နီးကပ်လာပြီဖြစ်သည့် ချားလ်စ်ဘုရင်နန်းတက်ပွဲ

နီးကပ်လာပြီဖြစ်သည့် ချားလ်စ်ဘုရင်နန်းတက်ပွဲ
Photo: Metro UK
Photo: Metro UK
Published 3 May 2023
TRANSLATED- ခက်ဝေ

တတိယမြောက် ဗြိတိန်ချားလ်စ်ဘုရင် နန်းတက်ပွဲကို ၂၀၂၃ ခုနှစ် မေ ၆ ရက် (စနေနေ့)တွင် လန်ဒန်ရှိ ဝက်မင်စတာဘုရားရှိခိုး ကျောင်းတွင် ပြုလုပ်တော့မည် ဖြစ်သည်။

နန်းတက်ပွဲဆိုသည်မှာ ဘုရင်းမင်းမြတ်၏ နိုင်ငံ့ဦးသျှောင်အကြီးအကဲဆိုသည့် အခန်းကဏ္ဍကို တရားဝင်အသိအမှတ်ပြုပေးလိုက်သည့် အခမ်းအနားဖြစ်သည့်အပြင် ဘုရင်၏အခွင့်အာဏာတို့ကို လွှဲပြောင်းပေးသည့်ပွဲလည်း ဖြစ်သည်။ နန်းတက်ပွဲအခမ်းအနားကို မနက် ၁၁ နာရီတွင် စတင်မည်ဖြစ် ပြီး ယင်းအချိန်မတိုင်မီ ချားလ်စ်ဘုရင်နှင့် စီတန်းလည့်လည်လာသည့် လူတန်းက ဝက်မင်စတာဘုရားကျောင်းသို့ ကြိုတင်ရောက်နှင့် နေမည်ဖြစ်သည်။

ရှင်ဘုရင်အဖြစ်နှင့် စိုးစံရန်ဘုရင်ကို မဖြစ်မနေနန်းတင်ရမည်ဟုလည်း မဟုတ်ပေ။အဌမမြောက် အက်ဝဒ်ဘုရင်လက်ထက်က နန်းတက်ပွဲမပြုလုပ်ဘဲ အုပ်စိုးခဲ့ပြီး ချားလ်စ်ဘုရင်သည်လည်း မယ်တော် ဒုတိယ မြောက်အဲလစ်ဇဘတ်ဘုရင်မ နတ်ရွာစံသွားသည့်အချိန်မှစပြီး ဘုရင်အရာသို့ အလိုအ လျောက်ရောက်လာခဲ့သည်။

 

ပျော်ပွဲရွှင်ပွဲများ

မေ ၈ ရက် (တနင်္လာနေ့) ကို ဗြိတိန်နိုင်ငံ တစ်ဝန်းဘဏ်ပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်အတွက် မျိုးစုံသောပွဲလမ်းများကိုလည်း ဘက်ကင်ဟမ်နန်းတော်က ကြေညာထားပြီး မေ ၇ ရက်တွင် ကေတီပယ်ရီ၊ Take That အပါအဝင် အဆိုတော်များက ဝင်ဆာရဲတိုက်တွင် ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

မေ ၅ ရက်နှင့် ၆ ရက်တို့တွင် အင်္ဂလန်နှင့် ဝေလနယ်အနှံ့အပြားရှိ အရက်ဆိုင်များ၊ ဘားများ၊ကလပ်များကို ပိတ်ချိန်ထက် နောက်ထပ်နှစ်နာရီ ဖွင့်ခွင့်ပြုထားသည်။ လမ်းတွင်းပျော်ပွဲရွှင်ပွဲများလည်း ပြုလုပ်ခွင့်ပေးထား သည်။

 

ဘယ်သူတွေတက်မလဲ၊ ဘယ်သူတွေ မတက်ဘူးလဲ

နန်းတက်ပွဲဟူသည် နိုင်ငံတော်အခမ်းအနားဖြစ်သည့်အတွက် တက်ရောက်ရမည့် ဧည့်သည်တော်စာရင်းကို အစိုးရကသာ စီမံရသည်။ ဗြိတိန်တော်ဝင်မိသားစု၊ ဝန်ကြီးချုပ်၊ ပါလီမန်လွှတ်တော်အမတ်များအပြင် ပြည်ပ နိုင်ငံများမှ ခေါင်းဆောင်များ၊ တော်ဝင်မျိုးနွယ်များလည်း နန်းတက်ပွဲကို တက်ရောက်ကြမည်။

