ယူကရိန်းက သမ္မတဗလာဒီမာပူတင်ကို ဒရုန်းများဖြင့် လုပ်ကြံရန် ကြိုးပမ်းခဲ့သည်ဟု ရုရှားအစိုးရ စွပ်စွဲ၊ ပူတင်ကို မိမိတို့ တိုက်ခိုက်ခြင်းမရှိဟု သမ္မတဇယ်လန်းစကီးပြောကြား

ယူကရိန်းက သမ္မတဗလာဒီမာပူတင်ကို ဒရုန်းများဖြင့် လုပ်ကြံရန် ကြိုးပမ်းခဲ့သည်ဟု ရုရှားအစိုးရ စွပ်စွဲ၊ ပူတင်ကို မိမိတို့ တိုက်ခိုက်ခြင်းမရှိဟု သမ္မတဇယ်လန်းစကီးပြောကြား
ရုရှားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းအဝေးကို သမ္မတပူတင် သဘာပတိအဖြစ် ဆောင်ရွက်နေပုံကို  မေလ ၂ ရက်တွင်တွေ့ရစဉ်
ရုရှားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းအဝေးကို သမ္မတပူတင် သဘာပတိအဖြစ် ဆောင်ရွက်နေပုံကို  မေလ ၂ ရက်တွင်တွေ့ရစဉ်
Published 4 May 2023
Ref: AFP

သမ္မတဗလာဒီမာပူတင်၏ ကရင်မလင်ဂေဟာ၌ ဒရုန်းနှစ်စင်းကို မိမိတို့ ပစ်ချခဲ့သည်ဟု မေလ ၃ ရက်တွင် ရုရှားက ပြောကြားလိုက်ပြီး ယင်းသည် ယူကရိန်း အကြမ်းဖက် လုပ်ကြံရေး ကြိုးပမ်းမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

စွပ်စွဲထားသော တိုက်ခိုက်မှုနှင့် မိမိတို့မသက်ဆိုင်ဟု ယူကရိန်းအစိုးရက ပြောကြားလိုက်ပြီး ရုရှားက အကွက်ဆင်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါသတင်းကို ကြီးကြီးမားမား လုပ်ကြံဖန်တီးမှုအဖြစ် မှတ်ယူသင့်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

“ကျွန်တာ်တို့က ပူတင် ဒါမှမဟုတ် ရုရှားကို မတိုက်ပါဘူး။ ကျွန်တော်တို့ရဲ့မြို့ရွာတွေကိုပဲ ကျွန်တော်တို့ ခုခံကာကွယ်တာဖြစ်ပါတယ်”ဟု ဖင်လန်ခရီးစဉ်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားသည်။

မေလ ၃ ရက်တွင် ရုရှားတိုက်ခိုက်မှုများကြောင့် ယူကရိန်းတောင်ပိုင်း ခါဆန်ဒေသတွင် လူ ၂၁ ဦးသေဆုံးသွားသည်ဟု ယူကရိန်းအစိုးရက ပြောကြားသည်။ တိုက်ခိုက်ခံရသည့်အထဲတွင် စူပါမားကတ်တစ်ခုနှင့် ရထားဘူတာရုံတို့ ပါဝင်သည်ဟုဆိုသည်။

နိုင်ငံ၏အရေးအပါဆုံးအားလပ်ရက်ဖြစ်ပြီး နာဇီကို ဆိုဗီယက်အောင်ပွဲရသည့် အထိမ်းအမှတ်နေ့ဖြစ်သော မေလ ၉ ရက်တွင် အောင်ပွဲများ မကျင်းပမီ ကြီးကြီးမားမား အဖျက်အမှောင့်တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် အထက်ပါဒရုန်းတိုက်ခိုက်မှုဖြစ်ရပ်ကို ရုရှားက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ဒီကနေ့ညမှာ ကိယက်ဗ်အစိုးရဟာ ရုရှားပြည်ထောင်စုသမ္မတရဲ့ကရင်မလင် ဂဟာကို မောင်းသူမဲ့ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒရုန်းနှစ်စင်းဟာ ကရင်မလင်ကို ရည်ရွယ်တာဖြစ်ပါတယ်။ အဲဒီဒရုန်းတွေကို ဖျက်ဆီးခဲ့ပါတယ်”ဟု ရုရှားအစိုးရက ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးကို ကြိုတင်စီစဉ်ထားသည့် အကြမ်းဖက်လုပ်ရပ်အဖြစ်လည်းကောင်း၊ ရုရှားပြည်ထောင်စုသမ္မတ၏ အသက်ကိုသတ်ရန် ကြိုးပမ်းမှုအဖြစ်လည်းကောင်း ဖော်ပြထားသည်။

ပူတင် ထိခိုက်ခြင်းမရှိကြောင်း၊ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ရုရှားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မည်သည့်နေရာတွင်ဖြစ်စေ၊ မည်သည့်အချိန်တွင်ဖြစ်စေ လိုအပ်သည်ဟု ယူဆပါက ရုရှားသည် လက်တုံ့ပြန်သည့် အစီအမံများကို ချမှတ်ပိုင်ခွင့်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ပူတင်သည် မေလ ၃ ရက်က မော်စကိုအနီးရှိ ၎င်း၏နေအိမ်တွင် အလုပ်လုပ်နေသည်ဟု ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောကြားခဲ့သည်။ ပူတင်သည် စီစဉ်ထားသည့်အတိုင်း လာမည့်သီတင်းပတ်တွင် ဒုတိယကမ္ဘာစစ် အောင်ပွဲခံချီတက်ပွဲကို တက်ရောက်လိမ့်မည်ဟုဆိုသည်။

ရုရှားသမ္မတ၏ ကရင်မလင်ဂေဟာကို တိုက်ခိုက်ရန် ကြိုးပမ်းမှုနှင့်ဆက်စပ်၍ ရုရှားအစိုးရက အကြမ်းဖက် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို နောက်ပိုင်းတွင် လုပ်ဆောင်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကမူ အဆိုပါသတင်းသည် ကြီကြီးမားမား လုပ်ကြံဖန်တီးသည့် သတင်းဖြစ်သည်ဟု ၀ါရှင်တန်အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

Most Read

Most Recent