အယ်နီညို ရာသီဥတုပြောင်းလဲမှု ပြဿနာများ

အယ်နီညို ရာသီဥတုပြောင်းလဲမှု ပြဿနာများ
ရန်ကုန်မြို့လယ်တွင် သွားလာနေသူအချို့ကို ယခုရက်ပိုင်း တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်မြို့လယ်တွင် သွားလာနေသူအချို့ကို ယခုရက်ပိုင်း တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 24 April 2023
ဒေါက်တာလွင်သန့်

အယ်နီညိုရာသီဥတုပြောင်းလဲ မှုဟာ ၂၀၂၃ ခုနှစ်နွေရာသီမှာ ပိုမိုပြင်းထန်လာပါတယ်။ ဖြစ်နိုင်တဲ့ ရောဂါတွေက ရေရှားပါးမှု၊ သောက်သုံးရေပြတ်လပ်မှု၊ တစ်ကိုယ်ရေသန့် ရှင်းမှုနည်းတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အစာအဆိပ်သင့်ခြင်း ရောဂါ၊ အထက်လှန်အောက်လျှောရောဂါ၊ အပူကြောင့် ရေဓာတ်ဆုံးရှုံးခြင်း၊ ကြွက်တက်ခြင်း၊ ခရမ်းလွန်ရောင်ခြည်သင့်ခြင်း၊ အသားအရေ အညိုအမည်းစွဲခြင်း၊ အရေပြားဓာတ်မတည့်ခြင်း၊ အရေပြားယားနာများ၊ အပူကြောင့်သွေးလန့်ခြင်း (Heat Stoke) တို့ဖြစ်နိုင်ပါတယ်။

သောက်သုံးရေပြတ်လပ်ခြင်း၊ ရေမသန့်ခြင်းက တစ်ကိုယ်ရေသန့် ရှင်းမှု ကျဆင်းလာသလို မသန့်ရှင်း တဲ့ရေသောက်သုံးရလို့ ဝမ်းလျှော၊ ဝမ်းပျက်၊ ဝမ်းကိုက်ရောဂါတို့ခံစား ကြရပါတယ်။ ဝမ်းလျှောရောဂါမှာ အီးကိုလိုင်း (E.coli)၊ ဘယ်ဆယ် လယ်ရီ (Baiilary) နဲ့ အမီဘားဝမ်းကိုက်ရောဂါ (Amoebamic dysentry) တို့ဖြစ်ပွားနိုင်ပါတယ်။ ရောဂါရှိသူရဲ့ မစင် (Faeces)ကို ယင်ကောင် (Fly) နားပြီး ပျံသန်း (Flight) ကာ အစာ (Food) မှာ နားလို့ မသန့်ရှင်းတဲ့ လက်ချောင်း (Fingers) တွေနဲ့ စားမိသောက်မိကြလို့ ဖိုက်အက် (စ်) (5Fs) ကြောင့် ဝမ်းလျှောဝမ်းပျက်နဲ့ ဝမ်းကိုက်ရောဂါများ ဖြစ်စေနိုင်ပါတယ်။

လုံခြုံစိတ်ချရတဲ့ အစားအစာရဖို့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ လတ်ဆတ်ဖို့ လိုသလို၊ ဝယ်ယူလာတဲ့ပစ္စည်းတွေကို ဆား၊ ရေမှာ ၁၅ မိနစ်ခန့်စိမ်ကာ ရေစင်စင်ဆေးပြီးမှ ဓာတုသြဇာဓာတ်၊ ဓာတုပိုးသတ်ဆေးဒဏ် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အသုံးအဆောင်ပစ္စည်းများ၊ လှီးဖြတ်စားသောက်ရမယ့် ဇွန်း၊ ခက်ရင်းစတာတွေ သန့်ရှင်းစင်ကြယ် ရေးအစားအသောက်ကို ချက်ပြုတ်ကိုင်တွယ်မယ့်ဝန်ထမ်းများ၊ အိမ်အကူ၊ အလုပ်သမားတို့ သန့်ရှင်းစင်ကြယ်ဖို့ လိုပါတယ်။ အနည်းဆုံး သုံးလအတွင်း နှပ်ရည်လက်ကြားထဲ ရည် (Hand and Nasal Swabs) စစ်ဆေးထားပြီး ဖြစ်ရပါမယ်။

