ရခိုင်ပြည်နယ်မှ ဆန်တန်ချိန် ၂၅၀၀ အပါအဝင် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန်နှစ်သိန်း တင်ပို့နိုင်ခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်မှထွက်ရှိမည့် ဆန်များကို ပိုမိုတင်ပို့နိုင်ရေး ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ်မှ ဆန်တန်ချိန် ၂၅၀၀ အပါအဝင် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန်နှစ်သိန်း တင်ပို့နိုင်ခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်မှထွက်ရှိမည့် ဆန်များကို ပိုမိုတင်ပို့နိုင်ရေး ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 4 April 2023

ရခိုင်ပြည်နယ်မှ ဆန်တန်ချိန် ၂၅၀၀ အပါအဝင် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် နှစ်သိန်း တင်ပို့နိုင်ခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်မှ ထွက်ရှိမည့်ဆန်များကို ပိုမိုတင်ပို့နိုင်ရေး ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၃ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသတစ်ခုချင်းစီအလိုက် ၎င်းဒေသနှင့်ကိုက်ညီနိုင်မည့် စီးပွားရေးလုပ်ငန်းများကို ရေတိုရေရှည်တွက်ချက်ပြီး ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရန်” ဟု လမ်းညွှန်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပီပြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရတို့ ပေါင်းစပ်ညှိနှိုင်းရေးဆွဲဆောင်ရွက်ခဲ့သည့် ကာလတို/ကာလရှည် စီမံကိန်းဖြစ်သော “ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်” ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်နှင့်ဆက်စပ်ပြီး ကုန်သွယ်မှုအပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အစိုးရချင်းချိတ်ဆက်သည့်စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါစာချွန်လွှာအရ ရခိုင်ပြည်နယ်ဒေသထွက် ဆန်တန်ချိန် ၂၅၀၀ အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်နှစ်သိန်း တင်ပို့ပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်မှထွက်ရှိသည့် ဆန်များကို ပိုမိုတင်ပို့နိုင်ရေး ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနေရာချထားရေးနှင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရေရှည်ဘဝရပ်တည်နေထိုင်ရေးအတွက် လိုအပ်သော ကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ စီမံကိန်းအကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ထို့နောက် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေမှုကို ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

Most Read

Most Recent