တရုတ်အစိုးရက အမေရိကန်ကုမ္ပဏီ Micron ထံမှ Memory Chip များ ဝယ်ယူခြင်းမပြုရန် ၎င်း၏ပြည်တွင်းကုမ္ပဏီများကို ပိတ်ပင်

တရုတ်အစိုးရက အမေရိကန်ကုမ္ပဏီ Micron ထံမှ Memory Chip များ ဝယ်ယူခြင်းမပြုရန် ၎င်း၏ပြည်တွင်းကုမ္ပဏီများကို ပိတ်ပင်
အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် မာနက်ဆက်ရှိ Micron ၏ Chip ထုတ်လုပ်ရာစက်ရုံအဝင်ဝရှိ ဆိုင်းဘုတ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင်တွေ့ရစဉ် (Photo: AFP)
အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် မာနက်ဆက်ရှိ Micron ၏ Chip ထုတ်လုပ်ရာစက်ရုံအဝင်ဝရှိ ဆိုင်းဘုတ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင်တွေ့ရစဉ် (Photo: AFP)
Published 22 May 2023
      Ref: Reuter

အရေးပါသည့် တရုတ်ပြည်တွင်းကုမ္ပဏီများထံ အမေရိကန်ကုမ္ပဏီ Micron Technology က Memory Chips များရောင်း ချခြင်းကိုပိတ်ပင်သည့် တရုတ်အစိုးရ၏လုပ်ရပ်က နှစ်နိုင်ငံဖြစ်ပွားနေဆဲ ကုန်သွယ်ရေး အငြင်းပွားမှုတွင်တင်းမာမှုများကို တိုးလာစေပြီး တရုတ်အစိုးရ၏ပိတ်ပင်မှုမှ အကျိုး အမြတ်ထွက်လာနိုင်သော ကုမ္ပဏီများ၏အစုရှယ်ယာစျေးများ မြင့်တက်လာသည်။

Micron သည် ကွန်ရက်လုံခြုံရေး လေ့လာဆန်းစစ်မှုကို ကျရှုံးခဲ့သည်ဟု မေလ ၂၁ ရက်နှောင်းပိုင်းတွင် တရုတ်ဆိုက်ဘာစပေ့ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်လိုက်ပြီး အရေးပါသော ကွန်ရက်အော်ပရေတာများ ယင်း ကုမ္ပဏီထံမှ ဝယ်ယူနေခြင်းကို ပိတ်ပင်သွားမည်ဟု ဖော်ပြထားသည်။

“Micronရဲ့ထုတ်ကုန်တွေဟာ စိုးရိမ်စရာကောင်းတဲ့ ကွန်ရက်လုံခြုံရေးအန္တရာယ်တွေရှိနေတာကို လေ့လာဆန်းစစ်ချက်မှာ တွေ့ရှိရပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့အရေးပါတဲ့ သတင်းအချက်အလက် အခြေခံ အဆောက်အအုံ Supply Chain အတွက် သိသာတဲ့ လုံခြုံရေးအန္တရာယ်တွေကို ဖြစ်စေပြီး တရုတ်အမျိုးသားလုံခြုံရေးကို ထိခိုက်စေပါတယ်”ဟု တရုတ်ဆိုက်ဘာစပေ့ကွပ်ကဲရေးအဖွဲ့(CAC)က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွေ့ရှိသည့် အန္တရာယ်များသို့မဟုတ် မည်သည့် Micron ထုတ်ကုန်များကို သက် ရောက်မလဲဆိုသည်နှင့်ပတ်သက်၍  အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်း မရှိပေ။

ယင်းလုပ်ရပ်က အမေရိကန်၏ ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရသည်ဆိုသော်လည်း တရုတ်နိုင်ငံနှင့် အခြားနေရာများတွင်ရှိသည့် Micron ပြိုင်ဘက်လုပ်ငန်းများ၏ စတော့များကို အထောက်အကူပြုနေသည်။ တရုတ်ပြည်မကြီးရှိ ကုမ္ပဏီများသည် Memory Chips များကို အခြားကုမ္ပဏီများထံမှ ဝယ် ရမည့်အနေအထားဖြစ်လာသောကြောင့် Micron ၏ ပြိုင်ဘက်များကို အကျိုးအမြတ်ဖြစ်စေသည်ဟု ဆိုသည်။

“တကယ်တော့ အခြေခံအကြောင်းအရင်းမရှိတဲ့ ပိတ်ပင်မှုတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်”ဟု အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေလ ၂၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မကြာသေးမီက ဝင်ရောက်ရှာဖွေတာတွေ၊ အခြားအမေရိကန်ကုမ္ပဏီတွေကို ပစ်မှတ်ထားနေတာတွေနဲ့အတူ ဒီလုပ်ရပ်ဟာ တရုတ်က သူ့စျေးကွက်တွေကို ဖွင့်ထားတယ် ဆိုပြီးပြောတာ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ စည်း မျဉ်းစည်းကမ်းဆိုင်ရာမူဘောင်အတိုင်း လုပ်ဆောင်မယ်ဆိုတာတွေနဲ့ ကိုက်ညီခြင်းမရှိပါဘူး”ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။              

တရုတ်အာဏာပိုင်များက Mintz Group နှင့် စီမံခန့်ခွဲမှု အတိုင်ပင်ခံကုမ္ပဏီ Bain တို့ထံ ဝင်ရောက်ရှာဖွေခြင်း၊ မေးမြန်းခြင်းတို့ လုပ်ဆောင်ခဲ့သောကြောင့် လွန်ခဲ့သောလများတွင် အမေရိကန်နှင့်တရုတ်တို့ တင်းမာမှုများ မြင့်တက်လာခဲ့သည်။

တရုတ်ဆိုက်ဘာစပေ့ကွပ်ကဲရေးအဖွဲ့ထံမှ လေ့လာဆန်းစစ်ချက်ကို လက်ခံရရှိသည်ဟု မေလ ၂၁ ရက်တွင် Micron က ထုတ်ပြန်ခဲ့ပြီး တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

                                                

                         

         

Most Read

Most Recent