ကမ္ဘာတစ်ဝန်းတွင် စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံနေရပြီး ဂျာနယ်လစ်များ ပစ်မှတ်ထားခံနေရကြောင်း ကုလသမဂ္ဂ ပြောကြား

ကမ္ဘာတစ်ဝန်းတွင် စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံနေရပြီး ဂျာနယ်လစ်များ ပစ်မှတ်ထားခံနေရကြောင်း ကုလသမဂ္ဂ ပြောကြား
၂၀၁၉ ခုနှစ်က ရာမလာမြို့မြောက်ပိုင်းတွင် အစ္စရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်းဆန္ဒပြသူများအကြား ခိုက်ရန်ဖြစ်ပွားမှုကို သတင်းယူနေသည့် ဓာတ်ပုံသတင်းထောက်တစ်ဦးနှင့် အစ္စရေး နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ထိပ်တို်က်တွေ့နေစဉ် (Photo – AFP)
၂၀၁၉ ခုနှစ်က ရာမလာမြို့မြောက်ပိုင်းတွင် အစ္စရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်းဆန္ဒပြသူများအကြား ခိုက်ရန်ဖြစ်ပွားမှုကို သတင်းယူနေသည့် ဓာတ်ပုံသတင်းထောက်တစ်ဦးနှင့် အစ္စရေး နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ထိပ်တို်က်တွေ့နေစဉ် (Photo – AFP)
Published 3 May 2023
Ref: AFP

ကမ္ဘာတစ်ဝန်းတွင် စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံနေရပြီး ဂျာနယ်လစ်များသည်လည်း နှောင့်ယှက်မှု၊ အကျဉ်းချမှုနှင့် သတ်ဖြတ်မှုများကို ဆက်တိုက်ကြုံတွေ့ခံစားနေရသည်ဟု ကုလသမဂ္ဂအရာရှိများနှင့် မီဒီယာများက မေ ၂ ရက် တွင်သတိပေးခဲ့သည်။

မေ ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မတိုင်မီ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က  အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝန်းရှိ ဂျာနယ်လစ်များနှင့် မီဒီယာများအတွက် လှုံ့ဆော်စည်းရုံးသည့် ကြွေးကြော်သံတစ်ခုကို ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်အားလုံးဟာ စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ်မှာ မူတည်နေပါတယ်”ဟု ဂူတာရက်စ်က ဗီဒီယို မက်ဆေ့ချ်တစ်ခုထဲတွင်ပြောကြားခဲ့ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီနှင့် တရားမျှတမှု၏ အုတ်မြစ်ဖြစ်ပြီး လူ့အခွင့်အရေး၏ အသက်သွေးကြောဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော် ကမ္ဘာပေါ်တွင် စာနယ်ဇင်းလွတ်လပ်ခွင့်သည့် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံနေရသည်ဟု ဂူတာရက်စ်က အမေရိကန်နိုင်ငံ နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သည့် ညီလာခံတစ်ခုတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ယင်းပြဿနာကို မီးမောင်းထိုးဖော်ပြရန် UNESCO က ၎င်း၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆုကို အီရန်အမျိုးသမီးသုံးဦး၊ ဂျာနယ်လစ်နှစ်ဦးနှင့် အကျဉ်းချခံခဲ့ရသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးတို့ကို ပေးအပ်ခဲ့သည်။

ဂူတာရက်စ်က မည်သည့်နိုင်ငံကိုမျှ အတိအလင်း ဝေဖန်ခဲ့ခြင်းမရှိသော်လည်း အခြားမိန့်ခွန်းပြောသူများကမူ ရုရှားတွင် သူလျှိုလုပ်မှုစွဲချက်များနှင့် ထိန်းသိမ်းခံထားရသည့် Wall Street ဂျာနယ် သတင်းထောက် အီဗန် ဂါ့ရှ်ကိုဗစ်ကဲ့သို့ ဖြစ်စဉ်တစ်ခုခြင်းစီကို အလေးထား ပြောဆိုခဲ့ကြသည်။

“စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တာ၊ အီဗန်ရဲ့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တာဟာ လူသားအားလုံးရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တာဖြစ်ပါတယ်”ဟု Wall Street ဂျာနယ် ထုတ်ဝေသူ အယ်လ်မာလက်တောက ယင်းညီလာခံတွင် ပြောကြားခဲ့သည်။

ဂါ့ရှ်ကိုဗစ် အပေါ်စွဲဆိုထားသည့် စွဲချက်များကို ဒါဇင်နှင့်ချီသည့် သတင်းအဖွဲကများက ရှုတ်ချခဲ့ကြပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဂါ့ရှ်ကိုဗစ်ကို အကျဉ်းချထားမှုသည် အလုံးစုံ တရားမဝင်ကြောင်း ပြောကြားခဲ့သည်။

အခြားဂျာနယ်လစ်များကလည်း ၎င်းတို့၏ အလုပ်အကိုင်ကြောင့် အန္တရာယ်များ မြင့်တက်နေသည့် အခြေအနေကို ပြောကြားခဲ့ကြသည်။

“ကျွန်တော်က အီရန်ကဖြစ်ပါတယ်။ အီရန်မှာက ဂျာနယ်လစ်တစ်ယောက်ဖြစ်မှုဟာ ရာဇဝတ်မှုဖြစ်ပြီး ထောင်ချခံရနိုင်တာ၊ သတ်ဖြတ်ခံရနိုင်တာ ညှင်းပန်းနှိပ်စက်ခံရနိုင်တာတွေ ကြုံတွေ့ရနိုင်ပါတယ်”ဟု အီရန်- အမေရိကန်နွယ်ဖွား ပြည်ပြေးဂျာနယ်လစ် တစ်ဦးဖြစ်သူ မာစီအယ်လီနီဂျက်က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ သတင်းယူချိန်အတွင်း သတ်ဖြတ်ခံရသည့် ဂျာနယ်လစ် ၅၅ ဦးနှင့် မီဒီယာဝန်ထမ်း လေးဦးရှိခဲ့သည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent