စောစောသတိပေးသော စနစ်များက ဘေးအန္တရာယ်များကြောင့် သေဆုံးမှုများကို လျော့ကျစေသည်ဟု ကုလသမဂ္ဂ၏ကမ္ဘာ့မိုးလေဝသဆိုင်ရာအဖွဲ့(WMO)ထုတ်ပြန်

စောစောသတိပေးသော စနစ်များက ဘေးအန္တရာယ်များကြောင့် သေဆုံးမှုများကို လျော့ကျစေသည်ဟု ကုလသမဂ္ဂ၏ကမ္ဘာ့မိုးလေဝသဆိုင်ရာအဖွဲ့(WMO)ထုတ်ပြန်
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ထိခိုက်ပျက်စီးမှုမြင်ကွင်းကို မေလ ၁၅ ရက်က တွေ့ရစဉ်(Photo: AFP)
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ထိခိုက်ပျက်စီးမှုမြင်ကွင်းကို မေလ ၁၅ ရက်က တွေ့ရစဉ်(Photo: AFP)
Published 22 May 2023

စောစောသတိပေးသောစနစ်များက သေဆုံးမှုများကို ပိုနည်းစေသည်ဆိုသော်လည်း မိုးလေဝသနှင့်ဆက်စပ်နေသော ဘေးအန္တရာယ်များသည် လွန်ခဲ့သောနှစ် ၅၀ တွင် မြင့်တက်လာပြီး ကြီးမားလာသော စီးပွားရေးဆိုင်ရာထိခိုက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်ဟု မေလ ၂၁ ရက်တွင် ကုလသမဂ္ဂက ထုတ်ပြန်သည်။

ပြင်းထန်မိုးလေဝသ၊ ရာသီဥတု၊ရေတို့နှင့် ဆက်စပ်နေသော ဖြစ်ရပ်များက ၁၉၇၀ နှင့် ၂၀၂၁ ခုနှစ် အကြားတွင် ဘေး အန္တရာယ် ၁၁,၇၇၈ ခုကို ဖြစ်စေခဲ့သည်ဟု  ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသဆိုင်ရာအဖွဲ့ (WMO)၏ ကိန်းဂဏန်းသစ်များအရ သိရသည်။

အဆိုပါ ဘေးအန္တရာယ်များက လူနှစ်သန်းကျော်ကို သေဆုံးစေခဲ့ပြီး စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ထရီလျံကို ဖြစ်ပေါ်စေခဲ့သည်။

“အားအနည်းဆုံး လူ့အသိုင်းအဝိုင်းတွေဟာ မိုးလေဝသ၊ရာသီဥတု၊ ရေတို့နဲ့ဆက်စပ်နေတဲ့ ဘေးအန္တရာယ်တွေကို ကံဆိုးစွာခံစားခဲ့ကြရပါတယ်”ဟု WMO အကြီးအကဲ ပတ်တာရီ တားလက်စ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘေးအန္တရာယ်များကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးမှုများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ၅၁ နှစ်ကြာ ကာလအတွင်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဖြစ်ပွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုးတက်လာသော စောစောသတိပေးသော စနစ်များ၊ချိတ်ဆက်လုပ်ဆောင်သော  ဘေးအန္တရာယ် စီမံခန့်ခွဲမှုတို့က လူ့အသက်ဆုံးရှုံးမှုကို သိသိသာသာ လျော့ကျစေသည်ဟု ဆိုသည်။

၁၉၇၀ နှင့် ၂၀၁၉ အကြားတွင်ဘေးအန္တ ရာယ်နှင့်ဆက်စပ်နေသော သေဆုံးမှုများနှင့် ဆုံးရှုံးမှုများပါဝင်သောထုတ်ပြန်ချက်ကို လွန်ခဲ့သောနှစ်နှစ်တွင် WMO ထုတ်ပြန်ရာတွင် အဆိုပါ ကာလအစပိုင်းတွင် ကမ္ဘာသည် တစ်နှစ်စီတွင်ယင်းသို့သောသေဆုံး မှု ၅၀,၀၀၀ ကျော်ရှိသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ်ကာလများလောက်တွင်  ဘေးအန္တရာယ်များကြောင့် သေဆုံးသူစုစုပေါင်းသည် နှစ်စဉ် ၂၀,၀၀၀ အောက်ကိုကျ ဆင်းသွားသည်။

၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်, နှစ်ခုပေါင်းတွင် ဘေးအန္တရာယ်များကြောင့် သေဆုံးသူအရေအတွက်သည် ၂၂,၆၀၈ ဦးရှိသည်ဟု မေလ ၂၁ ရက်ထုတ်ပြန်ချက်တွင် WMO ကဖော်ပြ ထားသည်။

လွန်ခဲ့သော သီတင်းပတ်တွင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ကို ဝင်ရောက်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းက ထိုအချက်ကို သာဓက ဆောင်နေသည်ဟု တားလက်စ်က ပြောကြားသည်။

“မိုခါဟာ နေရာအနှံ့ထိခိုက်ပျက်စီးတာကို ဖြစ်စေခဲ့ပြီး ဆင်းရဲသားတွေထဲကအဆင်းရဲ ဆုံးလူတွေကို ထိခိုက်စေခဲ့ပါတယ်”ဟု ပြောကြားသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် သေဆုံးသူစုစုပေါင်း ၁၄၅ ဦးရှိသည်ဟု နစက ကထုတ်ပြန်ထားသော်လည်း ယခင်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် အလားတူဘေး အန္တရာယ်များဖြစ်ပွားချိန်တွင် သေဆုံးသူ ထောင်သောင်းချီရှိသည်ဟု တားလက်စ်က ပြောကြားသည်။

စောစော သတိပေးခြင်းများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတို့ကြောင့်များပြားလှသော သေဆုံးမှုနှုန်းများသည် ယခုအခါ အတိတ်တွင် ကျန်ခဲ့ပြီဟု ဆိုသည်။          Ref: AFP

Most Read

Most Recent