ဘဏ်များ မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးကို သုံးရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခြင်းနှင့် SKD၊ CKD စနစ်ဖြင့် တင်သွင်းသည့် ဘက်ထရီလျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများကို အကောက်ခွန်လျှော့ချမှု သက်တမ်းတိုးမြှင့်ခြင်း

ဘဏ်များ မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးကို သုံးရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခြင်းနှင့် SKD၊ CKD စနစ်ဖြင့် တင်သွင်းသည့် ဘက်ထရီလျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများကို အကောက်ခွန်လျှော့ချမှု သက်တမ်းတိုးမြှင့်ခြင်း
ဘက်ထရီလျှပ်စစ်သုံးယာဉ် အပိုပစ္စည်းများကို တွေ့ရစဉ်
ဘက်ထရီလျှပ်စစ်သုံးယာဉ် အပိုပစ္စည်းများကို တွေ့ရစဉ်
Published 7 May 2023

ဘဏ်များ မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုးကို သုံးရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

ဘဏ်များ၏ ငွေရေးကြေးရေး အခြေအနေများမှာ ၂၀၂၃ ခုနှစ် မတ်လကုန်ရှိ နှစ်အလိုက် အပ်ငွေ တိုးနှုန်း ၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် ချေးငွေတိုးနှုန်း ၆ ဒသမ ၅ ရာခိုင် နှုန်းရှိပြီး ဗဟိုဘဏ်ရှိ ဘဏ်များ၏ စာရင်းရှင်အပ်ငွေသည် ၂၀၂၃ ခုနှစ် မတ်လကုန်တွင် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၅ ရာခိုင်နှုန်းနှင့် ဘဏ်များ၏ လက်ဝယ်ရှိငွေသားလက်ကျန်ပမာဏသည် ၃၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း တွေ့ရှိရသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် ချေးငွေနှင့် GDP အချိုး ၂၈ ရာခိုင် နှုန်းရှိပြီး ဘဏ်အချင်းချင်း စျေး ကွက်တွင် ဘဏ်များ၏ ဆောင်ရွက်မှု (ချေးယူ/ထုတ်ချေးမှု) ပမာဏ ကျပ် ၁၁၆၆ ဘီလျံရှိရာ ယခင်နှစ် နှင့် နှိုင်းယှဉ်ပါက ၉၈ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့သည်။

နိုင်ငံခြားဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် ကျပ်ငွေလွယ်ကူမှု ပိုမိုမြင့်မားလာခြင်း၊ ကုန်သွယ်မှုအတွက် ဘဏ်များမှ ငွေကြေးဖြည့်ဆည်းမှု အားကောင်းလာခြင်း၊ ဘဏ်များ၏ ဗဟိုဘဏ်မှကာလတို ချေးငွေ ဝန်ဆောင်မှုရယူမှု လက် ကျန်ပမာဏမှာ  သိသာစွာ ကျဆင်းလာခဲ့ပြီး ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၏ ငွေကြေးလွယ်ကူမှုအချိုး ၃၀ ဒသမ ၄၇ ရာခိုင်နှုန်းရှိခြင်း၊ ဘဏ်များ၏ အရင်းနှင့်အတိုးပေးဆပ်ရန် ပျက်ကွက်သည့် ချေးငွေ (Non Performingh Loan - NPL)အခြေအနေကို ယခင်ဘဏ္ဍာရေးနှစ်ကုန် အခြေအနေနှင့် နှိုင်းယှဉ်ပါက ၁၀ ဒသမ ၉၉ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းတို့ကြောင့် ဘဏ်လုပ်ငန်းကဏ္ဍ၏ ငွေကြေးအခြေအနေသည် သင့်တင့်လုံလောက်စွာ လည်ပတ်စီးဆင်းလျက်ရှိသဖြင့် ဘဏ်လုပ်ငန်းကဏ္ဍမှာ တည်ငြိမ်မှုရှိလာပြီး ငွေကြေးပမာဏမှာ ရည်မှန်းချက်နီးပါး ရောက်ရှိနေကြောင်း သုံးသပ်တွေ့ ရှိရသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက် လျော့ကျနိုင်ရန်နှင့် လက်ရှိနိုင်ငံ၏ စီးပွားရေးအခြေအနေများအရ ငွေကြေးမူ ၀ါဒနည်းလမ်းများအနက် မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးကို လက်ရှိသုံးရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခြင်းကို အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ထိန်းသိမ်းမှုကာလ (၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်မှ မေ ၂၃ ရက်) မှ စတင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေအချိုးတိုးမြှင့်သည်နှင့်အတူ ဘဏ်များက ထားရှိရမည့် အနည်းဆုံးသီးသန့် ငွေထက်ပိုသော အတိုးပေးရမည့် ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ သတ်မှတ်ချက်ဘောင်ကို လက်ရှိကျပ် (၁၀-၅၀) ဘီလျံမှ ကျပ် (၇-၅၀) ဘီလျံသို့  ပြင်ဆင်သတ်မှတ်ခြင်းနှင့် အတိုးနှုန်းအား ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၆ ရာခိုင်နှုန်းသို့ တိုး မြှင့်ခြင်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ငွေကြေးပမာဏ အခြေအနေ၊ ဘဏ်များ၏ ငွေကြေးလွယ်ကူမှုအခြေအနေနှင့် ဘဏ်လုပ်ငန်းကဏ္ဍအတွင်း ဖြစ်ပေါ်တိုးတက်လျက်ရှိသည့် အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက် မြန်မာကျပ်ငွေ တန်ဖိုး တည်ငြိမ်ရေးနှင့် ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးတို့အတွက် သင့်လျော်သည့် ငွေကြေးမူဝါဒ နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