ဝေလနယ်စားနှင့်နယ်စားကတော် မင်းသားဝီလျံနှင့် ကတ်သရင်း ၊ ချားလ်စ်ဘုရင်၏မွေးချင်းနှစ်ဦးဖြစ်သည့် တော်ဝင်မင်းသမီး Anne နှင့် အီဒင်ဘာ့ဂ်မြို့စားအက်ဝဒ်တို့ တက်ရောက်မည်ဖြစ်ပြီး သားတော်ဟယ်ရီနှင့် ကြင်ယာတော်မက်ဂန်မာကယ်လ်တို့အတွဲတွင် ဟယ်ရီသာ တက်ရောက်မည်ဖြစ်သည်။

ဇန်နဝါရီတွင် Spare အမည်ဖြင့် ကိုယ်တွေ့မှတ်တမ်းစာအုပ် ထုတ်ဝေပြီးနောက်ပိုင်း ဟယ်ရီကို တော်ဝင်မိသားစုနှင့်အတူ လူမြင်ကွင်း၌ ပထမဆုံးအကြိမ် ပြန်မြင်ရမည့်ပွဲဖြစ်ပြီး နန်းတက်ပွဲနေ့က  ဟယ်ရီ၏သား အာချီ၏ လေးနှစ်ပြည့်မွေးနေ့ဖြစ်ကာ ကလေးက မိခင်နှင့်အတူ အမေရိကန်တွင်သာ နေခဲ့မည်။

ယော့ခ်မြို့စား အန်ဒရူးမင်းသားလည်း နန်းတက်ပွဲသို့တက်ဖွယ်ရှိကာ မြို့စားကတော် ဟောင်း ဆာရာဖာဂူဆန်ကတော့ တက်မည်မဟုတ်ပေ။ချားလ်စ်ဘုရင်၏ကြင်ယာတော် ကမ်မီလာ၏မြေးများက ချားလ်စ်ဘုရင်၏မြေး ဂျော့ဂျ်မင်းသား (ဝီလျံ၏သား၊ ထီးနန်းကိုဆက်ခံရန် ဒုတိယနေရာတွင်ရှိနေသူ)ကဲ့သို့ပင် နန်းတက်ပွဲတွင် ရှိနေကြမည်ဖြစ်သည်။

နန်းတက်ပွဲသို့ အမေရိကန်သမ္မတဂျိုး ဘိုင်ဒင်တက်ရောက်မည်မဟုတ်ဘဲ  သမ္မတကတော်က ကိုယ်စားတက်ရောက်မည်။ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနတ်က အစိုးရဝန်ကြီးများ၊ အမတ်များနှင့်အတူ တက်ရောက်မည်။ သတင်းများအရ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းများဖြစ်ကြသည့် လစ်ဇ်ထရက်နှင့် တိုနီဘလဲ တို့လည်း တက်ရောက်ကြမည်။

ဆန္ဒပြပွဲများကြောင့် ချားလ်စ်ဘုရင်က ပြင်သစ်သို့သွားမည့်နိုင်ငံတော်ခရီးစဉ်ကို မတ်လကရွှေ့ဆိုင်းလိုက်သော်လည်း ဗြိတိန်နိုင်ငံအပေါ်ထားသည့် ခင်မင်လေးစားမှုကို ပြသလိုသည်အနေဖြင့် ပြင်သစ်သမ္မတမက် ခရွန်ကနန်းတက်ပွဲကိုတက်ရောက်မည် ဖြစ်သည်။ ပိုလန်သမ္မတ အန်ဒရေဒူဒါနှင့် သြစ တြေးလျဝန်ကြီးချုပ် အန်သနီအယ်လ်ဘနိစ်တို့က နန်းတက်ပွဲတက်ရန် အစီအစဉ်ရှိသည် ဟုဆိုပြီး ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်ဖ်နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်တို့လည်း တက်ရောက်ကြမည်။

