တစ်နှစ်တစ်ခါ ခြိမ်းခြောက်လာ မာန်နတ်အမျိုး ထိုနတ်ဆိုး

တစ်နှစ်တစ်ခါ ခြိမ်းခြောက်လာ မာန်နတ်အမျိုး ထိုနတ်ဆိုး
Published 10 May 2023
မိုးသောက်ထွန်း

မိုးသောက်ထွန်း ငယ်ငယ်က စကားထာဝှက်ကြတိုင်း ပြောဖူး၊ ဝှက်ဖူးတဲ့ အကြောင်းအရာလေး တစ်ခုရှိတယ်။ “တစ်နှစ်တစ်ခါ ပေါ်လို့လာ ရာဇာမင်းလောင်း ထီးဖြူဆောင်း”ဆိုတာ လေးပေါ့။ အဖြေက ]မှိုပင်}တဲ့။ အဲဒီစကား ထာလေးလိုပဲ အခုလည်း ပြောချင်မိတာလေး ရှိတယ်။ “တစ်နှစ်တစ်ခါ ခြိမ်းခြောက်လာ မာန်နတ်အမျိုး ထိုနတ်ဆိုး”ဆိုပြီးတော့ပေါ့။

မိုးဦးကျတော့မယ်၊ မေလကိုရောက်လာ ပြီဆိုရင် အဲဒီနတ်ဆိုးက ပုံမှန်ခြိမ်းခြောက် တော့တာပဲ။ သူ့ရဲ့ နှိပ်စက်ကလူပြုမှုကို အမြဲ ခံစားရတာကတော့ မြစ်ဝကျွန်းပေါ် ကမ်းရိုး တန်းဒေသတွေ။ မာန်နတ်ရဲ့ အမျိုးအနွယ်ဝင် အဲဒီနတ်ဆိုးက အမည်နာမအမျိုးမျိုးနဲ့ နှစ် စဉ် ရောက်လာတတ်တယ်။ တချို့က ပြင်းပြင်း ထန်ထန် ဖျက်ဆီးသွားတယ်။ တချို့နတ်ဆိုး တွေကတော့ သိပ်ပြီး ဖျက်ဆီးမသွားဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဝင်ရောက်ဖျက် ဆီးသွားတဲ့ နာဂစ်အမည်ရတဲ့ နတ်ဆိုးက တော့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းသားတွေ ရဲ့စိတ်ထဲမှာ ဒီနေ့အထိ မမေ့နိုင်အောင် စွဲ ထင်နေဆဲ။

နှစ်စဉ် ရောက်လာနေကျမို့ နတ်ဆိုးတွေ အကြောင်းဟာ ရိုးနေပြီလို့ ဆိုနိုင်ပေမဲ့ နတ် ဆိုးလာတော့မယ်ဆိုတဲ့ သတင်းကြားရတိုင်း ထိတ်လန့်မှုကတော့ ဖြစ်ကြစမြဲ။ စိုးရိမ်မှု တွေက ကြီးစိုးနေကြဆဲ။ နတ်ဆိုးဝင်မွှေသွား ရင် ယိုင်နဲ့နဲ့ ဘဝတွေဟာ ဝမ်းလျားထိုး ပြို လဲကြရပြီး တစ်က ပြန်စ ပြန်ထူထောင်ကြ ရတာလေ။ လောကဓံတရားအမျိုးမျိုးကို ရောင်စုံခံစားနေရတဲ့ အခုလို နှစ်အပိုင်းအ ခြားမှာတော့ နတ်ဆိုးရဲ့ ခြောက်လှန့်မှုကို ကြောက်လန့်မှုဖြစ်သလိုလို ဖြစ်ချင်ရာဖြစ် ကွာ၊ လာပေါ့ ဆိုတာလိုမျိုး မထီမဲ့မြင်ဖြစ်ချင် သလိုလိုနဲ့ နှလုံးသားခံစားမှုတွေဟာ ထုံတုံတုံ တောင်ဖြစ်လို့။

ဒီနှစ်လည်း မေလဆန်းတာနဲ့ နတ်ဆိုးရဲ့ သတင်းတွေ ကြားလာရတယ်။ “ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိ အားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်း လာနိုင်ပြီး (၉.၅.၂၀၂၃) ရက်နေ့တွင် မုန် တိုင်းငယ် အဖြစ်သို့ လည်း ကောင်း၊ (၁၀.၅.၂၀၂၃) ရက်နေ့တွင် ဘင်္ဂ လားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင် လယ်အော်အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ် ပြင်တို့တွင် ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ လည်းကောင်း ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ ဆိုင် ကလုန်းမုန်တိုင်း သည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက် သို့ ရွေ့လျားပြီး (၁၁.၅.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း သို့ ရောက်ရှိကာ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလား ဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ရွေ့လျားနိုင် သည်ဟု ခန့်မှန်းရပါသည်”ဆိုတဲ့ သတင်းလေး ပါ။

