မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application ကို အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏ အချက်အလက်များအား ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ် ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application ကို အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏ အချက်အလက်များအား ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ် ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်
Published 10 May 2023

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application အားအသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏ အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ် ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MNA Application တွင် Search Flights, Book Flights, Make Payment, Check Flight Status, Manage booking, Online Check-in နှင့် E-Boarding Pass ထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၁ရခု က လေကြောင်းခရီးစဉ် ၂၁ ခုအား ပျံသန်းနေပြီး မကြာမီ နိုင်ငံတကာ လေကြောင်းလိုင်းများ ထပ်မံတိုးချဲ့ ပျံသန်းသွားရန်ရှိနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

“ခုလက်ရှိမှာတော့ ပြည်ပလေကြောင်းလိုင်း ၁ရခုက နိုင်ငံတကာလေကြောင်း ခရီးစဉ် ၂၁ ခုကို ပျံသန်းနေတာဖြစ်ပြီး၊ ပြည်တွင်းလေကြောင်းလိုင်းအနေနဲ့ လေကြောင်းလိုင်း သုံးခုက ပြည်တွင်းခရီးစဉ်တွေကို ပျံသန်းနေတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ရန်ကုန်လေဆိပ်နဲ့ ချိတ်ဆက်ပြီး ပျံသန်းမယ့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ထပ်မံရောက် ရှိလာဦးမှာဖြစ်ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်  ဧပြီလ ၂၆ရက်က တရုတ်နိုင်ငံလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Xiamen Airlines လေကြောင်းလိုင်း၏ ရှာ့မန်-ရန်ကုန်တိုက်ရိုက် လေကြောင်း ခရီးစဉ်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  ပြန်လည်ပျံသန်းခဲ့သည်။

ဧပြီ ၂၆ရက်ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃ဝမိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှာ့မန်မြိုကမှ ခရီးသည် ၁၅၂ ဦးဖြင့် ပျံသန်းဆိုက်ရောက်လာသော Xiamen Airlines ၏ လေယာဉ်အမှတ် MF 8669/70  အား  ရန်ကုန်လေဆိပ်မှ ကြိုဆိုခဲ့ပြီး ဆိုက်ရောက်ခရီးသည်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Xiamen Airlines မှ ရန်ကုန်မြို့နှင့် ရှာ့မန်လမြို့အကြား အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် သုံးကြိမ် တိုက်ရိုက်ပျံသန်းသွားမည်ဖြစ် ကြောင်း သိရသည်။

Singapore Airlines က လေယာဉ် အမျိုးအစားအသစ် အဆင့်မြှင့်တင်မှုအဖြစ် Boeing 737-8 အမျိုးအစားလေယာဉ်အသစ်အား အသုံးပြု၍ စင်ကာပူ-ရန်ကုန်-စင်ကာပူခရီးစဉ်အား စတင်ပျံသန်းခဲ့သည်။

၂၀၂၃ ခုနှစ် မတ် ၂၆ ရက်က Singapore Airlines သည် Boeing 737-8 အမျိုးအစားလေယာဉ်အသစ်အား အသုံးပြု၍ စင်ကာပူ-ရန်ကုန်-စင်ကာပူ ခရီးစဉ်အား ဆိုက်ရောက်ခရီးသည် ၁၀၆ ဦး၊ ထွက်ခွာခရီး သည် ၁၅၀ ဦးဖြင့် စတင်ပျံသန်းခဲ့ရာ စင်ကာပူ လေကြောင်းလိုင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ ခရီးသည်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကြိုဆိုခဲ့ကြသည်။

နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို နေ့စဉ် တစ်ကြိမ်ပျံသန်းနေရာမှ ဧပြီ ၂၃ ရက်မှစတင်ကာ တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် တစ်ရက်လျှင် နှစ်ကြိမ် ပျံသန်းသွားမည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ်ကို ၃၈၀ ဒေါ်လာ၊ ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို ၈၉ ဒေါ်လာနှင့် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ၁၆၀ ဒေါ်လာမှ စတင်ရောင်းချပေးနေကြောင်း သိရသည်။         

Most Read

Most Recent