သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကျွန်တော်တို့ အသင့်ရှိပါတယ် 

သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကျွန်တော်တို့ အသင့်ရှိပါတယ် 
Published 28 May 2023
ဘိုဘိုမြင့်

နေ့စဉ်လှုပ်ရှားရုန်းကန် ဖြတ်သန်းနေကြရတဲ့ လူမှုဘဝတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာကြရတဲ့ ယာဉ်မတော်တဆမှုတွေက စလို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာမျိုးစုံနဲ့ နောက်ဆုံးသဘာဝဘေးတွေအဆုံး ဖြစ်စဉ်ဖြစ်ရပ်တိုင်းမှာ အမြန်ဆုံးနဲ့ ပြည်သူတွေနဲ့ အနီးကပ်ဆုံး ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတဲ့သူတွေကတော့ ပရဟိတအရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေပဲဖြစ်ပါတယ်။

ယခင်က ရပ်ကွက်အလိုက် သာရေးနာရေးကူညီရေးအသင်းလေးတွေကစလို့ နောက်ပိုင်းမှာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဖြစ်တဲ့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အစရှိတဲ့ ဌာနဆိုင်ရာနဲ့ နိုင်ငံတကာအသိအမှတ်ပြုအသင်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်လာနိုင်သည်အထိအားကောင်းလာခဲ့ကြပါတယ်။

မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေသာမက သောက်သုံးရေလှူခြင်းတာတွေ၊ ဆင်းရဲနွမ်းပါးကြတဲ့ ပြည်သူတွေကို အလှူရှင်တွေကိုယ်စား ထောက်ပံ့လှူဒါန်းပေးတာမျိုးတွေအထိ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

ဒါ့အပြင်ကို ကိုဗစ်-၁၉ ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါကြီး ပြင်းပြင်းထန်ထန်ဖြစ်ပွားနေချိန်မှာလည်း ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့အနေနဲ့မိမိရဲ့အသက်ကို ပဓာဏမထားဘဲ စွမ်းစွမ်းတမံ လုပ်ဆောင်ပေးခဲ့ကြတာကိုလည်း တွေ့ရှိခဲ့ကြရပြီးဖြစ်ပါတယ်။

ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကြောင့် မြန်မာနိုင်ငံအတွင်းမှာ နှစ်စဉ်နှစ်တိုင်း သဘာဝဘေးအန္တရာယ် ကျရောက်လေ့ရှိပါတယ်။ မွန်ပြည်နယ်အတွင်းမှာလည်း ရေကြီးရေလျှံမှုတွေ၊ လေပြင်းကျရောက်မှုတွေ၊ မြေပြိုမှုတွေ အစရှိတဲ့ သဘာဝဘေးအန္တရာယ်က နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်ပွားနေပါတယ်။ ဒါ့အပြင်  ပူပြင်းခြောက်သွေ့လှတဲ့ နွေရာသီကြောင့် သောက်သုံးရေရှားပါးပြတ်မှုတွေကိုလည်း နှစ်စဉ်ကြုံတွေ့ကြရပါတယ်။

အဲဒီလို သဘာဝဘေးတွေကြုံတွေ့လေတိုင်း သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများနဲ့အတူ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေ၊ တစ်နည်း Rescue Team ကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေတာမျိုး တွေ့ရပါတယ်။