 “မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေ ပြင်လေသည် တစ်နာရီလျှင် မိုင်(၇၀)မှ မိုင် (၈၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်း ရပါသည်” ဆိုတဲ့ သတင်းမျိုးလည်း ဖတ်ရ တော့ ထုံတုံတုံဖြစ်နေတဲ့ နှလုံးသားတွေ ပူနွေး လာတယ်။ တဆတ်ဆတ် အခုန်မြန်လာကြ တယ်။ မုန်တိုင်းသာ တည့်တည့်ဝင်တိုးခံရရင် မိုင် ၁၀၀ ကျော်လောက်မယ်ဆိုတဲ့ ခန့်မှန်းမှု တွေကလည်း ဝန်းကျင်တစ်ဝိုက် ပျံ့လွင့်လာ တယ်။ အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ နာဂစ်နတ်ဆိုး တုန်းက မိုင် ၁၂၀ လောက် ရှိခဲ့တာလေ။ ဒီ တစ်ခါမဲ့နတ်ဆိုးဟာ ဒုတိယနာဂစ်လေလား ဆိုပြီး စိုးရိမ်စိတ်တွေဟာလည်း ကိုယ်စီကြီး ထွားလာခဲ့ကြတယ်။

ရာသီဥတုကလည်း ဒီရက်ပိုင်းမှာ ပိုပြီး ပူလာတယ်။ အပူချိန်မြင့်ရင် ပိုပြီးစိုးရိမ်ရ တယ်ဆိုတဲ့ စကားသံတွေလည်း ခပ်စိတ်စိတ် ကြားလာရတယ်။ နာဂစ်ဖြစ်တုန်းကလည်း အခုလို ရာသီဥတု အရမ်းပူနေခဲ့တာကို ပြန် သတိရရင်း စိုးရိမ်စိတ်ကို ပိုပြီး တိုးပွားစေခဲ့ ပြန်တယ်။ အွန်လိုင်းပေါ်ကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး မုန်တိုင်းသတင်းတွေ စောင့် ကြည့်ဖတ်ရတာအမော။ ဒီကြားထဲ မီးက သိပ်မမှန်တော့ ဖုန်းအားက အတော်ချွေတာ သုံးနေရတယ်။ မုန်တိုင်းသတင်းတွေ ဖတ်ရင်း သတင်း Post အောက်က Comment တွေကို ဝင်ဖတ်ကြည့်မိတော့ ကိုယ်လိုမျိုး စိုးရိမ်စိတ် ဝင်နေသူတွေကို စာနာစရာတွေ့ရသလို အ သိစိတ်နုံ့နဲ့သူတွေရဲ့ စကားလုံးတွေကလည်း အတော်လေး စိတ်မသက်သာစေပြန်တယ်။

 “ကြိုက်သလောက် အားတွေကောင်း ပစ်လိုက်စမ်းပါ မုန်တိုင်းရေ... ပူလို့ သေတော့ မယ်...မီးလည်းမလာ...ပူကလည်းပူနဲ့ ကြိုက် သလောက်ကောင်းစမ်း”

 “တိုက်စမ်းပါအေ...မုန်တိုင်းပဲလာ လာ...လေပွေပဲလာလာ...နေ့လည်း မအိပ်ရ ညလည်း မအိပ်ရနဲ့...မုန်တိုင်းများ လာလို့ ကတော့ လက်ခုပ်တီးပြီး ကြိုဆိုလိုက်မယ်”

 “ပူတယ်...မုန်တိုင်း မြန်မြန်တိုက်တော့ ...မခံစားနိုင်တော့ဘူး”

စတဲ့စတဲ့ မှတ်ချက်ပြုစကားတွေ တွေ့ရ တော့ ရင်ထဲမှာ အတော်လေးမကောင်း။ နေ ပူချိန်မြင့်တဲ့ဒဏ်ကိုတောင် သူတို့ဒီလောက် ခံစားနေကြရရင် မုန်တိုင်းနဲ့တွေ့လို့ ခံစားရမဲ့ လူတွေရဲ့ဘဝကို စာနာမှုမရှိကြတာများ မြင် မကောင်း။ အိုးပျက်၊ အိမ်ပျက် မိသားစုလိုက် ကြေမွပျောက်ဆုံးသွားကြရတဲ့ မုန်တိုင်းနတ် ဆိုးရဲ့ နှိပ်စက်မှုကို သူတို့မကြုံဖူးသေးလို့ ထင် ပါရဲ့။