အစားအစာမချက်ပြုတ်မီ ထည့်ထားမယ့် ရေခဲသေတ္တာ၊ ချက်ပြုတ်ပြီးထားမယ့် ရေခဲသေတ္တာ ခွဲထားရပါမယ်။ ပိုမိုကောင်းမွန်တဲ့ တစ်ကိုယ် ရေသန့်ရှင်းရေးအနေနဲ့ အစာမစားမီ အစာမပြင်မီ၊ မကိုင်တွယ်မီ လက်ကို ဆပ်ပြာရေတို့နဲ့ စက္ကန့် ၂၀ ထက်ကြာ ဆေးကြောဖို့လိုပါတယ်။ သောက်ရေသန့်သောက်ရမယ်။ ရေသန့်မရရင် ရေကို ကျိုချက်အအေးခံပြီး သောက်သုံးနိုင်တယ်။ စထရပ်တိုကော့ကပ် (Streptocous) ရောဂါပိုးဟာ လေနဲ့အတူ နှာချေခြင်း၊ ချောင်းဆိုးခြင်းကနေ အစာအိမ်ထဲ ကူးစက်တာ စားသုံးသူထံရောက်သွားတယ်။ အစာထုတ်လုပ်တဲ့ လုပ်သား၊ အိမ်ဖော်တွေ ကူးစက်ရောဂါ ကင်းရှင်းဖို့လိုအပ်သလို ကျန်းမာရေး ကင်းစင်ကြောင်း စစ်ဆေးထားမှုတွေ ရှိရပါမယ်။ ရှောင်တခင်စစ်ဆေးသွားဖို့ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ (FDA) မှာ တာဝန်ရှိလာပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း၊ အစာမသန့်၊ ရေမသန့်ခြင်းတို့ကြောင့် ဝမ်းလျှောဝမ်းပျက်ရင် စားဆေးနိုဘက်တင် (Nobatin)၊ မက်ထရို၊ (metronidazde)၊ ဒီကိုတေး (Decotil) ကို တစ်နေ့ သုံးကြိမ်နဲ့ လေးရက်သောက်ဖို့ ဓာတ်ဆားရည်သောက်ပေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

အပူကြောင့် ရေဓာတ်ဆုံးရှုံးခြင်း၊ ကြွက်တက်ခြင်းတို့မှ ကာကွယ်ဖို့ နေအလွန်ပြင်းတဲ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ မြစ်ဆိပ် ရေဆိပ်မဆင်းဖို့၊ ရေမချိုးဖို့၊ အလုပ်မှအနားယူဖို့၊ အစောပိုင်းအချိန်နှင့် ညနေပိုင်းအချိန်တွေ ပြောင်းရွှေ့လုပ် ကိုင်ကြဖို့၊ နေပူထဲလုပ်ရင် လုံလောက်တဲ့ အဆောင်း၊ အကာများ ဝတ်ဆင်လုပ်ဆောင်ဖို့ လိုအပ်ပါ တယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ညဘက်မှ သုည၊ နွေနေ့လယ်မှာ ၁၁ အထိရှိနိုင်တာကြောင့် နေပူထဲသွားရင် နေရောင်ခံ ခရင်မ် (Sun Cream) လိမ်းပေးရမယ်။ နှစ်နာရီကြာတိုင်း တစ်ခါလိမ်းရမယ်။ သနပ်ခါးလိမ်းနိုင်တယ်။