ပြည်ပတော်ဝင်အမျိုးအနွယ်များထဲကဆိုလျှင် မိုနာကိုတော်ဝင်မင်းသားစုံတွဲ၊ စပိန်ဘုရင်စုံတွဲ၊ ဂျပန်အိမ်ရှေ့စံစုံတွဲ၊ ဆွီဒင်ဘုရင်နှင့် သမီးတော်တို့ တက်ရောက်ကြမည်။ ထို့ပြင်ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန် ဒါလင်း ပါတက်ရောက်မည်ဖြစ်သည်။

ဒေးဗစ်ဘက်ခမ်နှင့် ဗစ်တိုးရီးယားဘက်ခမ်တို့အတွဲ ဧည့်သည်တော်စာရင်းတွင် ပါနေသည်ဆိုသည့် ကောလာဟလများလည်းပျံ့နေသည်။ မင်းသားဝီလျံလက်ထပ်ပွဲနှင့် မင်းသားဟယ်ရီလက်ထပ်ပွဲနှစ်ခုစလုံးကို လည်း ဘက်ခမ်တို့အတွဲ တက်ရောက်ခဲ့ပြီး နတ်ရွာစံဘုရင်မကြီး အဲလစ်ဇဘတ်ကို ဂါရဝပြုရန် ဒေးဗစ်ဘက်ခမ်သည်  အခြားသူများနည်းတူ ၁၂ နာရီကြာ တန်းစီစောင့်ဆိုင်းခဲ့သည်။

 

အနှစ် ၇၀ အတွင်း အကြီးမားဆုံးစစ်ရေးပြအခမ်းအနား

နှစ်ပေါင်း ၇၀ အတွင်း အကြီးမားဆုံး စစ်ရေးပြအခမ်းအနားကို နန်းတက်ပွဲနေ့တွင် မြင်တွေ့ရမည်ဖြစ်ပြီး ဗြိတိန် ကြည်း၊ ရေ၊ လေတပ်တို့မှ စစ်သည်အင်အား ၆,၀၀၀ ကျော် ပါဝင်စစ်ရေးပြကြမည်။

စစ်သည်များက ချားလ်စ်ဘုရင်နှင့် ကြင်ယာတော်တို့ ဝက်စ်မင်စတာဘုရားရှိခိုးကျောင်းသို့ မြင်းရထားဖြင့် အသွားအပြန် လှည့်လည်ရာတွင် လိုက်ပါဝန်းရံကြမည်ဖြစ်ကာ ကြည်း ၊ ရေ၊ လေတပ်များမှ လေယာဉ် အစင်း ၆၀ ကျော်က လန်ဒန်မြို့လယ်တွင်ရှိသည့် The Mall လမ်းမကောင်းကင်ယံတွင် ခြောက်မိနစ်ကြာ အလှပြပျံသန်းကြမည်။ အဓိကအခမ်းအနားက စီတန်းလှည့်လည်ပြမှုပင်ဖြစ်သည်။

လန်ဒန်မြို့အပြင်ဘက် အီဒင်ဘာ့ဂ်၊ ကာ့ဒစ်ဖ် ၊ ဘဲလ်ဖတ်စ်အပါအဝင် နေရာ ၁၃ ခု၌လည်း ချားလ်စ်ဘုရင်ကို နန်းမြှောက်သည့်အချိန် ဂုဏ်ပြုသေနတ်ပစ်ဖောက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ စစ်သေနာပတိသစ် ဖြစ်လာမည့် ချားလ်စ်ဘုရင် နန်းတက်ပွဲက ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် အဆိုအရဆိုလျှင် ခမ်းနားကြီးကျယ်လှပေလိမ့်မည်။

ယင်းသို့သမိုင်းဝင်မည့်နေ့တွင် ဓနသဟာယနိုင်ငံ အနည်းဆုံး ၃၅ နိုင်ငံမှ စစ်သည် အင်အား ၄၀၀ နီးပါးလည်း ပါဝင်ချီတက်ဂုဏ်ပြုကြမည်ဖြစ်သည်။ တော်ဝင်လေတပ် ကျွမ်းအလှပြအဖွဲ့ Red Arrows ၏လေယာဉ် များ အလှပြပျံသန်းမှုကို   တော်ဝင်မိသားစုက ဘက်ကင်ဟမ်နန်းတော်၏လသာဆောင်မှ ကြည့်ရှုကြလိမ့်မည်။

