ယူကရိန်းအရှေ့ပိုင်းမြို့ ဘတ်မွတ်ကို ရုရှား သိမ်းပိုက်ခြင်းမရှိဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား

ယူကရိန်းအရှေ့ပိုင်းမြို့ ဘတ်မွတ်ကို ရုရှား သိမ်းပိုက်ခြင်းမရှိဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား
ဂျီ-၇ ခေါင်းဆောင်များ၏ နောက်ဆုံးနေ့အစည်းအဝေးတွင် သမ္မတဇယ်လန်းစကီးနှင့် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်တို့ကို မေလ ၂၁ ရက်ကတွေ့ရစဉ် (Photo: AFP)
ဂျီ-၇ ခေါင်းဆောင်များ၏ နောက်ဆုံးနေ့အစည်းအဝေးတွင် သမ္မတဇယ်လန်းစကီးနှင့် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်တို့ကို မေလ ၂၁ ရက်ကတွေ့ရစဉ် (Photo: AFP)
Published 22 May 2023
    Ref: AFP

ရုရှား၏ ဝက်ဂနာကြေးစားစစ်အုပ်စု အကြီးအကဲက ၎င်း၏ တိုက်ခိုက်ရေးသမားများသည် ယူကရိန်းအရှေ့ပိုင်းမြို့ဘတ်မွတ်ကို “နောက်ဆုံးစင်တီမီတာ”အထိ ထိန်းချုပ်လိုက်ပြီဟု ပြောကြားသော်လည်း ရုရှားက ဘတ်မွတ်မြို့ကို သိမ်းယူခြင်းမရှိဟု ယူကရိန်း သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက မေလ ၂၁ ရက်တွင် ပြောကြားသည်။

မြို့၏အစိတ်အပိုင်းငယ်ကို ထိန်းထားသည်ဟု ယူကရိန်းစစ်တပ်က ပြောကြားပြီး  မိမိတို့၏စစ်သားများသည် စစ်နံများမှ စစ်ချီနေသည်ဟု ဆိုသည်။

ဝက်ဂနာသည် ဘတ်မွတ်ကို လချီကြာမြင့်ပြီဖြစ်သော ထိုးစစ်အား ဦးဆောင်နေသည်။ ဘတ်မွတ်တိုက်ပွဲသည် အချိန်အကြာဆုံးနှင့် သွေးထွက်သံယိုအများဆုံး တိုက်ပွဲဖြစ်သည်။

ရုရှားကျူးကျော်မှု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ခဲ့ပြီးနောက်ပိုင်း ဒွန်းဘက်စ်ဒေသရှိ ဘတ်မွတ်တိုက်ပွဲသည် သွေးထွက်သံယိုအများဆုံးနှင့်အရှည်ကြာဆုံး တိုက်ပွဲဖြစ်သည်။

စောင့်ကြည့်လေ့လာသူများက ဘတ်မွတ်သိမ်းယူခြင်း၏ မဟာဗျူဟာမြောက် အရေးပါမှုကို သံသယဖြစ်နေကြသည်ဆိုသော်လည်း  ရှက်စရာကောင်းသော အခက် အခဲအဟန့်အတားအချို့ကြုံခဲ့ရပြီးနောက် ရုရှားအနေဖြင့် အောင်ပွဲကိုကြေညာရမည့် အခြေအနေဖြစ်သည်။

ဝက်ဂနာနှင့် ရုရှားအမြဲတမ်းစစ်တပ်တို့က ဘတ်မွတ်ကို အပြည့်အဝသိမ်းပိုက်လိုက်ပြီဟု မေလ ၂၁ ရက် စောစောပိုင်းတွင် ပြောကြားခဲ့ကြသည်။ အောင်ပွဲရသည်ဟုဆိုကာ သမ္မတဗလာဒီမာပူတင်က ၎င်းတို့ကို ချီးကျူး ခဲ့သည်ဟုဆိုသည်။

