ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီသုံးပါတီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပ‌ဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို UEC က ကြည့်ရှုစစ်ဆေး

ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီသုံးပါတီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပ‌ဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို UEC က ကြည့်ရှုစစ်ဆေး
Published 20 June 2023

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီသုံးပါတီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပ‌ဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးစိုးဦး၊ ဦးအောင်မိုးမြင့်တို့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ် ဧပြီ ၂၀ ရက်တွင် မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းနှင့် ရွှေပြည်တော်ဝင်လမ်းထောင့် အကွက်အမှတ် (၅) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဇွန် ၁၉ ရက်တွင် ပါတီဌာနချုပ်၌တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌများက ဖြည့်စွက်တင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား တစ်သိန်းပြည့်မီရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်၌ ပါတီရုံးခန်းဖွင့်လှစ်ရန်၊ ပါတီအလံနှင့် ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်သွားရန်၊ ပါတီ၏ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို ညွှန်ကြားချက်နှင့်အညီ ရေးဆွဲဆောင်ရွက်သွားရန်၊ ပါတီဝင်များ ကိုင်ဆောင်ထားသည့် သုံးခေါက်ချိုး အမျိုးသား မှတ်ပုံတင် ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်များနှင့် အစားထိုးလဲလှယ်နိုင်ရေး သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနများနှင့် ဆက်သွယ်‌ဆောင်ရွက်သွားရန်၊ အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပမည့် ရွေးကောက်ပွဲများတွင် မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံရပြီး နိုင်ငံတော်၏ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အစည်းအဝေးခန်းမ၊ ဥက္ကဋ္ဌရုံးခန်း၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ ရုံးခန်းများ၊ စာကြည့်တိုက်၊ ပါတီဝင်အင်အား စာရင်းများထားရှိသည့် မှတ်တမ်းဌာနနှင့် သင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အဖွဲ့ဝင် ဦးမြင့်ဦး၊ ဦးခင်မောင်ဦးတို့နှင့်အတူ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ရရှိပြီးသော ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) နှင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီတို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ဇွန် ၁၉ ရက် နံနက် ၈ နာရီခွဲတွင် လားရှိုးမြို့ နယ်မြေခံတပ်ဧည့်ရိပ်သာ၌ တွေ့ဆုံပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်း စုဆောင်းရမည့် ပါတီဝင်အင်အားနှင့် ဖွင့်လှစ်ရမည့် ပါတီရုံးခန်းများကိုအချိန်မီပြီးစီးအောင် စနစ်တကျဆောင်ရွက်ရေး၊ ပါတီရုံးခန်း ဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်နှင့် ပါတီအလံများ စိုက်ထူခြင်းတို့ကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရေး၊ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီအဖြစ် တည်ဆောက်ရေးနှင့် အချိုးကျကိုယ်စားပြု စနစ်ဖြင့် ကျင်းပမည့်ရွေးကောက်ပွဲများတွင် မိမိတိုင်းရင်းသားဒေသများအလိုက် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ယခင်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမှုများကို သုံးသပ်ပြီး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အတည်ပြုပြဋ္ဌာန်းပြီးပါက နိုင်ငံရေးပါတီများက ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်ရေး၊ မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းစဉ်များတွင်လည်း နိုင်ငံရေးပါတီများကို ပူးပေါင်းဆောင်ရွက်ခွင့်ပြုမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရှိရေး မှာကြားရာ သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) ကို ရှမ်းပြည်နယ် လားရှိုးမြို့ ရပ်ကွက် (၁၂) နယ်မြေ(၁၉) မန်ဆူရှမ်း ကျောင်းနောက် ဟူးမွန်လမ်း အမှတ်(ဌ/၁၉/၇၆၄) တွင် ပါတီဌာနချုပ်ရုံး ဖွင့်လှစ်ထားရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် မေ ၁၆ ရက်စွဲပါ ကြေညာချက်အမှတ် (၂၁/၂၀၂၃) ဖြင့် လည်းကောင်း၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီကို ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့ တုံချန်ရပ်ကွက်(၁) ကြည်ရှန်လမ်းတွင် ပါတီဌာနချုပ်ရုံးဖွင့်လှစ်ထားရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် မေ (၃၀) ရက်စွဲပါ ကြေညာချက်အမှတ်(၂၄/၂၀၂၃) ဖြင့်လည်းကောင်း မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent