တောင်သူတစ်ဦး အများဆုံးကျပ်သိန်း ၇၀၀ ထုတ်ချေးမည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေနှင့် ဝမ်တိန်ဂိုဒေါင်တွင်ရှိသည့် နှမ်းနှင့် ပဲမျိုးစုံကို တရုတ်အစိုးရက ချိပ်ပိတ်ထားသဖြင့် နိုင်ငံတော်က ကူညီဆောင်ရွက်ပေးရန် တောင်းဆိုနေကြသည့် မြန်မာကုန်သည်များ

တောင်သူတစ်ဦး အများဆုံးကျပ်သိန်း ၇၀၀ ထုတ်ချေးမည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေနှင့် ဝမ်တိန်ဂိုဒေါင်တွင်ရှိသည့် နှမ်းနှင့် ပဲမျိုးစုံကို တရုတ်အစိုးရက ချိပ်ပိတ်ထားသဖြင့် နိုင်ငံတော်က ကူညီဆောင်ရွက်ပေးရန် တောင်းဆိုနေကြသည့် မြန်မာကုန်သည်များ
တောင်သူတို့၏ လယ်ယာလုပ်ငန်းခွင်ကို တွေ့ရစဉ်
တောင်သူတို့၏ လယ်ယာလုပ်ငန်းခွင်ကို တွေ့ရစဉ်
Published 4 June 2023

ဆန်စျေးကွက်အတွင်း စျေးကွက် ကမောက်ကမ မဖြစ်စေရန် ဆန်တန်ချိန် ၅၀၊ စပါးတင်း ၅၀၀၀ ထက်ပိုမိုသိုလှောင်မည်ဆိုပါက သိုလှောင်ရုံ မှတ်ပုံတင်စနစ်ပြုလုပ်ရမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

ဒေါ်လာနှင့် ရွှေစျေးကွက်ကို စျေးကစားခြင်းမရှိရန် အစိုးရက ကိုင်တွယ်ပြီးနောက် ဆန်စပါးနှင့် ပဲစျေးကွက်သို့ လာရောက်ရင်းနှီးမြုပ်နှံမှုများ ရှိလာကြောင်း၊ ယင်းကြောင့် စျေးကွက်ကမောက်ကမ မရှိစေရန် သိုလှောင်ရုံမှတ်ပုံတင်စနစ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“သိုလှောင်ရုံမှတ်ပုံတင်စနစ်ကိုလုပ်ခြင်းအားဖြင့် ကိုယ့်ပြည်တွင်းမှာ ဘယ်လောက်သိုလှောင်ထားတယ်ဆိုတာ ကိန်းဂဏန်းအချက်အလက် ခိုင်ခိုင်မာမာသိနိုင်သလိုသိုလှောင်တဲ့သူတွေရဲ့ မှန်မှန်ကန်ကန်လုပ်တဲ့ အနေအထားပေါ်မှာ ကူညီပေးလို့ရသလို ရည်ရွယ်ချက်ရှိရှိနဲ့ ကမောက်ကမဖြစ်အောင် လုပ်တဲ့သူတွေကို ဟန့်တားနိုင်တယ်၊ တားဆီးနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့သိုလှောင်ရုံ မှတ်ပုံတင်တဲ့စနစ်ကို စပြီးတော့လုပ်ပါမယ်။ ဒီဟာကို ကျွန်တော်တို့ ဆောင်ရွက်တဲ့ အခါကျရင် ဆန်တန်ချိန် ၅၀၊ စ ပါးတင်း ၅၀၀၀၊ အဲဒီထက်ပိုပြီး သိုလှောင်မယ်ဆိုရင် မှတ်ပုံတင်လိုပါတယ်။ ဒါကိုဆောင်ရွက်ဖို့ စီစဉ်နေတဲ့အနေအထားဖြစ်ပါတယ်။ တောင်သူတွေ သိုလှောင်မှု၊ ရိက္ခာချန်ထားမှုတွေနဲ့တော့ မဆိုင်ပါဘူး။ ဆန်စက်၊ ဆန်ကုန်သည်၊ ဆန်အရောင်းဆိုင်တွေနဲ့ လုပ်ငန်းရှင်တွေရဲ့ သိုလှောင်မှုကိုသာ မှတ်ပုံတင်မှာ ဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်ကဆိုသည်။

ဆန်စျေးကွက်အတွင်း စျေးနှုန်းများမြင့်တက်စေရန်နှင့် ပြည်သူကို သတင်းအမှားပေးနေခြင်းများ ရှိနေပြီး ဆန်ပြတ်လပ်ခြင်းမရှိကြောင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

“ဆန်စျေးနှုန်း မြင့်တက်နေတဲ့အပေါ်မှာ အကြောင်းအရာက သုံးခုလောက်ရှိတယ်။ အဓိကကလှောင်လက်တွေများတယ်။ စျေးကို တက်အောင်လုပ်ပြီးမှ ထုတ်ရောင်းတာဖြစ်တယ်။ ဒီဟာတွေကို ကျွန်တော်တို့က စိစစ်ဖော်ထုတ်ပြီးဆောင်ရွက်ဖို့ရှိပါတယ်။ လူမှုကွန်ရက်တွေကနေပြီးတော့ မှန်တဲ့သတင်းတွေ တင်ပြနေတာရှိသလို လွဲမှားနေတဲ့သတင်းတွေ၊ သူတို့ရဲ့ရည်ရွယ်ချက်ကို အားပေးနေတဲ့သတင်းမျိုးတွေကို တားဆီးဖို့ရှိပါတယ်”ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

စျေးကွက်အတွင်း ဆန်စျေးနှုန်းများ မြင့်တက်လာခြင်းမှာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အချို့ဆန်စက်များ လည်ပတ်မှုနည်းလာခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဆန်အဝင် မရှိပါဘူးဆိုတာတွေ၊ ဆန်အဝင်မရှိပါဘူးဆိုတော့ ပြည်သူလူထုက စိုးရိမ်တာပေါ့။ ဆန်ပြတ်လပ်သွားရင် ဘယ်လိုလုပ်မလဲဆိုပြီးဖြစ်ကြတာ။ အမှန်ကမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ စပါးက လုံလုံလောက်လောက်ရှိပါတယ်။ လျှပ်စစ်မီးက အချိန်ကန့်သတ်ချက်နဲ့ပဲ ရတဲ့အခါကျတော့ ဆန်စက်တွေက လည်ပတ်ရတဲ့အချိန်နည်းတယ်။ မီးစက်နဲ့လည်ရတဲ့အခါကျတော့ စျေးကြီးတယ်။ ဒီအပေါ်မှာ နည်းနည်းအခက်အခဲရှိတဲ့အတွက် ဆန်အဝင်က နည်းကောင်းနည်းနိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဖူလုံမှု၊ ပိုလျှံမှုက အမှန်တကယ်ရှိတာဖြစ်လို့ စိုးရိမ်ဖို့မလိုအပ်ပါဘူး” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

ဆန်စျေးနှုန်းများမှာ အချို့ဆန်များတွင် ရာခိုင်နှုန်း ၃၀ မြင့်တက်ပြီး အချို့ဆန်များတွင် ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

“လက်ရှိဆန်စျေးနှုန်းတွေကို ကြည့်မယ်ဆိုရင် မနှစ်ကထက် ဒီနှစ်ဆန်စျေးနှုန်းတွေဟာ တချို့ဆန် အမျိုးအစားတွေမှာ ၃၀ ရာခိုင်နှုန်း လောက်တက်တယ်။ တချို့ဆန်အမျိုးအစားတွေမှာဆို ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်အထိကို တက်သွားတယ်။ စက်ရုံအလုပ်ရုံဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေကို သက်သာတဲ့စျေးနဲ့ ဆန်ဖြန့်ဖြူးတဲ့အစီအစဉ်ကို လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အခုလည်းလုပ်ဆောင်နေပါတယ်၊ နောက်လည်း ဒီထက်တိုးချဲ့ပြီးလုပ်သွားဖို့ အစီအစဉ်တွေရှိပါတယ်” ဟု ဦးရဲမင်းအောင်က ဆက်လက်ပြောကြားသည်။

ပြည်တွင်းဖူလုံမှုရှိမှသာ ပြည်ပသို့ဆန်တင်ပို့ရမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်းကျော် တင်ပို့နိုင်ခဲ့သည်ဟု ဦးရဲမင်းအောင်၏ ပြောကြားချက်အရ သိရသည်။

တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံးကျပ်သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့တစ်ဖွဲ့အတွက် ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးမည်             

တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး ကျပ်သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့တစ်ဖွဲ့အတွက် ကျပ် သိန်း ၅၀၀၀ အထိ ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ်ငန်းသုံး ထွန်စက်ကြီး၊ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်များ ဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် အရင်းအနှီးလိုအပ်ချက်ရှိသူ တောင်သူများသို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများကို တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးလျက်ရှိသည်။

ချေးငွေပမာဏမှာ တောင်သူတစ်ဦးချင်းအတွက် အများဆုံး ကျပ်သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့ တစ်ဖွဲ့အတွက် အများဆုံးကျပ် သိန်း ၅ဝဝဝအထိ ရယူထုတ်ချေးနိုင်ပြီး တောင်သူစိတ်ကြိုက်ဝယ်ယူ လိုသည့် လယ်ယာသုံး စက်ကိရိယာများကို အရောင်းပြခန်းကုမ္ပဏီများထံတွင် ရွေးချယ်ဝယ်ယူနိုင်ကြောင်း၊ ချေးငွေပေးဆပ်ရာတွင် ထော်လာဂျီ၊ လက်တွန်းထွန်စက် ချေးငွေအတွက် သုံးနှစ်သုံးရစ်၊ အဆိုပါစက်များမှအပ ကျန်စက်ကိရိယာများအတွက် ငါးနှစ်ငါးရစ်ပေးဆပ်သည့်စနစ်ဖြစ်သည်။

ချေးငွေရယူလိုသော တောင်သူများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်၍ ချေးငွေအတွက် တင်သွင်းရမည့်အာမခံနှင့် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို စုံစမ်းမေးမြန်းပြီး ချေးငွေလျှောက်ထားရယူနိုင်သည်။

၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား ယခင်ချေးငွေအရင်း၊ အတိုးပါ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများသို့ မေ ၁၈ ရက်မှ စတင်ထုတ်ချေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကြေညာထားသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူများအနေဖြင့် အချိန်စေ့ ချေးငွေပြေကျေမှသာ (ယခင်ကြွေးကျန် ကင်းရှင်းမှသာ) ချေးငွေအသစ်ထုတ်ချေးခွင့် ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော အခြား နှစ်တို၊ နှစ်လတ်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ  ထုတ်ချေးခွင့်ရရှိမည်ဖြစ်သည်။

၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား ယခင်ချေးငွေ အရင်း၊ အတိုးများပါ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများသို့ မိုးရာသီ စိုက်ပျိုးချိန်အမီ ၂၀၂၃ ခုနှစ် မေ ၁၈ ရက်မှစတင်၍ ယခင်နှစ်နည်းတူ တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးမည်ဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်ဂိုဒေါင်တွင်ရှိသည့် မြန်မာကုန်သည်များ၏ နှမ်းနှင့် ပဲမျိုးစုံကို တရုတ်အစိုးရက ချိပ်ပိတ်ထား

မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်ဂိုဒေါင်၌ရှိသည့် နှမ်းနှင့် ပဲမျိုးစုံကို တရုတ်အစိုးရက ချိပ်ပိတ်ထားသည့်အတွက် မြန်မာကုန်သည်များက မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) တွင် မေ ၃၀ ရက်က ရှင်းလင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

“ရှင်းလင်းပွဲလုပ်ရတဲ့ ခေါင်းစဉ်က မြန်မာ  -တရုတ်နယ်စပ် ဝမ်တိန်ဂိုဒေါင်မှာရှိတဲ့ တရုတ်အစိုးရ  ချိပ်ပိတ်ထားသည့် နှမ်းနဲ့ပဲမျိုးစုံအတွက် မြန်မာကုန်သည်များက ရှင်းလင်းတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက တရုတ်ဘက်က အကျိုးဆောင်ကုမ္ပဏီတွေက အစိုးရက ဥပဒေနဲ့မညီဘူးဆိုပြီး မြန်မာကုန်သည်တွေရဲ့ကုန်ပစ္စည်းတွေ သိမ်းဆည်းတာပါ။ မန္တလေးပဲကုန်သည်တွေရဲ့ ပဲနှမ်းတွေ ချိပ်ပိတ်ခံထားရတယ်။ အကျိုးဆောင်ပေးတဲ့ကုမ္ပဏီတွေက သူတို့ရဲ့ကုန်တွေ မဟုတ်ဘူးဆိုပြီး ကိုယ်လွတ်ရုန်းသွားလို့ ပဲတွေက မြန်မာပြည်ကနေ တရားဝင်အခွန်ဆောင်ပြီး တရုတ်ဘက်က ဂိုဒေါင်မှာ သွားချထားတဲ့ကုန်တွေပါ။ ချိပ်ပိတ်ထားတဲ့ကုန်တွေက တရုတ်ကုန်သည်တွေရဲ့ ကုန်မဟုတ်ပါဘူး။ မြန်မာကုန်သည်တွေရဲ့ကုန်ပါ” ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

“မေ ၃၀ ရက်က ပြုလုပ်သည့် ရှင်းလင်းပွဲက တရုတ်မှာ သိမ်းဆည်းခံထားရတဲ့ ပဲနှမ်းတွေက မြန်မာပြည်ကနေ တရားဝင် အခွန် ဆောင်ထားတဲ့ ပဲနှမ်းတွေပါ။ တရားဝင်အခွန်ဆောင်ထားပြီး ဟိုဘက်မှာ ချိပ်ပိတ်ခံထားရတော့ နစ်နာမှုရှိတဲ့အတွက် ရှင်းလင်းတာပါ”ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးကဆိုသည်။

“တရုတ်ပြည်ဝမ်တိန်ဘက်မှာ ကိုဗစ်ကာလတုန်းက အဲဒီ ဘက်မှာ ဂိုဒေါင် ချရောင်းတာလေ။ အရင် တုန်းက မြန်မာဘက် ၁၀၅ မိုင်မှာ ရောင်းချကြတာ။ အခုနောက်ပိုင်း သရက်၊ ဖရဲ၊ သခွား အကုန်လုံးကို ဝမ်တိန်ဘက် ဂိုဒေါင်မှာချပြီး ဟိုဘက်က ကုန်သည်ကို ရောင်းချရတာပါ။ အခု ပဲတွေ နှမ်းတွေ ဟိုဘက် ဝမ်တိန်မှာရှိတဲ့ ဂိုဒေါင်ထဲက ပစ္စည်းတွေက မြန်မာကုန်သည်တွေပိုင်တာပါ။ မန္တလေးကုန်စည်ဒိုင်က ကုန်သည်တွေပိုင်တဲ့ ပဲနှမ်းတွေပေါ့။ တန်ချိန်တစ်သောင်းကျော်ရှိတယ်။ အဲဒါကို တရုတ်အစိုးရဘက်က မှောင်ခိုဝင်ရောက်တယ်ဆိုပြီး တားဆီးပိတ် ပင်ပြီး အကုန်လုံးကို လေလံပြန်ပစ်မယ်လုပ်နေလို့ အခုလို ရှင်းလင်းပွဲလုပ်တာပါ။ မြန်မာဘက်က လိုင်စင် တင်ပို့ခွင့်အကုန် တရားဝင်သွားထားတဲ့ကုန်တွေပါ။ တရုတ်ဘက်ကလည်း တရားဝင်စစ်ဆေးပြီးမှ ဂိုဒေါင်ထဲရောက်တဲ့ကုန်ပစ္စည်းတွေပါ။ ကုန်တွေက အခုချက်ချင်းရောင်းနေတဲ့ကုန်တွေမဟုတ်ဘူး။ ၂၀၂၂  ခုနှစ် ၁၂ လပိုင်း ကိုဗစ်ကာလတုန်းက ရောက်နေတဲ့ပစ္စည်းတွေပါ။ တရုတ်ဘက်က အခုမှထပြီး တရားမဝင်ကုန်တွေပါဆိုပြီး ပိတ်သိမ်းပြီး လေလံပစ်မယ်လုပ်နေလို့ နိုင်ငံတော်က ဒါကိုကူညီဆောင်ရွက်ပေးဖို့ ရှင်းလင်းပြတဲ့သဘောပါ” ဟု ၎င်းကပြောကြားသည်။

Most Read

Most Recent