ဖိလစ်ပိုင်ကို အကာအကွယ်ပေးမည့် အမေရိကန်၏ ကတိကဝတ်သည် သံမဏိကဲ့သို့ ခိုင်မာမြဲမြံကြောင်း ဖိလစ်ပိုင်သမ္မတမားကို့စ်ကို သမ္မတဘိုင်ဒင်ပြောကြား

ဖိလစ်ပိုင်ကို အကာအကွယ်ပေးမည့် အမေရိကန်၏ ကတိကဝတ်သည် သံမဏိကဲ့သို့ ခိုင်မာမြဲမြံကြောင်း ဖိလစ်ပိုင်သမ္မတမားကို့စ်ကို သမ္မတဘိုင်ဒင်ပြောကြား
မေ ၁ ရက်က အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် သမ္မတဂျိုးဘိုင်ဒင်နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာတို့ တွေ့ဆုံစဉ် (Photo: AFP)
မေ ၁ ရက်က အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် သမ္မတဂျိုးဘိုင်ဒင်နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာတို့ တွေ့ဆုံစဉ် (Photo: AFP)
Published 2 May 2023
Ref: AFP

မေ ၁ ရက်က အိမ်ဖြူတော်တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို လက်ခံတွေ့ဆုံစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ လုံခြုံရေးအတွက် အမေရိကန်၏ ကတိကဝတ်ကို သမ္မတဂျိုးဘိုင်ဒင်က ထပ်လောင်းအတည်ပြုခဲ့ပြီး နှစ်နိုင်ငံ၏ နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကိုလည်း ၎င်းက အလေးပေးပြောဆိုခဲ့ သည်ဟု သိရသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်ရေတပ်က ဖိလစ်ပိုင်သင်္ဘောများကို နှောင့်ယှက်နေမှုအပေါ် စိုးရိမ်မှုများ ကြီးထွားလျက်ရှိသည်။ တရုတ်က တောင်တရုတ်ပင်လယ်ရှိ မဟာဗျူဟာအချက်အချာကျသော ကျွန်းများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများတွင် ချဲ့ထွင်နေရာယူလာသည့်အပေါ် တုံ့ပြန်ရေးအတွက် ခေါင်းဆောင်နှစ်ဦးက အဓိကထားဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်က ၀ါရှင်တန်သို့ တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယို နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး ယခုနှစ်ဇန်နဝါရီလကလည်း အိမ်ဖြူတော်တွင် သမ္မတဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ် ဖုမိယို ကိရှိဒတို့ တွေ့ဆုံခဲ့ပြီးနောက်တွင် ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာ၏ လေးရက်ကြာ ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် ဖိလစ်ပိုင်သမ္မတ မားကို့စ်ကို လက်ခံတွေ့ဆုံစဉ်အတွင်း ဖိလစ်ပိုင်ကို အကာအကွယ်ပေးမည့် အမေရိကန်၏ ကတိကဝတ်သည် သံမဏိကဲ့သို့ ခိုင်မာမြဲမြံကြောင်း အလေးအနက်ပြောဆိုခဲ့သည်။

သမ္မတမားကို့စ်ကလည်း ခက်ခဲသောအခြေအနေများကို ရည်ညွှန်းပြောဆိုခဲ့ပြီး ဖိလစ်ပိုင်သည် ကမ္ဘာပေါ်တွင် လတ်တလော ပထဝီဝင်နိုင်ငံရေး အခြေအနေအရှုပ်ထွေးဆုံးဟုဆိုရမည့် ဒေသတွင် တည်ရှိနေသည်ဟု လည်း ၎င်းကဆိုသည်။

“တောင်တရုတ်ပင်လယ်နဲ့ အာရှ-ပစိ ဖိတ်ဒေသတစ်ဝိုက်မှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဖိလစ်ပိုင်အနေနဲ့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော အပြန်အလှန်ကာကွယ်ရေးစာချုပ် ချုပ်ဆိုထားတဲ့ မိတ်ဖက်နိုင်ငံနဲ့ဆက်ဆံရေး၊ မိမိတို့ရဲ့ အခန်းကဏ္ဍကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်ဖို့နဲ့ ပြန်လည်ပြဋ္ဌာန်းဖို့ ကြိုးပမ်းတာဟာ လုပ်ရိုး လုပ်စဉ်သာဖြစ်တယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ထိုင်ဝမ်ကျွန်းအပေါ် တရုတ်၏အင်အားပြမှုများ မြင့်တက်လာခြင်းနှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်က စစ်အခြေစိုက်စခန်းများ တည်ဆောက်လာခြင်းတို့ကို တန်ပြန်ရန် ကာလရှည် မဟာမိတ်များဖြစ်သည့် ဖိလစ်ပိုင်နှင့် အမေရိကန်တို့က ကြိုးပမ်းနေပြီး ဖိလစ်ပိုင်ရှိမဟာဗျူဟာကျသော နေရာဒေသများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ယခုနှစ် ဖေဖော်ဝါရီလတွင် သဘောတူညီမှု ရရှိခဲ့သည်။

EDCA ဟုအမည်ရသော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး သဘောတူညီချက်အရ အမေရိကန်သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ရာတွင် ဖိလစ်ပိုင်ရှိ စစ်စခန်းကိုးခုကို အသုံးပြုခွင့်ရှိပြီး စစ်လက်နက်ပစ္စည်းများကိုလည်း ဖြန့်ကြက်ချထားခွင့်ရှိသည်။ တရုတ်လိုလားသည့် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးလက်ထက်၌ အမေရိကန်- ဖိလစ်ပိုင်ဆက်ဆံရေး အက်ကြောင်းထင်ခဲ့သော်လည်း သမ္မတသစ် မား ကို့စ်ကမူ မဟာအင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေးကို ဟန်ချက်ညီညီ ထိန်းညှိရန် ကြိုးပမ်းလျက်ရှိသည်။

 

Most Read

Most Recent