ခရမ်းလွန်ရောင်ခြည်ဟာ သဘာဝကနေမှ ထွက်ရှိပြီး ကမ္ဘာမြေမျက်နှာပြင်မရောင်အောင် အိုဇုန်း (Ozone) လွှာက ခံထားပေးပါတယ်။ မြေပြင်နဲ့ကပ်လျက် လေထုအလွှာက ထရိုပိုပီးယား၊ နောက် စထရာတိုစပီးယား၊ ကပ်လျက်က အိုဇုန်းလွှာ၊ နောက်ဆုံးက မီဆိုစပီးယားတို့ရှိကြရာ အိုဇုန်းလွှာပေါက် ပြဲလို့ ခရမ်းလွန်ရောင်ခြည်က ကမ္ဘာမြေပေါ် တိုက်ရိုက်ကျရောက်ပါတယ်။ သက်ကြွင်းလောင်စာ (ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ လောင်ခြင်း၊ လူတို့မှလုပ်တဲ့ ကလိုရို ဖလူရို ကာဗွန် (Chloro- Fleuru- Carbon) ဥပမာ ရေခဲသေတ္တာ၊ အဲယားကွန်း၊ ဖျက်မင်၊ လက်သည်းဆိုးဆေးတို့ကြောင့် အိုဇုန်းလွှာပေါက်ပြဲမှု များလာစေတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားအညိုအမည်းစွဲခြင်း၊ အရေပြားဓာတ်မတည့်ခြင်း၊ အရေပြားယားနာများ၊ အင်ပြင်ထွက်ခြင်း၊ အရေပြားကင်ဆာနဲ့ သက်ကြီး ရေတိမ် (Cataract) ဖြစ်တတ်လို့ နေပူထဲထွက်ရင် ခရမ်းလွန်ရောင်ခြည် ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တပ်ဖို့လိုအပ်သလို အကျႌ၊ လုံချည်ရှည်ပွပွ၊ ချောင်ချောင်၊ ချည်သား အရောင်ဖျော့ဝတ် ရမယ်။ ရေဆာရင် ရေပဲသောက်သင့်တယ်။ အရက်၊ ဘီယာ ရှောင်သင့်ပါတယ်။ အရက်၊ ဘီယာဟာ ခန္ဓာကိုယ်ထဲက သွေးကို ညစ်နွမ်းစေလို့ ရေများများသောက်ဖို့ လိုအပ်ပါတယ်။ အချိုရည်ဘူးတွေလည်း မသောက်သင့်ပါဘူး။ အဝလွန်စေပါတယ်။

နွေမှာ သွေးလွန်တုပ်ကွေး တွေ့ရတာက ပူပြင်းလို့ဆိုကာ ကလေးတွေခြင်ထောင်နဲ့ မအိပ်လို့ ခြင်ကျားအကိုက်ခံလို့ ဖြစ်ပါတယ်။ ခြင်မပေါက်ဖွားရအောင် ရေများ ဖုံးအုပ်ခြင်း၊ ရေကြွင်းရေကျန်သွန်ပစ်ခြင်း၊ လဲလှယ်ခြင်း၊ ရေစစ်နှင့်စစ်ခြင်း၊ လောက်လန်းစား ငါးမွေးခြင်း၊ ခြင်မပေါက်ပွားအောင် အဘိတ် (Abate) ဆေးခတ်ခြင်း၊ ခြင်ကိုက်မခံရအောင် မယ်လာသီယွန်၊ ပါရာသီယွန် (Malathion/Parathion) ဆေးဖျန်းခြင်း၊ ဆေးမှုတ်ခြင်း၊ ဆေးစိမ်ခြင်ထောင်နဲ့ နေ့ရောညပါအိပ်စက်ခြင်း၊ ကလေးငယ်များခြင်မကိုက်ရအောင် ခြင်ဆေးလိမ်းခြင်း ပြုလုပ်သင့်ပါတယ်။

