ပရီးမီးယားလိဂ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခြင်းမှာ ဆုဖလားရသည်နှင့်တူကြောင်း မန်ယူအသင်းနည်းပြ တန်ဟက်ဂ် သုံးသပ်

ပရီးမီးယားလိဂ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခြင်းမှာ ဆုဖလားရသည်နှင့်တူကြောင်း မန်ယူအသင်းနည်းပြ တန်ဟက်ဂ် သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 27 May 2023

 

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ပရီးမီးယားလိဂ်တွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခြင်းမှာ ဆုဖလားရသည်နှင့်တူကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ကြာသပတေးနေ့ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲကျန်တွင် ချယ်လ်ဆီးအသင်းအား အိမ်ကွင်း၌ (၄-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီးနောက် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် သေချာသွားပြီဖြစ်သည်။ အာဆင်နယ်အသင်း နည်းပြဟောင်းဖြစ်သူ အာစင်ဝင်းဂါးက ထိပ်ဆုံးလေးသင်းနေရာ ရပ်တည်နိုင်ခြင်းမှာ ဆုဖလားရရှိသလိုဖြစ်ကြောင်း ပြောကြားထားဖူးပြီး အဆိုပါသုံးသပ်ချက်ကို လက်ခံခြင်းရှိမရှိ မေးမြန်းစဉ် အဲရစ်တန်ဟက်က ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ပရီးမီးယားလိဂ်မှာတော့ အဲဒီလိုပဲဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ပရီးမီးယားလိဂ်ရဲ့ ခက်ခဲမှုကြောင့်ဖြစ်မှာပါ။ ဒီအသင်းက ချန်ပီယံလိဂ်မှာရှိနေပါပြီ။ ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှုတွေ အများကြီးရှိလို့ အဲဒီလိုဝင်ခွင့်ရဖို့ မလွယ်ပါဘူး။ ဒါကိုလုပ်နိုင်ခဲ့တာ ကြီးမားတဲ့ကိစ္စပါ။ ကျွန်တော်တို့အနေနဲ့ လိုချင်တဲ့နေရာ မရောက်သေးပေမဲ့ ချန်ပီယံလိဂ်မှာ ပြန်ကစားခွင့်ရပါပြီ။ ဒါက တကယ်ကို အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု တန်ဟက်ဂ်က ဆိုသည်။

ချယ်လ်ဆီးနှင့်ပွဲတွင် မန်ယူအသင်း တောင်ပံကစားသမား အန်တိုနီနှင့် ဘယ်နောက်ခံလူ လုခ်ရှောတို့ ဒဏ်ရာရရှိခဲ့ပြီး အန်တိုနီ၏အခြေအနေမှာ ပြင်းထန်နိုင်ကြောင်းလည်း တန်ဟက်ဂ်က ဝန်ခံပြောကြားခဲ့သည်။ အန်တိုနီသည် ပြိုင်ဘက်ကစားသမား ချာလိုဘာနှင့် ထိခိုက်မိသဖြင့် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ထမ်းစင်ဖြင့် သယ်ထုတ်သွားပြီးနောက် ပထမပိုင်း ၂၉ မိနစ်မှာပင် လူစားလဲခဲ့ရသည်။ လုခ်ရှောမှာလည်း ဒဏ်ရာကြောင့် ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ရခြင်းဖြစ်သည်။

"ပွဲအပြီးမှာပဲ ချက်ချင်းပြောဖို့ဆိုတာက အမြဲတမ်းခက်ခဲပါတယ်။ ဒါပေမဲ့ အန်တိုနီရဲ့ အခြေအနေက ပြင်းထန်တယ်ဆိုတာ ဟုတ်ပါတယ်။ လုခ်ရှောကိုတော့ ကြည့်ရပါဦးမယ်။ သိပ်မဆိုးဘူးလို့ ထင်ရပေမဲ့ ကျွန်တော်တို့ ၂၄ နာရီ စောင့်ကြည့်ရပါမယ်။ စစ်ဆေးမှုတွေ လုပ်ပြီးတော့မှ ပိုပြီးသိရမှာပါ။ အန်တိုနီရဲ့ အခြေအနေကို ကျွန်တော်မသိပါဘူး။ သူ ထွက်သွားရတာကို အားလုံးလည်းမြင်ကြမှာပါ။ အဲဒါက ပြင်းထန်တယ်လို့တော့ ကျွန်တော်ပြောနိုင်တယ်။ စောင့်ကြည့်ပြီးရင်တော့ ဒဏ်ရာအခြေအနေအကြောင်း ပိုသိနိုင်ပါတယ်" ဟု တန် ဟက်ဂ်က ပြောကြားခဲ့သည်။

Most Read

Most Recent