။ အသစ် မရှိဘူး။ နည်းနည်းနွမ်းတဲ့ဟာတွေပဲ ရှိတယ် ဆိုပြီး  ပြောလွှတ်တာတွေရှိတယ်။ ကျွန် တော်က ပြည်ပကို ရက်ပိုင်းလောက် ခရီး တစ်ခုသွားစရာရှိလို့ ဒေါ်လာ ၅၀၀ လောက် ပဲ လိုချင်တာဆိုမှ ထုတ်ရောင်းပေးတယ်။ ၂၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ဝယ်တာ။ အဲဒီတုန်းက တစ်ဒေါ်လာ ၂၉၅၅ ကျပ်စျေးနဲ့ ရောင်းပေးလိုက်တယ်။ နောက် ရက်မှာ နည်းနည်းပါးပါးပေါ့။ ၂၀၀ လောက် ထပ်ဝယ်ချင်လို့ ဖုန်းဆက်မေးတာ ဖုန်းတွေ မကိုင်ဘူး။ အဲဒါနဲ့ ဆိုင်အထိ သွားမေးတော့ အရောင်း ခဏပိတ်ထားတယ်တဲ့။ အပြင် စျေးက ၃၀၅၀ စျေး။ Money changer တွေမှာက စျေးကိုမဖွင့်တော့တဲ့အခြေအနေ ဖြစ်သွားသေးတယ်”ဟု ပြည်ပသို့ ခရီးသွား ရန် စီစဉ်နေသူတစ်ဦးက ပြောကြားသည်။

အချို့သောငွေလဲကောင်တာများတွင် မူ ဒေါ်လာရောင်းချမှုမရှိဘဲ ပြန်လည်ဝယ်ယူ မှုများပင်ရှိနေကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ပြောကြားခဲ့သည်။ “ငွေလဲကောင် တာတစ်ခုမှာ သွားဝယ်တာ။ သူတို့က အ ရောင်းပိတ်ထားပြီး ပြန်ဝယ်နေသေးတယ်။  အပြင်မှာတော့ စျေးအမျိုးမျိုးခေါ်နေကြ တာ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယင်းသို့ အမေရိကန်က ပြည် တွင်းရှိ နိုင်ငံပိုင်ဘဏ်နှစ်ခုအပေါ် အရေးယူ ပိတ်ဆို့မှုသည် ပြည်တွင်းရှိ အထည်ချုပ်လုပ် ငန်းများ၊ လေကြောင်းလိုင်းများ၊ ခရီးသွား လုပ်ငန်းများ စသည်ဖြင့် ပြည်ပနှင့်ဆက်နွှယ် ၍ လုပ်ကိုင်နေရသော စီးပွားရေးလုပ်ငန်း များကို ထိခိုက်မှုများ ရှိလာနိုင်ကြောင်း စီး ပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ကြ သည်။     

■  အွန်လိုင်းတွင် ဖော်ပြနေသည့်စျေးနှုန်းများ တရားမဝင်ကြောင်း ကြေညာ         



နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဗဟိုဘဏ်က ဦးဆောင်ကာ ဘဏ်များနှင့် customer များ အချင်းချင်းအကြား ရောင်း ဝယ်သည့် online trading အစီအစဉ်ကို ဇွန် ၂၂ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ဒေါ်လာ ၆ ဒသမ ၈၉ သန်းကို တစ်ဒေါ်လာ ကျပ် ၂၉၂၀/၂၉၂၂ ဖြင့် ဘဏ်ခြောက် ဘဏ်သို့ ရောင်းချကာ အွန်လိုင်းတွင် ဖော်ပြ နေသည့်စျေးနှုန်းများ တရားမဝင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာ လိုက်သည်။နိုင်ငံခြား ငွေကြေးစျေးကွက်အတွင်း ဗဟိုဘဏ်က ဦးဆောင်ပြီး AD လိုင်စင်ရ ဘဏ်များနှင့် customer များအကြားနှင့် customer အချင်းချင်းအကြား ရောင်းဝယ် ခြင်းကို online trading အစီအစဉ်ဖြင့် ဇွန် ၂၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း မြန် မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ် ပြန်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် AD လိုင်စင်ရ ဘဏ်အချင်းချင်းအကြား၊ AD လိုင်စင်ရ ဘဏ်နှင့် customer များ အကြား ရောင်းဝယ်သည့် နိုင်ငံခြားငွေကြေး စျေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၃ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့သည်။