ယခုနန်းတက်ပွဲသည် အဲလစ်ဇဘတ်၏ ၁၉၅၃ နန်းတက်ပွဲနှင့်စာလျှင် အနည်းငယ် အကျဉ်းချုံး ကျင်းပမည့်ပုံရှိသည်။ ၁၉၅၃  ခုနှစ် နန်းတက်ပွဲကျင်းပခဲ့စဉ်က စစ်သည်အင်အား ၂၉,၀၀၀ ကျော်ပါဝင်ခဲ့ပြီး ကြည်းတပ်အင်အားကပင် ၁၆,၁၀၀ ပါဝင်ခဲ့သည်။ချားလ်စ်ဘုရင်သည် တော်ဝင်လေတပ်နှင့် တော်ဝင်ရေတပ်တွင် စုစုပေါင်းငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

 

ဘုရင်ဝတ်ဆင်မည့် သရဖူများ

နန်းတက်ပွဲတွင် ချားလ်စ်ဘုရင်အား ရွှေအတိပြီးသော ၁၇ ရာစု St Edward’s Crow သရဖူ အပ်နှင်းမည်ဖြစ်သည်။ သို့ သော် သရဖူကလေးသဖြင့် မင်းမြှောက်သည့် အချိန်၌သာအသုံးပြုမည်။

နန်းတက်ပွဲအခမ်းအနားပြီးဆုံးပြီး နောက်ပိုင်းအချိန်များတွင် ချားလ်စ်ဘုရင်က Imperial State Crown သရဖူကို ဝတ်ဆင်မည်ဖြစ်ပြီး ဘက်ကမ်ဟမ်နန်းတော်လသာဆောင်မှ ရှုစားသည့်အခါများတွင်လည်း ယင်းသရဖူကို ဝတ်ဆင်မည်။ ကြင်ယာတော် ကမ်မီလာကမူ မေရီဘုရင်မ၏သရဖူ အပ်နှင်းခံရမည်ဖြစ်ပြီး နန်းတက်ပွဲမတိုင်မီ အရွယ်အစားအတိုင်းယူခြင်းများ ပြုလုပ်ထားရသည်။

နန်းတက်ပွဲအတွင်း ကျမ်းသစ္စာကျိန်ဆိုသည့် စကားအသုံးအနှုန်းသည် ရာစုနှစ်များအတွင်း ကွဲပြားမှုများရှိခဲ့သည်။ ဒုတိယမြောက် အဲလစ်ဇဘတ် ဘုရင်မနန်းတက်စဉ်ကမူ  ဗြိတိန်နှင့် ဓနသဟာယနိုင်ငံများအား  ဥပဒေနှင့်အညီ မျှမျှတတ၊ ကရုဏာထား အုပ်ချုပ်သွားပါမည်ဟု သစ္စာဆိုခဲ့သည်။ ချားလ်စ်ဘုရင်၏ ကျမ်းသစ္စာကလည်း အလားတူဖြစ်လိမ့်မည်ဟု ယူဆရသည်။

သစ္စာဆိုပြီးသည့်နောက် ဘုရင်ကို ခရစ်ယာန်ဘုန်းတော်ကြီးက သန့်စင်မွန်မြတ်သည့်ဆီဖြင့် လိမ်းသပ်ဘိသိက်မြှောက်မည်။ ထို့နောက် တော်ဝင်ဝတ်ရုံ၊ နန်းတက်လက်စွပ်၊ အဆောင်အယောင်တောင်ဝှေး စသည်များ ပေးအပ်မည်ဖြစ်ပြီး St Edward’s Crow သရဖူကို အပ်နှင်းမည်။ ပြီးမှသာ ကြင်ယာ တော်ကမ်မီလာကို သရဖူအပ်နှင်းမည်။

Ref: BBC

Most Read

Most Recent