နွေရာသီမှာ ရေအရင်းအမြစ်ရှားပါးလို့ ရေချွေတာပြီး နွေသီးနှံတွေ စိုက်ပျိုးရတဲ့အခါ ရာသီဥတုကပါ ပူလွန်းလို့ သီးနှံအထွက်လျော့နည်းကာ စားနပ်ရိက္ခာ စျေးကြီးမြင့်မှု၊ ရေပြတ်လပ်မှုတို့ ကြုံရနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေက မြန်မာနိုင်ငံမြောက်ပိုင်းက ရေခဲတောင်တွေ အရေပျော်လို့ မြစ်ရေကြီးမှုဖြစ်တတ်သလို၊ ဘင်္ဂလားပင်လယ်အော်က “ဖန်နီ” လို ဆိုင်ကလုန်းမုန်တိုင်းတွေကြောင့် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြေရေကြီးခြင်း၊ မုန်တိုင်းဒဏ်သင့်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ မြစ်ချောင်းရေများ ရုတ်တရက်တိုးကာ လူ၊ ယာဉ်များပါခြင်းတို့ဖြစ်လာနိုင်ပါတယ်။ မိုးလေဝသသတင်းကို ရေဒီယိုရုပ်မြင်သံကြားတို့ကနေ အမြဲနားထောင်သင့်ပါတယ်။

နွေရာသီ ရေပြတ်လပ်မှုကာကွယ်ဖို့ မြစ်ချောင်းတို့ရှိ ရေများ စံချိန်တင်ကျဆင်းခြင်းမှ ကာကွယ်နိုင်ဖို့ ဆည်မြောင်းတာတမံတွေ ဆောက်လုပ်ကာ၊ ရေသိုလှောင်ထားခြင်းက ရေအားလျှပ်စစ်၊ နွေစပါး၊ နွေသီးနှံတွေအပြင် လူတို့သောက်သုံး ရေပြတ်လပ်မှု၊ ရေရှားပါးမှုမှ ကာကွယ်နိုင်မှာဖြစ်တယ်။ မြစ်ရေတင် စီမံကိန်းတွေ၊ အဝီစိတွင်းရေစီမံကိန်း တွေ၊ မိုးနည်းရေရှားဒေသတွေမှာ တိုးချဲ့ဆောင်ရွက် လုပ်ကိုင်သင့်ပါတယ်။ စေတနာရှင်တွေနဲ့ အစိုးရက ရေကောင်းရေသန့်၊ သောက်ရေ လှူ ဒါန်းပေးနေပေမဲ့ ရေရှည် ရေဖူလုံရေးဒေသတွင်း စီမံချက်ရေးဆွဲဆောင်ရွက်စေသင့်တယ်။ သစ်တောတွေ ထိန်းသိမ်းရမယ်။ ရေဝေရေလဲ တောတွေ ခုတ်ထွင်ရှင်းလင်းကာ စီမံကိန်းတွေ တိုးချဲ့တာကြောင့် နွေမှာ ရေရှားပါးသလို မိုးရွာပြီး ရေကြီးရေလျှံ နှစ်စဉ်ခံကြရတယ်။ သစ်ပင်စိုက်ကြရပါမယ်။

အယ်နီညို၊ လာနီညာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်မှာ သဘာဝတရားကြောင့်အပါအဝင် လူတို့ ပယောဂပါဝင်နေလို့ ဒီဘက်နှစ်ပိုင်းတွေမှာ အလွန်ပူပြင်းခြင်း၊ ရေရှားပါးခြင်း၊ မိုးကြီးခြင်း၊ ရေကြီးရေလျှံခြင်း၊ သဘာဝသစ်တောများ ပြုန်းတီးခြင်း၊ တောမီးလောင်ခြင်း၊ တောင်ယာစိုက်ပျိုးခြင်းနှင့် စီမံကိန်းများ တိုးချဲ့လာခြင်းတို့က လူတို့ပိုမိုခံစားလာရခြင်းဖြစ်တယ်။ မိုးရာသီမှာ မုန်တိုင်းအပြင် ရေကြီးရေလျှံပါ တွဲပြီးပါလာတတ်လို့ မိုးအားကိုးပြီး စိုက်ပျိုးတဲ့စနစ်က ဆုံးရှုံးမှုများလာပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆွဲချသလိုဖြစ်နေတယ်။ ရာသီဥတုအစား ဆည်ရေနှင့် စိုက်ပျိုးထုတ်လုပ်နိုင်ရင် စီးပွားရေး တိုးတက်နိုင်ပါတယ်။                  

Most Read

Most Recent