SKD၊ CKD စနစ်ဖြင့် တင်သွင်းသည့် ဘက်ထရီလျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများကို ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ အကောက်ခွန်သုညရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်              

SKD၊ CKD စနစ်ဖြင့် တင်သွင်းသည့် ဘက်ထရီလျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများကို ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ အကောက်ခွန် သုညရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးသည် အကောက်ခွန်နှုန်း ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(ဃ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယင်းအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများဖွံ့ ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Built up - CBU စနစ်၊ Completely Knocked Down – CKD စနစ်နှင့် Seni-Knocked Down – SKD စနစ်တို့ဖြင့် တင်သွင်းသည့် အောက်ဖော်ပြပါ ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကိုရယူမောင်းနှင်သည့် ဘက်ထရီ လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle – BEV) အမျိုးအစားများ၊ ဆက်စပ်ပစ္စည်းများနှင့်အပိုပစ္စည်းများအတွက် မြန်မာ့အ ကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုည ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်သည်။

(က)လမ်းပေါ်တွင် မောင်းနှင်နိုင်သည့် နောက်တွဲယာဉ်ကို ဆွဲသည့်ယာဉ် (Road tractor for Semi-trailer၊ (ခ)ယာဉ်မောင်း အပါအဝင် ၁၀ ဦး သို့မဟုတ် ၁၀ ဦးနှင့်အထက် စီးနင်းနိုင်သော ခရီး သည်တင်မော်တော်ယာဉ်၊ (ဂ) ကုန်တင်ယာဉ်၊ လူစီးယာဉ်၊ သုံးဘီးတပ်ယာဉ် (လူစီး)၊ သုံးဘီးတပ်ယာဉ် (ကုန်တင်)၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လူစီးနှစ်ဘီးတပ်လျှပ်စစ်စက်ဘီး၊ လူနာတင်ယာဉ်၊ ထောင်ကား၊ နိဗ္ဗာန်ယာဉ်၊ အပိုဒ်ခွဲ(က)မှ(ဋ)အထိပါ ဘက်ထရီ လျှပ်စစ်သုံးယာဉ်များနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ တင်သွင်းခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက်ပါရှိသည့် ဘက်ထရီလျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများ (ဥပမာ-အား သွင်းရုံဆိုင်ရာ ပစ္စည်းများ၊ အား သွင်းစနစ်ဆိုင်ရာပစ္စည်းများ) နှင့် စက်မှုဝန်ကြီးဌာန၏ တင်သွင်းခြင်းအတွက် ထောက်ခံချက်ပါရှိသည့် ပူးတွဲစာရင်းပါ ဘက်ထရီလျှပ်စစ်သုံးယာဉ်များ အပိုပစ္စည်းများ ပါဝင်သည်။

အဆိုပါ အမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ အကျိုးသက်ရောက်မည်ဖြစ်သည်။

လျှပ်စစ်ကား (EV) များနှင့် အားသွင်းစက် (Charger) များ ဝယ်ယူအသုံးပြုရာတွင် စိတ်ကျေနပ်မှုမရှိခြင်းနှင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးကြေညာထားသည်။

မြန်မာနှင့်အာဆီယံတို့၏ ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုအားကောင်းသည့် ဒေသတွင်းပေါင်းစည်းချိတ်ဆက်မှုကို ရရှိပြီး ၎င်းမှတစ်ဆင့် ဒေသတွင်း တည်ငြိမ်မှုနှင့် တိုးတက်ကြီးပွားမှုတို့ကို ပိုမိုထောက်ပံ့စေမည်ဟုယုံကြည်ကြောင်း ASEAN-BAC ဥက္ကဋ္ဌ ပြောကြား                 

