တင်ပါးဒဏ်ရာကြောင့် ပြင်သစ်အိုးပင်း ဂရင်းစလင်းပြိုင်ပွဲကို ရာဖေးလ်နဒါးလ်လွဲချော်မည်ဖြစ်ပြီး ၂၀၂၄ ရာသီကုန်တွင် အနားယူမည်ဟု အတည်ပြု

တင်ပါးဒဏ်ရာကြောင့် ပြင်သစ်အိုးပင်း ဂရင်းစလင်းပြိုင်ပွဲကို ရာဖေးလ်နဒါးလ်လွဲချော်မည်ဖြစ်ပြီး ၂၀၂၄ ရာသီကုန်တွင် အနားယူမည်ဟု အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 20 May 2023

 

၀ါရင့်စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်သည် တင်ပါးဒဏ်ရာကြောင့် ပြင်သစ်အိုးပင်း ဂရင်းစလင်းပြိုင်ပွဲကို လွဲချော်မည် ဖြစ်ပြီး ၂၀၂၄ ခုနှစ် ရာသီကုန်တွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဂရင်းစလင်းချန်ပီယံဆု ၂၂ ကြိမ်ရရှိထားပြီး သမိုင်းတစ်လျှောက် အမျိုးသားတင်းနစ်ကစားသမားများအနက် ပူးတွဲအအောင်မြင်ဆုံးအဖြစ် ရပ်တည်နေသူ နဒါးလ် (၃၆ နှစ်) က သတင်းစာရှင်းလင်းပွဲ၌ အနာဂတ်အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

မြေစေးကွင်းဘုရင် နဒါးလ်သည် တင်ပါးဒဏ်ရာကြောင့် သြစတြေးလျအိုးပင်း ပြိုင်ပွဲအပြီး ဇန်နဝါရီကတည်းက အနားယူနေရခြင်းဖြစ်သလို ၂၀၀၅ ခုနှစ်မှစ၍ ၁၉ နှစ်အတွင်း ပြင်သစ်အိုးပင်းပြိုင်ပွဲကို ပထမဆုံးအကြိမ် လွဲချော်တော့မည်ဖြစ်သည်။

"ဒီဆုံးဖြတ်ချက်ကို ကျွန်တော်ချခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်ခန္ဓာကိုယ်က ဆုံးဖြတ်တာပါ။ ရိုလန်ဂါးရို့စ် (ပြင်သစ်အိုးပင်း) မှာ ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ လာမယ့် နှစ်က ကျွန်တော့်ရဲ့နောက်ဆုံးနှစ် ဖြစ်လာမှာပါ။ အဲဒါက ကျွန်တော့်စိတ်ကူးပါ။ အခုလိုပဲ ဆက်သွားနေရင်တော့ အဲဒါကို ဖြစ်မြောက်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လေးလလုံး တတ်နိုင်သမျှ ကျွန်တော်အလုပ်တွေလုပ်ခဲ့တယ်။ အဲဒါကခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သြစတြေးလျမှာရခဲ့တဲ့ ပြဿနာကို ကျွန်တော်တို့ အဖြေရှာမတွေ့ခဲ့လို့ပါ" ဟု နဒါးလ်က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက အချိန်ကာလတစ်ခုအထိ ဆက်လက်အနားယူရဦးမည်ဖြစ်ပြီး တစ်လ၊ နှစ်လမှ သုံးလ၊ လေးလအထိ ကြာမြင့်နိုင်ကြောင်း ပြောကြားခဲ့သောကြောင့် ဝင်ဘယ်လ်ဒန်ပြိုင်ပွဲကိုပါ ထပ်မံလွဲချော်ဖွယ်ရှိနေသည်။

ရာဖေးလ်နဒါးလ် (Fact File)

အမည်အပြည့်အစုံ ■ ရာဖေးလ်နဒါးလ်ပါရေရာ

မွေးသက္ကရာဇ် ■ ၃-၆-၁၉၈၆ (၃၆ နှစ်)

နိုင်ငံ ■ စပိန်

အရပ် ■ ၆ ပေ ၁ လက်မ

ပရိုစတင်သည့်ခုနှစ် ■ ၂၀၀၁

ကစားသည့်ပုံစံ ■ ဘယ်သန် (လက်ပြန်နှစ်ဖက်)

ကစားသမားဘဝမှတ်တမ်း ■ ၁၀၆၈ ပွဲနိုင်၊ ၂၂၀ ပွဲရှုံး

ဆုဖလားစုစုပေါင်း ■ ၉၂ လုံး

ဂရင်းစလင်းအောင်မြင်မှု ■ သြစတြေးလျအိုးပင်း (၂ ကြိမ်)၊ ပြင်သစ်အိုးပင်း (၁၄ ကြိမ်)၊ ဝင်ဘယ်လ်ဒန် ချန်ပီယံရှစ် (၂ ကြိမ်)၊ ယူအက်စ်အိုးပင်း (၄ ကြိမ်)

ဆုကြေးစုစုပေါင်း ■ ၁၃၄,၆၄၀,၇၁၉ ဒေါ်လာ

Most Read

Most Recent