ပြည်တွင်းစားသုံးသည့်ဆန်စျေး မြင့်တက်စေရန် စျေးကစားနေသူများရှိနေသဖြင့် ပစ္စည်းမှန်/စျေးမှန်ဖြင့် ဆန်ဝယ်ယူလိုသူများ ကုန်စည်ဒိုင်သို့ ဆက်သွယ်နိုင်ကြောင်း ဆန်စပါးအသင်းချုပ်ထုတ်ပြန်

ပြည်တွင်းစားသုံးသည့်ဆန်စျေး မြင့်တက်စေရန် စျေးကစားနေသူများရှိနေသဖြင့် ပစ္စည်းမှန်/စျေးမှန်ဖြင့် ဆန်ဝယ်ယူလိုသူများ ကုန်စည်ဒိုင်သို့ ဆက်သွယ်နိုင်ကြောင်း ဆန်စပါးအသင်းချုပ်ထုတ်ပြန်
ရန်ကုန်မြို့ရှိ ဆန်ကုန်စည်ဒိုင်၌ ယခင်နှစ်က ဆန်များ ရောင်းချပေးစဉ်(ဓာတ်ပုံ- သီဟအောင်)
ရန်ကုန်မြို့ရှိ ဆန်ကုန်စည်ဒိုင်၌ ယခင်နှစ်က ဆန်များ ရောင်းချပေးစဉ်(ဓာတ်ပုံ- သီဟအောင်)
Published 25 April 2023

ဆန်စျေး မြင့်တက်စေရန် စျေးကစားနေသူများကို စိစစ်ဖော်ထုတ်မည်ဖြစ်ပြီး ပစ္စည်းမှန်/စျေးမှန်ဖြင့် ဆန်ဝယ်ယူလိုသူများ ကုန်စည်ဒိုင်သို့ ဆက်သွယ်နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထား သည်။

ပြည်တွင်းစားသုံးဆန်စျေးနှုန်းများ မြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသူများရှိနေသောကြောင့် ဆန်စျေးနှုန်း တည်ငြိမ်စေရန်နှင့် ပစ္စည်းမှန်၊ စျေးနှုန်းမှန်၊ အရောင်းအဝယ်မှန်ဖြစ်စေရေး ထိန်းကျောင်း ဆောင်ရွက်သွားရန် အသင်းချုပ်အနေဖြင့် ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်များ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ကုန်သည်ပွဲစား စက်ပိုင်များအနေဖြင့် လည်း ရေတိုအကျိုးအမြတ်နှင့် ရေရှည်အကျိုးစီးပွါးကို မျှတစွာချင့်ချိန်ရောင်းဝယ် ဆောင်ရွက်ကြရန် နှိုးဆော်အသိပေးထားသည်။

ပစ္စည်းမှန်၊ စျေးနှုန်းမှန်ဖြင့် ဆန်ဝယ်ယူလိုသော အဖွဲ့အစည်း/အိမ်ထောင်စုများ အနေဖြင့် ကုန်စည်ဒိုင်များတွင် ဆက်သွယ် ဝယ်ယူနိုင်ပါသည်။ အခက်အခဲရှိပါက အသင်းချုပ်ရုံး၊ ကုန်စည်ဒိုင်ရုံးများနှင့် ဆက် သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ဆန်စျေးမြင့်တက်စေရန်နှင့် စားသုံးသူ ပြည်သူများအတွက် စိုးရိမ်ထိတ်လန့်စေရန် လှုံ့ဆော်ဆောင်ရွက်သူများ၊ Online ပေါ်တွင် စိုးရိမ်စိတ် တိုးပွားစေရန် မမှန်သောစျေးနှုန်းများ၊ မမှန်သော သတင်းအချက်အလက် တင် နေသူများအား ဆန်စပါးလောက၏ ရေရှည်အကျိုးအတွက် ၀ိုင်းဝန်းစိစစ်ဖော်ထုတ်ပြီး သတိပေးရန်နှင့် စည်းရုံးပညာပေးရန်၊ မထူးခြားပါက သက်ဆိုင်ရာသို့ တင်ပြရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ပါသဖြင့် သက်ဆိုင်သူ များအားလုံး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးပါရန် ထုတ်ပြန်ထားသည်။

“ဆန်စျေးက အတက်ချည်းပဲ။ အခု ကျွန်မဝယ်ခဲ့တဲ့ဆိုင်မှာရွှေဘိုထူးထူးရှယ်ကို ၅၄၀၀ နဲ့ရောင်းပေးတယ်။ ထူးထူးရှယ်ဆိုပေမဲ့ နည်းနည်းရောပါတယ်။ ဆိုင်ကြီးတွေမှာ  ရွှေဘိုထူး ထူးရှယ်က တစ်ပြည်ကို ၅၇၀၀။ သူက ဆန်ပိုသန့်တယ်။ မဂျမ်းတောတွေလည်း စျေးထပ်တက်တယ်၊ဆန်ချောရော ဆန်ကြမ်းရော အကုန်တက်တာ”ဟု ရန်ကုန်မြို့ရှိ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းမှ ထုတ်ပြန်ချက်အရ ဧပြီ ၂၅ ရက်တွင် ဖြစ်ပေါ်နေသည့် အမြင့်ဆုံးနှင့် အနိမ့်ဆုံး ဆန်တစ်အိတ် စျေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းကျပ် ၉၃၀၀၀ မှ ကျပ် ၁၀၅၀၀၀ ကြား၊ ဖျာပုံပေါ်ဆန်း ကျပ် ၈၀၀၀၀ မှ ၈၂၀၀၀ ကြား၊ ငစိန်ကျပ်၅၃၅၀၀ မှ ၅၅၀၀၀ ကြား၊ ဧည့်မထ ကျပ် ၅၄၀၀၀ မှ ၅၆ဝဝဝကြား စသည်ဖြင့် ဆန်အမျိုးအစားအလိုက် စျေးနှုန်းများဖြစ် ပေါ်နေသည်။

Most Read

Most Recent