မြန်မာနှင့် အာဆီယံတို့၏ ပူးပေါင်း ဆောင်ရွက်မှုများသည် ပိုမို အားကောင်းသည့် ဒေသတွင်း ပေါင်းစည်းချိတ်ဆက်မှုကိုရရှိပြီး ၎င်းမှတစ်ဆင့် ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်ကြီးပွားမှုတို့ကို ပိုမိုထောက်ပံ့စေမည်ဟု ယုံကြည်ကြောင်း ASEAN-BAC ဥက္ကဋ္ဌ Mr. Arsjad Rasjid P. M. က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပခဲ့သည့် (၉၅) ကြိမ်မြောက် ASEAN Business Advisory Council (ASEAN-BAC) အစည်းအဝေးတွင် Chairman အဖြစ် တာဝန်လွှဲပြောင်းယူခဲ့သည့် Mr. Arsjad Rasjid P. M. (ASEAN-BAC Indonesia)သည် ၂၀၂၃ ခုနှစ် မေ ၁ ရက်မှ ၃ ရက်အတွင်း မြန်မာနိုင်ငံသို့ ASEAN-BAC Roadshow ၏ အစီအစဉ်တစ်ရပ်အဖြစ် ရောက်ရှိခဲ့သည်။         

Mr. Arsjad Rasjid P. M.သည် ASEAN-BAC Roadshow ခရီးစဉ်တွင် စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း အစရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။

ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ယခုနှစ်အတွက် အဓိကဦးစားပေးကဏ္ဍ ငါးခုဖြစ်သည့် ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ကျန်းမာရေးဒဏ်ခံနိုင်စွမ်းကိုမြှင့်တင်မှု၊ စားနပ်ရိက္ခာဖူလုံရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်နှင့်အထောက်အပံ့ပြုနိုင်မည့် ကဏ္ဍများတွင် ပံ့ပိုးကူညီရန်တို့ဖြစ်သည်။

Mr. Arsjad Rasjid P. M က Road-show ခရီးစဉ်နှင့်ပတ်သက်၍ “ကျွန်တော်တို့ ASEAN Roadshow ခရီးစဉ်က စီးပွားရေးပေါင်းစည်း ချိတ်ဆက်မှုနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ပြီး အာဆီယံ ဗဟိုပြုမှုကို တိုးတက်စေရန်နှင့်  အရှေ့တောင်အာရှဒေသက တိုးတက်ကြီးပွားခြင်းရဲ့ အချက်အချာကျတဲ့ ဗဟိုဆုံချက်တစ်ခု ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအတွက် အရေးပါတဲ့အဖွဲ့ဝင် ဖြစ်ပြီး အာဆီယံနှင့် မြန်မာနိုင်ငံတို့အကြား နက်နဲသည့် ပေါင်းစည်းချိတ်ဆက်မှုများကို လုပ်ဆောင်လိုကြောင်းကိုလည်း ကျွန်တော်တို့ ခရီးစဉ်ကနေတစ်ဆင့် ပြသလိုပါတယ်။ မြန်မာနှင့် အာဆီယံတို့ရဲ့ ပူးပေါင်ဆောင်ရွက်မှုတွေဟာ ပိုမိုအားကောင်းတဲ့ ဒေသတွင်း ပေါင်းစည်းချိတ်ဆက်မှုကိုရရှိပြီး ၎င်းမှတစ်ဆင့် ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်ကြီးပွားမှုတို့ကို ပိုမိုထောက်ပံ့စေမယ်ဟု ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဦးအေးဝင်းက “ASEAN-BAC ရဲ့ ပံ့ပိုးပူးပေါင်းပါဝင်မှုဟာ မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် အားလုံးအတွက် အကျိုးဖြစ်စေမည့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦး တစ်ယောက်ချင်းစီရဲ့ အကျိုးစီးပွားနဲ့ အာဆီယံနိုင်ငံအသီးသီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ရရှိစေနိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာဆီယံ ဒေသတစ်ခုလုံးအပေါ်တွင် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုများ ရရှိလာနိုင်မှာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အာဆီယံ အဝန်းအဝိုင်းကိုလည်း အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် မြန်မာ့စီးပွားရေးတိုးတက်လာစေရန်အတွက် ASEAN Business Advisory Council (ASEAN-BAC) အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

Most Read

Most Recent