လာမည့်သီတင်းပတ်တွင် တောင်ကိုရီးယားသို့ ဂျပန်ဝန်ကြီးချုပ်ကိရှိဒ သွားရောက်မည်

လာမည့်သီတင်းပတ်တွင် တောင်ကိုရီးယားသို့ ဂျပန်ဝန်ကြီးချုပ်ကိရှိဒ သွားရောက်မည်
မတ်လ ၁၆ ရက်က တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်တွင် ဂျပန်ဝန်ကြီးချုပ်ကိရှိဒ(ယာ)နှင့် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယို(ဝဲ)တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(Photo: Reuters)
မတ်လ ၁၆ ရက်က တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်တွင် ဂျပန်ဝန်ကြီးချုပ်ကိရှိဒ(ယာ)နှင့် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယို(ဝဲ)တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(Photo: Reuters)
Published 2 May 2023
Ref: AFP

အမေရိကန်၏ မဟာမိတ်နှစ်နိုင်ငံဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားတို့သည် အပြန်အလှန်ဆက်ဆံရေးပိုမိုနွေးထွေးလာအောင် ကြိုးပမ်းနေစဉ် ဂျပန်ဝန်ကြီးချုပ် ဖုမိယို ကိရှိဒသည် လာမည့်သီတင်းပတ်တွင် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ်နောက်ပိုင်း ဂျပန်ဝန်ကြီး ချုပ်တစ်ဦး၏ ပထမဆုံး တောင်ကိုရီးယား ခရီးစဉ်အဖြစ် ဝန်ကြီးချုပ်ကိရှိဒသည် မေ ၇ ရက်တွင် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်သည်။

ယခုနှစ်မတ်လက တိုကျိုတွင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ်က အပြန်အလှန်ချ မှတ်ထားသော ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို အဆုံးသတ်ရန် ခေါင်းဆောင်နှစ်ဦး သဘောတူညီခဲ့ပြီး စစ်အတွင်း က ဂျပန်တို့၏ အဓမ္မအလုပ်စေခိုင်းမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ခါးသီးသော ပဋိပက္ခကို ပြေလျော့စေခဲ့ပြီးနောက်တွင် ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ကိရှိဒက တောင်ကိုရီးယားသို့ သွားရောက်ရန် စီစဉ်နေသည်ဟု သတင်းထောက်များကို ပြောကြားခဲ့ပြီးနောက် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် တောင်ကိုရီးယား သမ္မတရုံးတို့က မေ ၇ ရက်မှ ၈ ရက်အထိ ကြာမြင့်မည့် ကိရှိဒ၏ခရီးစဉ်ကို အတည်ပြုခဲ့သည်။

ထိုခရီးစဉ်သည် ဂျပန်နှင့် တောင်ကိုရီးယားတို့အကြား ထိတွေ့ဆက်ဆံမှုများကို အ ရှိန်မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးရန် အခွင့်အလမ်းတစ်ခု ဖြစ်သည်ဟု ကိရှိဒက ဆိုသည်။

လတ်တလောတွင် အာဖရိကနိုင်ငံလေးနိုင်ငံနှင့် စင်ကာပူသို့ သွားရောက်နေသည့် ကိရှိဒက ၎င်းင်း၏တောင်ကိုရီးယား ခရီးစဉ်သည် အိမ်နီးချင်းနိုင်ငံများ၏  ခေါင်းဆောင်များ အပြန်အလှန် အလည်အပတ်သွားရောက်သည့် လွန်းပြန်ယာဉ် သံခင်းတမန်ခင်း ဆက်ဆံရေးကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

ယခုနှစ် မတ်လက ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုအတွင်း ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်ဆိုင်းထားခဲ့သည့် နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန် ခရီးစဉ်များကို ပုံမှန်ပြန်လည်စတင်ရန် ကတိပြုခဲ့ပြီး မေလ နှောင်းပိုင်း၌ ဟီရိုရှီးမားမြို့တွင် ကျင်းပမည့် စက်မှုထိပ်သီးခုနစ်နိုင်ငံ (ဂျီ ၇) ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ကိရှိဒကယွန်းကို ဖိတ်ကြားခဲ့သည်။

“ဂျပန်ဝန်ကြီးချုပ် ကိရှိဒရဲ့ တောင်ကိုရီးယား ခရီးစဉ်ကနေ နှစ်နိုင်ငံခေါင်းဆောင်တွေ အပြန်အလှန် အလည်အပတ်သွားရောက်တဲ့ သံတမန်နည်းလမ်းကို အင်တိုက်အားတိုက် ပြန်လည်စတင်သွားမှာဖြစ်တယ်” ဟု တောင်ကိုရီးယား သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့၏ အဓမ္မအလုပ်စေခိုင်းခံခဲ့ရသူများကို ဂျပန်ကုမ္ပဏီများက နစ်နာကြေးပေးရန် ၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယား တရားရုံးချုပ်က အမိန့်ချခဲ့ပြီးနောက် အကဲဆတ်သော တောင် ကိုရီးယား-ဂျပန် ဆက်ဆံရေးသည် ပိုမိုဆိုးရွားလာခဲ့သည်။

သို့ရာတွင် ယမန်နှစ်က ယွန်းဆက်ယို တောင်ကိုရီးယားသမ္မတဖြစ်လာပြီးနောက်တွင် ထိုပဋိပက္ခကို အဆုံးသတ်နိုင်ရန်နှင့် မြောက်ကိုရီးယားကဲ့သို့သော ဒေသတွင်းခြိမ်းခြောက်မှုများကို တညီတညွတ်တည်း တုံ့ပြန်ရန် အင်တိုက်အားတိုက် လုပ်ဆောင်လာခဲ့သည်။ ဂျပန်၏ တိုက်ရိုက်ပတ်သက်မှုမရှိဘဲ စစ်အတွင်းက ဂျပန်တို့၏ အဓမ္မအလုပ်စေခိုင်းခံခဲ့ရသည့် ကိုရီးယားလူမျိုးများကို နစ်နာကြေးပေးမည့် အစီအစဉ်ကို တောင်ကိုရီးယား အစိုးရက ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့သည်။ သမ္မတယွန်းသည်လည်း တောင်ကိုရီး ယား-ဂျပန်ဆက်ဆံရေးကို ကဏ္ဍသစ်ဖွင့်လှစ်ရန် ရည်ရွယ်လျက် မတ်လ ၁၆ ရက်က ဂျပန်သို့ သွားရောက်ခဲ့သည်။

 

Most Read

Most Recent