ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသူမွေထိုင်းမယ် အွမ်ဆင်းကို အလဲထိုးဖြင့်အနိုင်ရ

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသူမွေထိုင်းမယ် အွမ်ဆင်းကို အလဲထိုးဖြင့်အနိုင်ရ
Photo: Thai Fight
Photo: Thai Fight
Published 22 May 2023

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသူမွေထိုင်းမယ်အွမ်ဆင်းကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပြိုင်ပွဲကို Thai Fight 100 Years Rajabhat Korat အမည်ဖြင့် ပြီးခဲ့သည့် မေ ၂၁ရက်က ထိုင်းနိုင်ငံရှိ နာခွန်ရတ်ချာစီးမားတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘရော်နီကာသည် အမျိုးသမီး ၅၃ ကီလိုတန်းတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် အွမ်ဆင်းမှာ အသက် ၂၁ နှစ်သာရှိသေးပြီး ၃၇ ပွဲနိုင်၊ ၁၂ ပွဲရှုံး၊ ၂ ပွဲသရေကျထားသူဖြစ်ကြောင်း သိရသည်။

ဘရော်နီကာသည် ပြီးခဲ့သည့် ဧပြီလအတွင်းက အီတလီနိုင်ငံ၊ ရောမမြို့သို့သွားရောက်၍ အီတလီသူ မွေထိုင်းမယ် အီစတာဗီအိုလာနှင့် ထိုးသတ်ပြီးနောက်  တစ်လအကြာတွင် ယခုပွဲကို ထပ်မံထိုးသတ်ရခြင်းဖြစ်သည်။

ပထမအချီ စတင်သည်နှင့် ဘရော်နီကာမှာ ခတ်ခြေနှင့် ဘယ်ညာတွဲလက်သီးများကို တရပ်စပ်အားပြုထိုးသတ်ခဲ့သည်။

ထိုင်းနိုင်ငံသူ မွေထိုင်းမယ် အွမ်ဆင်းမှာလည်း ဘရော်နီကာကို ရှိန်မနေခဲ့ဘဲ အတင်းဝင်တိုးကာ ရင်ဆိုင်ထိုးသတ်ခဲ့သည်။

ထို့ကြောင့်ပွဲမှာ မြိုင်ဆိုင်ကြည့်ကာင်းခဲ့ပြီး နှစ်ဦးသား ဆိုင်ထိုးပြိုင်ထိုးနေခဲ့ရာ ဘရော်နီကာ၏ ညာဖြောင့်လက်သီးကြောင့် အွမ်ဆင်းမှာ ဖင်ထိုင်ပြုတ်ကျပြီး အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

ကယန်းတိုင်းရင်းသူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight King Of Muay Thai ပြိုင်ပွဲ အမျိုးသမီးဘင်တန်ဝိတ်တန်း (၅၃ ကီလို) ချန်ပီယံဖြစ်သည်။

ဘရော်နီကာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က  ဂရိနိုင်ငံသူ ဖာနီပယ်လောင်ပီကို အလဲထိုးဖြင့် အနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဘရော်နီကာသည် မွေထိုင်းပြိုင်ပွဲ ၁၃ ပွဲ ထိုးသတ်ထားရာတွင် (၁၂) ပွဲအနိုင်ရပြီး တစ်ပွဲသာ ရှုံးနိမ့်ထားသည်။

ဘရော်နီကာသည် ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ်(WMO) က ပေးအပ်သည့် ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုလည်း ရရှိထားသည်။

ဘရော်နီကာသည် Thai Fight က ဦးဆောင်ကျင်းပသည့် အမျိုးသမီးမွေထိုင်းပြိုင်ပွဲများတွင် (၁၂) ပွဲဆက်တိုက် အနိုင်ရှိထားသူဖြစ်သည်။

ဘရော်နီကာသည် အနိုင်ရရှိထားသည့် (၁၂) ပွဲတွင် (၆) ပွဲကို အလဲထိုးဖြင့် အနိုင်ရရှိထားခြင်းဖြစ်သည်။

ဘရော်နီကာသည် ယခုပွဲမတိုင်မီ  ပြီးခဲ့သည့်  ဧပြီ ၂၂ ရက်က အီတလီနိုင်ငံ၊ ရောမမြို့တွင် အီတလီသူ မွေထိုင်းမယ် အီစတာဗီအိုလာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင်  သုံးချီပြီးဆုံးသည်အထိ အလဲမထိုးနိုင်သောကြောင့် ဒိုင်များ၏ အမှတ်ဖြင့် အဆုံးအဖြတ်ခံယူရာ ဘရော်နီကာက အနိုင်ရရှိခဲ့သည်။ 

 

Most Read

Most Recent