မွန်ပြည်နယ်အတွင်းမှာ သဘောဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နဲ့တစ်ပြေးညီ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နိုင်ဖို့အတွက်ကိုလည်း Rescue Team တွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားမှုတွေ လုပ်ဆောင်ထားကြတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ မော်လမြိုင်မြို့ပေါ်မှာရှိတဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့က ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကတည်းက သဘာဝဘေးအန္တရာယ်ပြန်လည်တုံ့ပြန်နိုင်ရေးအတွက်က စတင်ဆောင်ရွက်နေပါတယ်။ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ရမယ်ဆိုတဲ့အတွက်ကြောင့် ကယ်ဆယ်ရေးနဲ့ သယ်ယူရေးမော်တော်ယာဉ်တွေ၊ လှေတွေနဲ့ ရေပြင်ကယ်ဆယ်ရေးဆောင်ရွက်ရမယ့် ပစ္စည်းကိရိယာတွေကို တတ်နိုင်သလောက်လေး ကြိုတင်စုဆောင်းထားပြီးဖြစ်ပါတယ်။ ကျန် Rescue Team တွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ကြိုတင်ပြင်ဆင်စရာတွေရှိတာကို ပြင်ဆင်ဆောင်ရွက်ထားပါတယ်” လို့ ဘိုဘိုဝင်း Rescue Team က ကိုဘိုဘိုဝင်း ကပြောပါတယ်။

ထို့အတူ မော်လမြိုင်မြို့အခြေစိုက် ရာမညအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ကိုနေမျိုးအောင်ကလည်း “ကျွန်တော်တို့အသင်းအနေနဲ့က အကယ်၍ သဘာဝဘေးအန္တရာယ်ကျရောက်လာလို့ ရေပြင်ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရေးအတွက်ကို လှေတွေကို အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အပင်တွေဖြတ်တောက်နိုင်ဖို့အတွက်ကိုလည်း လွှစက်တွေကို အသင့်ထားရှိထားပါတယ်။ ကိုယ့်မှာရှိတဲ့ ပစ္စည်းကိရိယာတွေနဲ့တော့ အကောင်းဆုံးလုပ်ဆောင်နိုင် အောင်လို့ ကြိုတင် ပြင်ဆင်မှုတွေလုပ်ဆောင်ထားပါတယ်” လို့ ပြောပါတယ်။

အလားတူပါပဲ သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း “လာမယ့် မိုးရာသီကာလအတွင်းမှာ အကယ်၍များ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာခဲ့တယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနနဲ့ ချိတ်ဆက်ပြီးတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီအပြင်ကို တခြားသော Rescue Team တွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့အတွက်ကိုလည်း စီစဉ်ထားပြီးဖြစ်ပါတယ်” လို့ ပြောပါတယ်။

လာမည့် မိုးရာသီကာလအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရးအပိုင်းကို လုပ်ဆောင်နိုင်ရန် အတွက်ကို ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သထုံမြို့အခြေစိုက် အဖြူရောင်နှလုံးသားအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ကိုဥက္ကာထွန်း (ခ) မင်းသားကြီးက ဆိုပါတယ်။

“ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နိုင်ဖို့အတွက်ကို အဖွဲ့ဝင် ငါးဦး Stand-by ထားထားပါတယ်။ နောက်ပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နိုင်ဖို့ လှေတွေကိုလည်း စီစဉ်ထားပြီးဖြစ်ပါတယ်။ အကယ်၍ သဘာဝဘေးဒဏ်ကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးမှုတွေရှိခဲ့မယ်ဆိုရင်လည်း အဲဒီနေရာတွေမှာ အသုံးပြုနိုင်မယ့် စက်ကိရိယာတွေကိုလည်း စီစဉ်ထားပါတယ်။ နောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နိုင်ဖို့ မော်တော်ယာဉ်တစ်စီးနဲ့ လူနာတင်ယာဉ်တစ်စီးကိုလည်း Stand-by ထားထားပါတယ်” လို့ ကိုဥက္ကာထွန်း (ခ) မင်းသားကြီးက ဆက်ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်း သဘာဝအန္တရာယ်ကျရောက်ခဲ့မည်ဆိုပါက အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက်ကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ကျိုက်ထို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၎င်းက ဆက်လက်ပြီး “ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက်ကို မော်တော်ယာဉ်တွေနဲ့ လူနာတင်ယာဉ်တွေကိုလည်း အဆင်သင့် ပြင်ဆင်ထားပါတယ်။ အဲဒီအပြင်ကို သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနနဲ့လည်း ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့အတွက်ကို ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေရဲ့ ကြိုတင်ပြင်ဆင်ထားမှုအပိုင်းတွေက အတိုင်းအတာတစ်ခုအထိ အားရကျေနပ်စရာ ကောင်းလှပါတယ်။ ဒါပေမဲ့လည်း ဝါသနာ၊ စိတ်ရင်းစေတနာအရင်းခံနဲ့ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ အသင်းအဖွဲ့များ ပီပီ အလှူရှင်တွေက ပေးအပ်လှူဒါန်းထားတဲ့ ကူညီကယ်ဆယ်ရေးကိရိယာတွေလောက်နဲ့သာ ကြိုတင်ပြင်ဆင်ထားကြရတဲ့ အခြေအနေမှာပဲ ရှိကြသေးတယ်လို့ သိရပါတယ်။

“သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာခဲ့မယ်ဆိုရင် အရေးပေါ်တုံ့ပြန်နိုင်ဖို့အတွက်ကို ကိုယ့်မှာရှိတဲ့ ပစ္စည်းကိရိယာတွေနဲ့တော့ အကောင်းဆုံးလုပ်ဆောင်နိုင်အောင်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အသုံးပြုရမယ့် ပစ္စည်းကိရိယာနဲ့ပတ်သက်လို့ လိုအပ်ချက်တွေကတော့ အများကြီးရှိနေပါသေးတယ်” လို့ ကိုနေမျိုးအောင်က ပြောပါတယ်။

ထို့အတူ ကိုဥက္ကာထွန်း (ခ) မင်းသားကြီးကလည်း “ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ အခက်အခဲတွေအနေနဲ့က ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာတွေ လိုအပ်မှုတွေ ရှိနေပါသေးတယ်။ လောလောဆယ်မှာတော့ ကိုယ့်မှရှိနေတဲ့ ပစ္စည်းကိရိယာတွေနဲ့ပဲ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်” လို့ ဆိုထားပါတယ်။

“လောလောဆယ်အနေအထားနဲ့ပတ်သက်လို့ ကျရောက်လာမယ့် သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီးမှပဲ ဘာလိုအပ်ချက်တွေရှိလာမလဲဆိုတာကို သိရမယ်။ လတ်တလောမှာတော့ ရှိတဲ့အင်အားနဲ့ ရှိတဲ့ကယ်ဆယ်ရေးပစ္စည်းကိရိယာတွေနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်” လို ကိုဘိုဘိုဝင်းက ပြောပါတယ်။

ဘယ်လိုအနေအထားမျိုး ရှိနေပါစေ။ အလှူရှင်တွေအနေနဲ့လည်း ပရဟိတ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေ အတွက်ဆိုရင် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီလှူဒါန်းပေးနေတာမျိုးတွေရှိနေပေမဲ့လည်း Rescue Team တွေအနေနဲ့ လိုအပ်ချက်တွေတော့ ရှိနေကြဦးမှာပါ။အဲဒီအတွက်ကိုလည်း သက်ဆိုင်ရာတွေအနေနဲ့ ဝိုင်းဝန်းပံ့ပိုးကူညီပေးနိုင်ရင်တော့ အတိုင်းအတာတစ်ခုအထိတော့ ပြည့်စုံနိုင်မှာပါ။

မည်သို့ပင်ဆိုစေကာမူ မိုးရာသီမှာ ကြုံတွေ့ရနိုင်တဲ့ ရေကြီးရေလျှံမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေနဲ့ မြေပြိုမှုတွေ အစရှိတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာကြမယ်ဆိုရင်တော့ “ပြည်သူတွေအနေနဲ့ကလည်း သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာခဲ့မယ်ဆိုရင်လည်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အသိပေးအကြောင်းကြားပြီး အကူအညီတောင်းခံနိုင်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကျွန်တော်တို့ရှိပါတယ်” လို့ ပြောကြားပါတယ်။

 

Most Read

Most Recent