သို့ရာတွင် ဟီရိုရှီးမားမြို့တွင် ကျင်းပသော ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြားရာ၌ ဇယ်လန်းစကီးက ရုရှား၏ ပြောဆိုမှုများကို ငြင်းဆန်ခဲ့သည်။

“ဒီကနေ့ ဘတ်မွတ်ကို ရုရှားကမသိမ်းပိုက်ပါဘူး။ ကျွန်တော်တို့စစ်တပ်ရဲ့ နည်းဗျူဟာကိုတော့  ကျွန်တော် ပြောပြလို့မရပါဘူး။ ဘတ်မွတ်မှာ နည်းဗျူဟာဆိုင်ရာ အမှားအချို့နဲ့ကျွန်တော်တို့ရဲ့လူတွေအဝိုင်းခံထားရမယ် ဆိုရင် အခက်ခဲဆုံးအရာဖြစ်လာပါလိမ့်မယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ဇယ်လန်းစကီးက ပြောကြားသည်။

ဘတ်မွတ်သည် ရုရှားအတွက် မတန်တဆပေးဆပ်ရသော အောင်ပွဲဖြစ်လိမ့်မည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်ကပ်လျက် ထိုင်နေစဉ် ဇယ်လန်းစကီးက ပြောကြားသည်။

“ဘတ်မွတ်မှာ ဘာမှမရှိဘူးဆိုတာ နားလည်နားရပါမယ်”ဟု ၎င်းက ပြောကြားသည်။

ယူကရိန်းစစ်သားများသည် မြို့၏မပြောပလောက်သောအပိုင်းကို ထိန်းထားသည်ဟု မေလ ၂၁ ရက်တွင် ယူကရိန်းစစ်တပ်က ပြောကြားခဲ့ပြီး ယူကရိန်းစစ်သားများသည် မြို့၏အပြင်စည်းဘက်မှ စစ်ချီနေသည်ဟု ဆိုသည်။

“ကျွန်တော်တို့ဟာ ဘတ်မွတ်ရဲ့ဆင်ခြေဖုံးတွေမှာရှိတဲ့ စစ်နံတွေကနေ ဆက်လက်စစ်ချီနေပါတယ်”ဟု ယူကရိန်းမြေပြင်တပ်ဖွဲ့များ၏ တပ်မှူးအိုလက်ဇန်ဒါဆိုင်ရာစကီးက ပြောကြားသည်။

ဘတ်မွတ်တွင် ရုရှားထိုးစစ်ကို ဦးဆောင်သော ဝက်ဂနာကြေးစားစစ်အုပ်စု၏အကြီး အကဲ ယက်ဂျင်နီပရီဂေါ့ဇနီက ဘတ်မွတ်တွင် ယူကရိန်းစစ်သား တစ်ဦးတစ်လေပင် မရှိတော့ဟု ပြောကြားပြီး မိမိတို့သည် အကျဉ်းသားများ ခေါ်ဆောင်ခြင်းကို ရပ်လိုက်ပြီဟု ဆိုသည်။

“ယူကရိန်းစစ်သားအလောင်းတွေ အများကြီးပါပဲ”ဟု ၎င်းက Telegram တွင် ဖော်ပြခဲ့သည်။

“ဇယ်လန်းစကီးက အမှန်ကို ပြောတာမဟုတ်ပါဘူး။ ဒါမှမဟုတ်ကျွန်တော်တို့ ရုရှားစစ်ခေါင်းဆောင်တွေလိုပဲ မြေပြင်မှာ ဖြစ်ပျက်နေတာကို တကယ်မသိတာပါ။ အဲဒါဟာ ဖြစ်နိုင်တဲ့အရာပါပဲ”ဟု ပရီဂေါ့ဇနီ က ဖော်ပြခဲ့သည်။ ဝက်ဂနာတိုက်ခိုက်ရေး သမားများသည် ဘတ်မွတ်ကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီ မေလ ၂၀ ရက်တွင် ၎င်းက ကြေညာခဲ့သည်။                                

Most Read

Most Recent