AD လိုင်စင်ရဘဏ်အချင်းချင်းအ ကြား နိုင်ငံခြားငွေရောင်းဝယ်ခြင်းကို  international dealing platform တစ်ခုဖြစ် သော refinitv platform ဖြင့် ဆောင်ရွက် လျက်ရှိသည်။ AD  လိုင်စင်ရဘဏ်များနှင့် customer များအကြား နိုင်ငံခြား ငွေရောင်း ဝယ်ရာတွင် online ဖြင့် ရောင်းဝယ်နိုင်ရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စီစဉ် ဆောင်ရွက်လျက်ရှိသည်။

၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်တွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ဦးဆောင်ပြီး AD လိုင်စင်ရဘဏ်များနှင့် customerများ အ ကြားနှင့် customer အချင်းချင်းအကြား ရောင်းဝယ်ခြင်းကို online trading အစီ အစဉ်ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။  ကနဦးအနေဖြင့် AD လိုင်စင်ရ ဘဏ် ခြောက်ဘဏ်က ပါဝင်ဆောင်ရွက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မြောက်သည့်ပမာဏ မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၉ သန်းနှင့် ငွေလဲလှယ်နှုန်းမှာ ကျပ် ၂၉၂၀ /၂၉၂၂ ဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်  လည်း USD SWAP Financing  နှင့်ရောင်း ချခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး ပမာဏမှာ ဒေါ်လာ ၁ ဒသမ၂ သန်း ဖြစ်သည်။ online trading အစီအစဉ်တွင်  ရောင်းဝယ်ခဲ့သော ငွေလဲလှယ်နှုန်းသည် စျေးကွက်ပေါက်စျေးဖြစ်သဖြင့် အခြားနေ ရာများ social media အပါအဝင်) တွင် ဖော်ပြနေသည့် ငွေလဲလှယ်နှုန်းများသည် တရားမဝင်ကြောင်း အသိပေးပါသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

 

■ MFTB နှင့် MICB တို့ကို  စီးပွားရေးပိတ်ဆို့မှုသည် ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းရာတွင် မလိုလားအပ်သည့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေနိုင်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား     

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို စီးပွားရေး ပိတ်ဆို့ကန့်သတ် မှု စာရင်းတွင် ထည့်သွင်းရန်ဆောင်ရွက်ခြင်း သည် ပါတီစုံ ဒီမိုကရေစီစနစ် လျှောက်လှမ်း ရာတွင် မလိုလားအပ်သည့် နှောင့်နှေးကြန့် ကြာမှုများဖြစ်စေနိုင်ကြောင်း နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ အမေရိကန်နိုင်ငံအနေနှင့် မြန်မာ့နိုင်ငံ ခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ် (MICB) တို့ကို စီးပွားရေး ပိတ်ဆို့ကန့် သတ်မှုစာရင်းတွင် ထည့်မည်ဆိုသော သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက အထက်ပါအတိုင်း ထည့်သွင်း ဖြေ ကြားထားခြင်းဖြစ်သည်။ 

