မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအဆုံးသတ်ရေးလမ်းကြောင်းကို ရှာဖွေရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း တိုက်တွန်း

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအဆုံးသတ်ရေးလမ်းကြောင်းကို ရှာဖွေရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း တိုက်တွန်း
Published 25 April 2023

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအဆုံးသတ်ရေးလမ်းကြောင်းကို ရှာဖွေရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း တိုက်တွန်းခဲ့ကြောင်း ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည်။   

The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နစက၏ ဖိတ်ကြားချက်အရ ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရန်နှင့် ငြိမ်းချမ်းပြီး အားလုံးပါဝင်သည့် တရားဝင်အစိုးရတစ်ရပ် ထူထောင်ရန် လမ်းကြောင်းရှာဖို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းက ဆိုသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် တွေ့ဆုံရာတွင် ရေရှည်တည်တံ့သည့် အဖြေတစ်ခုရရှိရန် NUG အပါအဝင် ဘက်ပေါင်းစုံပါဝင်ရေးက အရေးကြီးကြောင်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။

“အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့အတွက် တိုက်တွန်းဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာနိုင်ငံကို ကျွန်တော်လာခဲ့ပါတယ်” ဟု မစ္စတာဘန်ကီမွန်းက ဆိုသည်။

“မြန်မာပြည်သူတွေ ထိုက်တန်တဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လွတ်လပ်မှုရရှိဖို့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမှာပါ” ဟု ၎င်းက ပြောကြားသည်။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ တိုက်တွန်းခဲ့ကြောင်း မစ္စတာဘန်ကီမွန်းက ဆိုသည်။

ထို့ပြင် မတရားဖမ်းဆီးထားသော အကျဉ်းသားအားလုံးကို ချက်ခြင်းပြန်လွှတ်ပေးရန်၊ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် ပါတီအားလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

မကြာသေးမီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေကြောင်းတိုက်ခိုက်မှုအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း မစ္စတာဘန်ကီမွန်းက ထပ်လောင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လွတ်လပ်ပြီး တရားမျှတမှုရှိသော အချိန်မှသာ ရွေးကောက်ပွဲကို ကျင်းပရန်နှင့် လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲကျင်းပမည်ဆိုပါက အကြမ်းဖက်မှုနှင့် ကွဲလွဲမှုများကို ပိုဖြစ်စေပြီး ရွေးကောက်ပွဲရလဒ်အပေါ် မြန်မာနိုင်ငံ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ် မပြုနိုင်ကြောင်း မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာဘန်ကီမွန်းက သတိပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းဟာ နိုင်ငံတကာက စိုးရိမ်ပူပန်မှုဖြစ်စေတဲ့ အရင်းအမြစ်ဖြစ်တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် သူတို့ရဲ့ ကတိကဝတ်တွေမှာ စည်းလုံးညီညွတ်ပြီး သန္နိဋ္ဌာန်ချဖို့ လိုပါတယ်။ စိတ်ရှည်သည်းခံစိတ်နဲ့ လက်ရှိအကျပ်အတည်းကနေ ရှေ့ကို လမ်းစရှာနိုင်မယ်လို့ ယုံကြည်ပါတယ်” ​​ဟု မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်နှင့် တွေ့ဆုံရာတွင်  မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်မှုအခြေအနေများနှင့် ပတ်သက်ပြီး အပြန်အလှန်အမြင်ချင်း ဖလှယ်၍ အပြုသဘောဆောင် ဆွေးနွေးခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။ 

 

Most Read

Most Recent