ပို့ကုန်ဝင်ငွေနှင့်အခြားဝင်ငွေဝင်ရောက်မှုများကို စိစစ်ရန်လိုအပ်သဖြင့် နယ်စပ်မှ သွင်းကုန်လိုင်စင် လျှောက်ထားမှုအားလုံးကို Non-Automatic Licensing စနစ်ဖြင့်သာ ခွင့်ပြုမည်

ပို့ကုန်ဝင်ငွေနှင့်အခြားဝင်ငွေဝင်ရောက်မှုများကို စိစစ်ရန်လိုအပ်သဖြင့် နယ်စပ်မှ သွင်းကုန်လိုင်စင် လျှောက်ထားမှုအားလုံးကို Non-Automatic Licensing စနစ်ဖြင့်သာ ခွင့်ပြုမည်
မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 22 June 2023

ပို့ကုန်ဝင်ငွေနှင့် အခြားဝင်ငွေဝင် ရောက်မှုအထောက်အထားများကို စိစစ်ရန် လိုအပ်သဖြင့် နယ်စပ်မှ သွင်းကုန်တင်သွင်းမှုတွင် သွင်းကုန်လိုင်စင်လျှောက်ထားမှုအားလုံးကို Non-Automatic Licensing စနစ်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပြည်ပမှတင်သွင်းခြင်းအတွက် စနစ်ဖြင့် ခွင့်ပြုမည့်ကုန် စည်လိုင်းများ ပြင်ဆင်သတ်မှတ်ခြင်းနှင့် နယ်စပ်ဒေသမှ သွင်းကုန်များအတွက် Automatic Licensing စနစ်ဖြင့် လျှောက်ထားရန်ကိစ္စတို့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ(၉/၂၀၂၃)ကို ၂၀၂၃ ခုနှစ် ဇွန် ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

Myanmar Tradenet2.0 တွင် ပြည်ပမှသွင်းကုန်များအား Automatic Licensing စနစ်နှင့် Non-Automatic Licensing စနစ်တို့ဖြင့် လိုင်စင်လျှောက်ထားရန် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၈/၂၀၂၃)ဖြင့် ကြေညာထားသည်။

အဆိုပါသတင်းလွှာအရ ပင်လယ်ရေကြောင်းမှ တင်သွင်းမည့်ကုန်စည်များအနက် နိုင်ငံ၏လိုအပ်ချက်အရ ကုန်စည်လိုင်း ၁၅၂၅ လိုင်းအား Automatic Licensing စနစ်ဖြင့် ခွင့်ပြုသွားမည်ဖြစ်သည်။ ယခင်က သွင်းကုန်လိုင်စင်မလိုသော ကုန်စည်များအနက် Non-Automatic Licensing စနစ်ဖြင့် လျှောက်ထားရန် ပြင်ဆင်သတ်မှတ်သည့် ကုန်စည်လိုင်းများကို ပင်လယ်ရေကြောင်းမှ တင်သွင်းမှုအတွက် ယခုသတင်းလွှာ ထုတ်ပြန်သည့်နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ ပြည့်မြောက်ပြီးပါက လိုင်စင်ရရှိပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။

နယ်စပ်ဒေသမှ တင်သွင်းမှုများတွင် ပို့ကုန်ဝင်ငွေနှင့်အခြားဝင်ငွေဝင်ရောက်မှုအထောက်အထားများကို စိစစ်ရန်လိုအပ်သဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားမှုအားလုံးကို Non-Automatic Licensing စနစ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်သည်။ ယခင်က သွင်းကုန်လိုင်စင်မလိုသောကုန်စည်များအနက် Non-Automatic Licensing စနစ်ဖြင့် လျှောက်ထားရန် ပြင်ဆင်သတ်မှတ်သည့် ကုန်စည်များကို နယ်စပ်ဒေသမှတင် သွင်းမှုအတွက် ယခုသတင်းလွှာထုတ်ပြန် သည့်နေ့မှစ၍ ရက်ပေါင်း ၃၀ ပြည့်မြောက် ပြီးပါက လိုင်စင်ရရှိပြီးမှာသာ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

Automatic Licensing စနစ်နှင့် Non-Automatic Licensing စနစ်တို့ဖြင့် သွင်းကုန်လိုင်စင်ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ်လကုန်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီ လျံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀ ဒသမ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ ၃ ဒသမ ၅၇၃ ဘီလျံကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ဒေါ်လာ ၁၆ ဒသမ ၅၇၅ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ဘီလျံ ပိုမိုတင်ပို့ခဲ့သည်။ ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်း သည့် သွင်းကုန် ဒေါ်လာ ၁၇ ဒသမ ၃၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဒသမ ၄၈၉ ဘီလျံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။     

Most Read

Most Recent