“အမေရိကန်ပြည်ထောင်စုအနေနဲ့က ဒီလိုမျိုး ဆောင်ရွက်ခြင်းဟာ စီးပွားရေးအရပေါ့။ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်အောင်လို့ လုပ်ဆောင်ခြင်းဖြစ်တယ်။ ကျွန်တော် မေးခွန်းထုတ်ချင်တာက သူတို့အနေနဲ့ နိုင်ငံသူ နိုင်ငံသားတွေအားလုံး လိုလားတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်၊ ပြီးရင် ကျွန်တော်တို့ သွားမယ်ဆိုတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ် ကို အခြေခံတဲ့ ပြည်ထောင်စုကို သွားမယ်လို့ အတိအလင်းပြောထားတာကို ဒီဟာနဲ့ပတ် သက်ပြီး အခက်အခဲဖြစ်အောင် ဆောင်ရွက်နေတာပဲဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ မြင်တယ်။ ဒီလိုမျိုးလုပ်ကိုင်ခြင်းဟာ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ လိုလားနေ တဲ့ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းတဲ့ နေရာမှာ မလိုလားအပ်တဲ့ နှောင့်နှေးကြန့် ကြာမှုတွေ ဖြစ်စေနိုင်တယ်လို့ပဲ ကျွန်တော် တို့ မြင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူး သန်းရောင်းဝယ်ရေးဘဏ်(MICB) တို့သည် နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံပိုင် ဘဏ်များအနေဖြင့်လည်း ဘဏ်လုပ်ငန်း များ ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်း များနှင့်အညီ  စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းဘဏ်များသည် အမေရိကန် နိုင်ငံ အခြေစိုက်ဘဏ်များ၊ ဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်နေ ခြင်းမရှိသောကြောင့် ငွေကြေးဆုံးရှုံးမှု မရှိ နိုင်ဘဲ နိုင်ငံခြားငွေနှင့်ကုန်သွယ်ငွေပေးချေ မှုဝန်ဆောင်မှုများကို စနစ်တကျ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ”မိဘပြည်သူ တွေကို အသိပေးလိုတာကတော့ အဲဒီထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဘဏ် နှင့် ဆက်သွယ်ဆောင်ရွက်နေတဲ့ မိဘပြည် သူတွေအနေနဲ့ စိုးရိမ်ကြောင့်ကြပူပန်မှုမရှိဖို့ အသိပေးလိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ဘဏ်တစ်ဘဏ်တည်းက ဆောင်ရွက်နေတာ မဟုတ်ဘူး။ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ၊ နိုင်ငံခြားဘဏ်များရဲ့ ဘဏ်ခွဲတွေက လည်း ဆောင်ရွက်ပေးလျက်ရှိတယ်”ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ နိုင်ငံခြားသုံးငွေများ လွှဲပြောင်း ခြင်း၊ ပေးပို့ခြင်း၊ လက်ခံခြင်းကိစ္စများ၊ ပို့ ကုန်/ သွင်းကုန်ကိစ္စများ၊ အလုပ်သမား၊ သင်္ဘောသားလုပ်ခလစာ လွှဲပို့ခြင်း ကိစ္စရပ်များကိုဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။ 

ဗိုလ်ချုပ်ဇော်မင်းထွန်းက “သူတို့ ဘာကြောင့် ဆောင်ရွက်ရတာလဲဆိုတာလေ့လာ ကြည့်တဲ့အခါမှာ သူတို့ရဲ့စွပ်စွဲချက်ပေါ့။ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားငွေဝင်ရောက် မှု ကန့်သတ်ဖို့ပေါ့။ ဒီအတွက်ရည်ရွယ်ပြီး လုပ်တယ်ဆိုပြီးတော့ ကျွန်တော်တို့ပြောတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့က ခုနကပြောတဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်မှာပဲ ရပ် တည်တယ်။ နိုင်ငံရေးမူဝါဒအနေနဲ့ နိုင်ငံရေး ရည်မှန်းချက်အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့ အမြဲတမ်းပြောကြားခဲ့တယ်။ စစ်မှန် စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ကို ခိုင်ခိုင်မာမာ အာမခံထားတယ်။ နောက် တစ်ချက် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ခိုင်ခိုင်မာမာ ကျွန်တော်တို့ အာမခံထားတယ်။ ဒီဟာကိုပဲ ကျွန်တော်တို့သွားမယ်လို့ ပြောပြီးသားဖြစ်တယ်” ဟု ပြောကြားသည်။ 

ဒေါ်လာစျေးကစားသူူ လူပုဂ္ဂိုလ် ၅၀ ကျော်နှင့် ကုမ္ပဏီတစ်ခုကိုဖော်ထုတ်အရေးယူခဲ့ခြင်း

ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရွှေဆိုင်အချို့ တွင် ပြည်ပနှင့်တရားမဝင်ငွေလွှဲပေးပို့ခြင်းလုပ်ငန်းဆောင်ရွက်သူများနှင့် ဒေါ်လာစျေး ကစားသူများ၊ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူ လူပုဂ္ဂိုလ် ၅၀ ကျော်နှင့် ကုမ္ပဏီတစ်ခုကိုဖော်ထုတ်အရေးယူခဲ့ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန် ၂၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

‌ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီ ၏ကြီးကြပ်မှုဖြင့် စောင့်ကြည့်ကြီးကြပ်စစ် ဆေးရေးအဖွဲ့နှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့တို့သည် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် နိုင်ငံခြား ငွေ လဲလှယ်နှုန်း စျေးကစားသူများ၊ တရား မဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူများနှင့် တရားမဝင် နိုင်ငံခြားငွေ လွှဲပြောင်းသူများကို အောက်ပါအတိုင်း စိစစ်ဖော်ထုတ်အရေးယူ ခဲ့သည်။ 

၎င်းတို့မှာ မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင် များနှင့် ရွှေသန့်စင်လုပ်ငန်းအချို့ကို သွား ရောက်စစ်ဆေးပြီး ပြည်ပနှင့် တရားမဝင်နိုင် ငံခြား ငွေလွှဲပို့ခြင်းလုပ်ငန်းများ ဆောင်ရွက် ကြောင်း သံသယဖြစ်ဖွယ်အထောက်အထား များကို စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင်  ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်မရှိဘဲ ငွေလွှဲလုပ်ငန်း ဆောင်ရွက်ကြောင်း သံသယဖြစ်ဖွယ်အ ထောက်အထားများကို စစ်ဆေးတွေ့ရှိရ သော လူပုဂ္ဂိုလ် ၅၁ ဦးနှင့် ကုမ္ပဏီတစ်ခုကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

အင်တာနက်နှင့် ဆိုရှယ်မီဒီယာများ ပေါ်ရှိ အွန်လိုင်းလောင်းကစားခြင်းများအတွက် တရားမဝင်ငွေလွှဲခြင်း၊ ငွေလွှဲလက်ခံ ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သံသယဖြစ် ဖွယ် အထောက်အထားများကို စစ်ဆေး တွေ့ရှိရသော လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီနှစ် ခုအား သက်ဆိုင်ရာဥပဒေများ နှင့်အညီ အ ရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်။ယင်းကဲ့သို့ အရေးယူဆောင်ရွက်ခြင်း များအပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းစျေးကစားပြီး  မဟုတ်မမှန်သောနည်းလမ်းဖြင့် အကျိုးအမြတ် ရယူရန်ဆောင်ရွက်ခြင်း၊ တ ရားမဝင် နိုင်ငံခြားငွေလဲလှယ်ခြင်း၊ တရား မဝင် ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်ရှာဖွေဖော်ထုတ်ကာ ငွေကြေး  ခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံး ငွေ စီမံခန့်ခွဲမှုဥပဒေနှင့် ဆက်စပ်ပြဋ္ဌာန်းချက် များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ  သိရသည်။

နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း online trading အစီအစဉ်ဖြင့် အရောင်းအဝယ်ဆောင်ရွက်မှုအနေဖြင့် ၂၃-၆-၂၀၂၃ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က  ဦးဆောင်ပြီး AD လိုင်စင်ရ ဘဏ်များနှင့် customer များအကြားနှင့် customer အချင်းချင်းအကြား ရောင်းဝယ်ခြင်းကို online trading အစီအစဉ်ဖြင့် စတင်ဆောင် ရွက်ခဲ့ပါသည်။ AD လိုင်စင်ရဘဏ်များမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး အရောင်းအဝယ်ဖြစ် မြောက်သည့်ပမာဏမှာ စုစုပေါင်း အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၈၁ သန်းနှင့် ငွေလဲ လှယ်နှုန်းမှာ ကျပ် ၂၉၂၀/၂၉၂၂ ဖြစ်ပါ သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လည်း USD SWAP financing နှင့် ရောင်း ချခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး ပမာဏမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၅ သန်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

 

Most Read

Most Recent