မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသော မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်ဒေသများအတွက် အကူအညီ အမေရိကန်ဒေါ်လာ ၃၇၅ သန်းလိုအပ်နေသည်ဟု ကုလသမဂ္ဂထုတ်ပြန်

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသော မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်ဒေသများအတွက် အကူအညီ အမေရိကန်ဒေါ်လာ ၃၇၅ သန်းလိုအပ်နေသည်ဟု ကုလသမဂ္ဂထုတ်ပြန်
ရခိုင်ပြည်နယ် ကျောက်တော်တွင် မိုခါမုန်တိုင်းကြောင့် လဲကျနေသော သစ်ပင်အောက်မှ လူများ ဖြတ်သွားနေပုံကို မေလ ၁၅ ရက်ကတွေ့ရစဉ်။
ရခိုင်ပြည်နယ် ကျောက်တော်တွင် မိုခါမုန်တိုင်းကြောင့် လဲကျနေသော သစ်ပင်အောက်မှ လူများ ဖြတ်သွားနေပုံကို မေလ ၁၅ ရက်ကတွေ့ရစဉ်။
Published 24 May 2023
Ref: Reuters

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ဒေသများကို ပျက်စီးစေခဲ့သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော ပြည်သူသန်းပေါင်းများစွာအတွက် အစားအစာ၊ ဆေးဝါး၊ အခြားသော ကယ်ဆယ်ရေး ပစ္စည်းများရရှိရန်, ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၇၅ သန်း လိုအပ်နေသည်ဟု မေလ ၂၃ ရက်တွင် ကုလသမဂ္ဂက ထုတ်ပြန်သည်။

မြန်မာနိုင်ငံအနောက်ပိုင်း၊ ဘင်္ဂါလီမွတ်စလင်များနှင့် ဒုက္ခသည်များ အများအပြားရှိနေသည့်  အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်က ပြည်နယ်များသည် မေလ ၁၄ ရက်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ခံခဲ့ကြရသည်။ အဆိုပါမုန်တိုင်းကြောင်း လူရာချီသေဆုံးသည်ဟု ခန့်မှန်းထားပြီး နေရာအနှံ ထိခိုက်ပျက်စီးမှု များ ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံအတွက် နောက်ထပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂၂ သန်းကို မေတ္တာရပ်ခံထားပြီး လက်ရှိရန်ပုံငွေများထဲက အမေရိကန်ဒေါ်လာ ၂၁၁ သန်းကို မုန်တိုင်းတုံ့ပြန်ရေးအတွက် တိုက်ရိုက်အသုံးပြုမည်ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်အတွက် သီးခြား အမေရိကန်ဒေါ်လာ ၄၂ သန်း လိုအပ်နေသည်ဟု ကုလသမဂ္ဂက ဖော်ပြထားသည်။

“ထိခိုက်ခဲ့တဲ့ လူ့အသိုင်းအဝိုင်းအားလုံးမှာ ပြည်သူတွေကို ဘေးကင်းတဲ့ခိုလှုံစရာပေးဖို့နဲ့ ရေကြောင့်ဖြစ်ပွားတဲ့ ရောဂါပြန့်ပွားတာကို ဟန့်တားဖို့  အခု ကျွန်တော်တို့ အချိန်လုပြီးလုပ်နေရပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ ဋ္ဌာနေစေ့စပ်ညှိနှိုင်းသူရာမာနသန်ဘာလာခရစ္စရှနန်ကပြောကြားပြီး ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးရန် အလှူရှင်များ, များများလှူရန် လို အပ်နေသည်ဟု ဖြည့်စွက်ပြောကြားသည်။

လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် မုန်တိုင်းထိခိုက်မှုကြောင့် အဆိုးရွားဆုံးပျက်စီးနေသော ဒေသများကို သွားရန်ခက်ခဲနေပြီး နစကထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရစဉ် ကုလသမဂ္ဂ မေတ္တာရပ်ခံချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် သီတင်းတစ်ပတ်ကျော်ကြာသည်အထိ ထုတ်ယူခွင့် စောင့်ဆိုင်းနေရသောကြောင့် ပစ္စည်းများသည် ကူးသန်းရောင်းဝယ်ရေးမြို့တော် ရန်ကုန်ရှိ ဂိုဒေါင်များထဲတွင် ရှိနေသည်ဟု အမည်မဖော်လိုသူ အကြီးတန်း အကူအညီပေးရေး လုပ်သားတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသည်။

“ကျွန်တော်တို့ဟာ အဟန့်အတားမရှိဘဲ အပြည့်အဝ ဝင်ခွင့်ရမယ်ဆိုရင် ပစ္စည်းတွေကို စစ်တွေကို ပို့လိုက်လို့ ဂိုဒေါင်တွေထဲ ဗလာကျင်းသွားမှာပါ။ အထောက်အပံ့ကို ပိုမိုမြန်ဆန်တဲနှုန်းနဲ့ ပေးပို့လို့ရမှာပါ”ဟု ၎င်းက ပြောကြားသည်။

ဖြေကြားပေးရန်အတွက် နစက ပြောရေးဆိုခွင့်ရှိသူကို မေးမြန်း၍မရနိုင်ဟု ရိုက်တာက ဖော်ပြထားသည်။ မုန်တိုင်းကြောင့် လူ ၁၄၅ ဦးသေဆုံးသည်ဟု နစက ခေါင်းဆောင်ပိုင်းက ပြောကြားပြီး ထိခိုက်သောဒေသများထံ အကူအညီများပေးပို့နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနောက်ပိုင်းက အသက်ရှင်ကျန်ရစ်သူတစ်ဦးက နေအိမ်အများအပြား ပျက်စီးသွားသောအိမ်ထောင်စု ၄၀၀ နီးပါးရှိ ၎င်း၏ရွာသို့ မေလ၁၉ ရက်နောက်ပိုင်း စောင်နှင့်ခြင်ထောင်များ ဖြိုးဖြိုးဖြောက်ဖြောက် ရောက်လာသည်ဟု ဖုန်းဖြင့်ဖြေကြားသည်။

“မေလ ၁၉ ရက်မတိုင်မီ တတ်နိုင်တဲ့သူတွေက အစားအသောက်ဝယ်ကြပါတယ်။ မတတ်နိုင်သူတွေ ငတ်ကြပေါ့။ ကျွန်တော်တို့မှာ ဆေးလည်းမရှိဘူး။ ဆေးခန်းလည်းမရှိဘူး”ဟု ဆိုသည်။ 

Most Read

Most Recent