နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်နိုင်ငံလုံးအကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရန်နှင့် မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုမှကင်းဝေးစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ငုရွှေဝါခန်းမတွင် ဧပြီ ၂၄ ရက်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၅) ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံရာ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့နိုင်ငံတွင် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် အလွန်အရေးကြီးကြောင်း၊ နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် မငြိမ်မသက်မှုများ၊ ဆူပူအကြမ်းဖက်မှုများသည် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် မတရားရယူရန်ကြိုးပမ်းခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ဖြစ်သည်ကို မောင်တို့မယ်တို့ အားလုံး အသိပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် တိုင်းပြည်၏ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံ၏အနာဂတ်ကို ဖော်ဆောင်မည့်ခေါင်းဆောင်များ ရွေးချယ်ခြင်းဖြစ်သဖြင့် အလွန်အရေးကြီးကြောင်း၊ လွတ်လပ်ပြီး တရားမျှတမှသာ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်အပေါ်တွင် ယုံကြည်မှုရှိမည်ဖြစ်ပြီး ကောင်းမွန်သည့် နိုင်ငံရေးသမိုင်းကို ပုံဖော်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်မားစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူများ ကိုယ်တိုင်ကရွေးချယ်သည့် ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူများကိုယ်စား တာဝန်ယူ၊ တာဝန်ခံပြီး အုပ်ချုပ်သည့် စနစ်ပင်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ ပြည်ထောင်စုအတွင်း တိုင်းဒေသကြီးများ၊ ပြည်နယ်များတွင် အတူယှဉ်တွဲနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာတွင် လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘော တရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ဟု ဆိုကြရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား ပြည်သူများအတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လုပ်ပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွဲဝေကျင့်သုံးသွားကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် မိမိတို့၏အခွင့်အရေးများ၊ နစ်နာမှုများ၊ မိမိတို့ဒေသနှင့်ဆိုင်သည့် အရေးအရာများကို လွှတ်တော်များတွင် တရားဝင်ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ ကျယ်ပြန့်စွာ ကိုယ်စားပြုခွင့်ရရှိနိုင်ရေးအတွက် ရွေးကောက်ပွဲစနစ်ကို လက်ရှိကျင့်သုံးနေသည့် ဦးသူအနိုင်ယူ (FPTP)စနစ်အပြင် အချိုးကျကိုယ်စားပြု (PR) စနစ်ကိုလည်း ပေါင်းစပ်ကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း နိုင်ငံသားတစ်ဦးချင်းစီ၏ ဆန္ဒသဘောထားကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ရန်အတွက် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့်မတရားမှုများနှင့် ကင်းဝေးစေရမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်လည်း တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရန်၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုမှ ကင်းဝေးစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။