ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာတွင်  အောင်မြေအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူ

ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာတွင်  အောင်မြေအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူ
Published 10 April 2023

ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော်(Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူခြင်းအခမ်းအနားကို ဧပြီ ၉ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့နယ်သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ကိုကိုးကျွန်းလေဆိပ် ဧည့်ခန်းမဆောင်တွင် နစကဥက္ကဌနှင့်ဇနီးတို့က ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများ နေ့လယ်စာ စားသုံးနိုင်ရန်အတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် နစကဥက္ကဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာသို့ ရောက်ရှိကြရာ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ ရေကြောင်းလူငယ်မောင်မယ်များနှင့် ဘင်ခရာအဖွဲ့တို့က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး အောင်မြေအထိမ်း အမှတ်ကျောက်တိုင်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် နစကဥက္ကဌက ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာ အောင်မြေအထိမ်းအမှတ်ကျောက်တိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)က ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်ခဲ့ပြီးနောက် နစကဥက္ကဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာ အောင်မြေအထိမ်းအမှတ်ကျောက်တိုင်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းသည် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ဆက်စပ်နေရာတွင် တည်ရှိပြီး မင်္ဂလာကျွန်း၊ စလစ်ပါကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်းနှင့် ကိုကိုးလေးကျွန်းများဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ရန်ကုန်မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင် တည်ရှိသည့် ကျွန်းဖြစ်ကြောင်း၊ နစကဥက္ကဌ၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် လာရောက်သည့် ကိုကိုးကျွန်းမြို့ခရီးစဉ်တွင် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ဆုံမှတ်နေရာ (Victorious Point)တွင် အထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို စိုက်ထူရန် လမ်းညွှန်ချက်အရ ယခုကဲ့သို့ အောင်မြေအထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အရှေ့မြောက်ဘက်ပိုင်း ရေပြင်ဖြစ်ကာ အနောက်နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ တောင်ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်းတို့ တည်ရှိကြောင်း၊ ဘင်္ဂလားပင်လယ်အော်သည် ကမ္ဘာပေါ်ရှိ ပင်လယ်အော်များအနက် ရေပြင်အကျယ်ဆုံး ပင်လယ်အော်ဖြစ်ကြောင်း၊ ကပ္ပလီပင်လယ်ပြင် (Andaman Sea)သည် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်အစွန်အဖျားအကျဆုံး ရေပြင်ဖြစ်ကာ အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့တစ်လျှောက်ရှိ မြန်မာနိုင်ငံကမ်းရိုးတန်း၊ ထိုင်းနိုင်ငံကမ်းရိုးတန်းနှင့် မလေးကျွန်းဆွယ်၊ အနောက်ဘက်တွင် အက်ဒမန်နှင့်နီကိုဘားကျွန်းတို့ တည်ရှိကြောင်း၊ ကပ္ပလီပင်လယ်ပြင်၏ တောင်ဘက်အကျဆုံးနေရာတွင် နိုင်ငံတကာကုန်သွယ်ရေကြောင်း၏ အဓိကအရေးပါသည့် ရေလက်ကြားတစ်ခုဖြစ်သော မလ္လကာရေလက်ကြားနှင့်လည်း ဆက်စပ်တည်ရှိနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်း၏ မြောက်ဘက်၌ ပါလီပါလဲ့ ရေလမ်းကြောင်း၊ တောင်ဘက်၌ ကိုကိုးရေလမ်းကြောင်းများ တည်ရှိပြီး ၎င်းရေလက်ကြားများမှ နှစ်စဉ်နိုင်ငံခြား ကုန်သွယ်ရေယာဉ်အစင်းရေ ၈၀၀၀ ခန့် ဖြတ်သန်းသွားလာလျက်ရှိသဖြင့် နိုင်ငံတကာရေကြောင်းကုန်သွယ်မှုအတွက်သာမက မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွား အတွက်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent