လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကို စွန့်ခွာပြီး တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် NCA အတိုင်း ငြိမ်းချမ်းစွာလျှောက်လှမ်းကြမှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ငုရွှေဝါခန်းမတွင် ဧပြီ ၂၄ ရက်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၅) ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံရာ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးတည် ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အဓိကလိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်အနေဖြင့် တာဝန်ယူခဲ့သည့် ကာလအတွင်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ ထိုသို့ဖိတ်ခေါ်ရာတွင် ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့က ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနေရာတွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့် ရလဒ်များ ရရှိနေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်ရှိလာခြင်းမရှိသေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများကိုလည်း ကြိုတင်ကန့်သတ်ချက်တစ်ခုမှ မထားဘဲ တွေ့ဆုံဆွေးနွေးခြင်းကို အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုထားသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ပြောကြားသည်။
တပ်မတော်အနေဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၂၂ ကြိမ်ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ ခုနှစ်ကုန်သည်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို တိုးမြှင့်ပေးထားပြီးဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကိုစွန့်ခွာပြီး တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် မှန်ကန်သည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သော NCA အတိုင်း ငြိမ်းချမ်းစွာလျှောက်လှမ်းကြမှသာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မောင်တို့၊ မယ်တို့အနေဖြင့်လည်း မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပေါ်တွင် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း ၎င်းက ဆိုသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။