မုန်တိုင်းသတင်းကို နှစ်စဉ် ကြားနေကျ ဆိုပေမဲ့ ဒီနှစ်တော့ ပိုပြီး စိုးရိမ်နေမိတယ်။ အိမ်ရဲ့ အခြေအနေက သိပ်ပြီးမတောင့်တင်း ဘူးလေ။ မိုင်နှုန်း အတော်မြင့်တာနဲ့ လဲပြိုကျ သွားနိုင်တဲ့ အနေအထား။ ပြီးတော့ မိသားစု ကလည်း ကိုယ်ရယ်ဇနီးရယ်၊ သားနဲ့သမီးရယ် ပဲရှိတယ်။ သားက ၁၀ နှစ်၊ သမီးက နှစ်နှစ်ခွဲ။ စိတ်အားငယ်သလိုဖြစ်မိရတဲ့ အဓိက အ ကြောင်းရင်းကတော့ အမေမရှိတော့တာပါပဲ။ နှစ်ပေါင်း ၄၀ နီးပါး အမေနဲ့အတူနေပြီး က လေးငယ်တစ်ယောက်လို နေခဲ့ရတာ။ အမေ့ ရဲ့ အားပေးမှု၊ အမေ့ရင်ခွင်ရဲ့ နွေးထွေးမှုတွေ နဲ့သာ ဘဝခရီးကို လျှောက်နေကျဆိုတော့ အမေ မရှိတဲ့အခါ အားငယ်မှုတွေက ကြီးစိုး လာတယ်။

အရင်တုန်းကဆိုရင် အခုလို မုန်တိုင်း သတင်း ကြားရတာနဲ့ အစ်ကိုကြီး၊ အစ်မကြီး တွေက စိုးရိမ်တကြီး ဖုန်းဆက်ကြတယ်။ အား ပေးကြတယ်။ ခွန်အားတွေ ပေးကြတယ်။ ကိုယ်နဲ့အတူတူ မိဘတွေက ရှိနေတာကိုး။ အခုကတော့ အမေက သားသမီးအားလုံးကို ကျောခိုင်းပြီး ဘဝသစ်ကို ခရီးနှင်သွားခဲ့ပြီ။ အဖေကြီးကလည်း အစ်မကြီးနဲ့အတူ လိုက် နေတယ်။ ပတ်ဝန်းကျင်ကလည်း ကိုယ်နဲ့ အစိမ်းသက်သက်၊ ခပ်ကင်းကင်း နေကြတဲ့သူ တွေ။ ဒီတော့လည်း အားငယ်စိတ် ဝင်မိတာ မဆန်းဘူးထင်ပါရဲ့။ ဒါပေမဲ့ အားငယ်စိုးရွံ့ နေလို့မပြီး။ နတ်ဆိုးရဲ့ ဦးတည်ရာ ဘယ်လိုပဲ ရှိရှိ ကြိုတင်ပြင်ဆင်ထားဖို့က လိုအပ်တယ် လေ။

မိတ်ဆွေတစ်ယောက်ရဲ့ အဆောက်အ အုံက ခိုင်ခိုင်ခန့်ခန့်ရှိတာမို့ မုန်တိုင်းလာခဲ့ရင် ဇနီးနဲ့သားသမီး သူ့အိမ်မှာ ထားပေးဖို့ ကြို တင်ခွင့်တောင်းထားလိုက်တယ်။ မိတ်ဆွေက ကြည်ကြည်ဖြူဖြူပါပဲ။ သဘောတူ လက်ခံပေး တယ်။ မုန်တိုင်း ဝင်လာနိုင်တယ်လို့ ခန့်မှန်း ကြေညာထားတဲ့ရက်က လေး၊ ငါးရက် လိုနေ သေးပေမဲ့ ဒီလိုနတ်ဆိုးမျိုးရဲ့ဒဏ်ကို ကိုယ် တိုင်ကိုယ်ကျ အလူးအလဲ ခံထားခဲ့ရဖူးတော့ မပေါ့ဆရဲဘူး။ အိမ်ကိုလည်း အတတ်နိုင်ဆုံး စွမ်းသရွေ့  ပြင်ဆင် ကျားကန်ထားလိုက်တယ်။ ပြီးတဲ့အခါမှာတော့ အားကို းရာ မြတ်ဘုရားထံ ပါး ဆုတောင်းမှုပြုရတာပေါ့။ မုန်တိုင်းဦး တည်ရာနဲ့ လွဲပါစေလို့ ထပ်ခါထပ်ခါ ဆု တောင်းနေမိပေမဲ့ တကယ်တမ်းကတော့ ဒီ ဆုတောင်းအတွက် လိပ်ပြာ မလုံလှဘူး။ ကိုယ့်  ဆီကို လွဲချော်သွားရင် တစ်ခြားနေရာကို ဦး တည်မှာပဲလေ။ သို့ပေမဲ့လို့ ပုထုဇဉ် လူသား ဆိုတော့လည်းဗျာ.......။

Most Read

Most Recent