ဒီတစ်ပတ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ကမ္ဘာ့ဘဏ်လုပ်ငန်းအကျပ်အတည်းနဲ့ ဘဏ်လုပ်ငန်း ပြန်လည်တည်ငြိမ်စေဖို့ ဗဟိုဘဏ်တွေရဲ့ ဘဏ်လုပ်ငန်းအပေါ် အများပြည်သူယုံကြည်မှု တည်ဆောက်ဖို့ ကြိုးစားဆောင်ရွက်ခဲ့တာတွေကို တင်ပြဖို့ ရည်ရွယ်ပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း ၂၀၀၈ ခုနှစ် မတ်လရဲ့ တနင်္ဂနွေနေ့ တစ်ရက်မှာ အမေရိကန်အစိုးရဟာ ဘဏ်လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး Bear Stearns ဘဏ်မှာ အပ်နှံသူ တွေအလုအယက်အပ်ငွေတွေထုတ် ယူနေကြတဲ့အတွက် လဲပြိုမယ့် အန္တရာယ်ကနေ ကယ်တင်ဖို့ အပြီးသတ် ညှိနှိုင်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၆-၃-၂၀၀၈ ရက်နေ့မှာ J P Morgan Chase ကို Bear Streans ဘဏ်ရဲ့ အစုရှယ်ယာ တစ်စုကို အတင်းအကျပ်ရောင်းစျေး အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာနဲ့ရောင်းဖို့ သဘောတူညီခဲ့ကြပါတယ်။ တကယ်ဆိုရင် အဲဒီဝယ်ယူမှုမတိုင်မီ နှစ်ရက်အလိုမှာရှိခဲ့တဲ့ Bear Streans ဘဏ်ရဲ့ ရှယ်ယာတစ်စုတန်ဖိုးထက် ၉၃% လျှော့စျေးနဲ့ ရောင်းချခဲ့ရတာဖြစ်ပါတယ်။အဲဒီအရောင်းအဝယ်ကို အမေရိကန် ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက နှစ်ပေါင်း ၈၅ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံက အထင်ကရ ဘဏ်ကြီးတစ်ဘဏ်ရဲ့ နောက်ဆုံးခရီးအဖြစ် မှတ်ချက်ပြုခဲ့ပါတယ်။
အဲဒီဖြစ်ရပ်နဲ့အတိအကျ (၁၅)နှစ် နီးပါးကြာမြင့်ချိန်မှာ ဘဏ်နဲ့ ဆက်သွယ်ဆောင်ရွက်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အာမခံချက်ပေးတဲ့အနေနဲ့ ဆွစ်ဇာလန်ဗဟိုဘဏ်က အရေးပေါ်ချေးငွေထုတ်ချေးခဲ့တာတောင် အောင်မြင်မှုမရရှိခဲ့လို့ Credit Suisse ဘဏ်ကိုရောင်းချဖို့ ဘဏ်လုပ်ငန်းစည်းမျဉ်းစည်းကမ်း ထိန်းကျောင်းသူတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေဟာ ၁၈-၃-၂၀၂၃ ရက် နေ့မှာတွေ့ဆုံညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဝယ်သူကတော့ အခြားပြိုင်ဘက်ဘဏ်တစ်ဘဏ်ဖြစ်တဲ့ UBS ဘဏ်ဖြစ်ပါတယ်။ စျေးနှုန်းက ဆွစ်ဖရန့် ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ဒသမ၂၅ ဘီလီ ယံ)နဲ့ဝယ်ယူခဲ့တာပါ။ အဲဒီနေ့ မတိုင်ခင် နှစ်ရက်အလိုမှာ ရှိခဲ့တဲ့တန်ဖိုးရဲ့ ၆၀ % လျှော့စျေးနဲ့ ရောင်းချခဲ့ရတာ ဖြစ် ပါတယ်။ အဲဒီအရောင်းအဝယ်ကိုလည်း ဘဏ်လုပ်ငန်းကြီးကြပ်ရေး အာဏာပိုင်တွေရဲ့ ကမကထပြုမှုနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
၂၁-၃-၂၀၂၃ ရက်နေ့မှာ ဆွစ်ဇာလန်အစိုးရက Credit Suisse ဘဏ်နဲ့ပတ်သက်လို့ အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်ထဲမှာ ဘဏ်ရဲ့ဝန်ထမ်းတွေကို ဆုကြေးရှယ်ယာထုတ်ပေးတာ အပါအဝင် ဆုကြေးပေးတာတွေကို ယာယီ ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်က ၁၆၇ နှစ် သက်တမ်း ရှိပြီဖြစ်တဲ့ Credit Suisse ဘဏ်ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းခဲ့ရပြီး ဘဏ်လုပ်ငန်းအကျပ်အတည်းမှာ ကျယ်ပြန့်မှုတွေ ပိုပြီးဖြစ်လာမလားလို့ မေးခွန်းထုတ်လာကြပါတယ်။ ဘယ်သူမှ အဲဒီမေးခွန်းရဲ့အဖြေကို မသိနိုင်ပါ ဘူး။တည်ငြိမ်မှုပြန်ရဖို့ဗဟိုဘဏ်တွေနဲ့ ကြီးကြပ်ရေးအာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုတွေကို မြင်တွေ့နေရပေမဲ့ ကျယ်ပြန့်တဲ့အကျပ်အတည်းရဲ့ အရင်းခံဖြစ်လေမလားဆိုတာကတော့ အချိန်ကပဲ စကားပြောလိမ့် မယ်လို့ဆိုပါတယ်။ Capital Economics ရဲ့ စီးပွားရေးပညာရှင် Mr. Jonas Goltermann ပြောတာက “လာမယ့်နှစ်ပတ် ဒါမှမဟုတ် နှစ်လအတွင်း အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မယ်ဆိုရင် အဆိုးဆုံးအခြေအနေကို ဖြတ်ကျော်နိုင်ပြီလို့ ပြောနိုင်တယ်” လို့ဆိုပါတယ်။
Credit Suisse ဘဏ်က၂၀၀၈ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ငွေရေးကြေးရေး အကျပ်အတည်းပြီးနောက်ပိုင်း ကယ်ဆယ်ခဲ့ရတဲ့ ကမ္ဘာ့ငွေရေးကြေးရေး စနစ်တစ်ခုလုံးအတွက် အရေးပါတဲ့ဘဏ်စာရင်းမှာပါတဲ့ ပထမဦးဆုံးဘဏ်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့ငွေရေးကြေးရေးစနစ်မှာ အရေးပါတဲ့ဘဏ် (၃၀)စာရင်း (ပုံ-၂) ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က ငွေရေးကြေးရေးတည်ငြိမ်ရေးဘုတ်အဖွဲ့ (Financial Stability Board - FSB) က ထုတ်ပြန်ခဲ့တယ်ဆိုတဲ့အကြောင်း စာရေးသူ အရင်ဆောင်းပါးမှာ တင်ပြခဲ့ပါတယ်။ Credit Suisse ဘဏ်ဟာ ငွေရေးကြေးရေးစနစ်အတွက် အရေးပါပေမဲ့လည်း လေ့လာဆန်းစစ်သူအများစုက အဲဒီဘဏ်ရဲ့ဆုံးရှုံးမှုဟာ နောက်ထပ်ကမ္ဘာ့ ငွေရေးကြေးရေးအကျပ်အတည်းရဲ့ အစပျိုးတဲ့ လက္ခဏာအဖြစ် မှတ်ယူခြင်းမရှိကြဘူးလို့ ဆိုပါတယ်။
အရေးကြီးတဲ့ ဆုံးရှုံးနိုင်မှုကို ပြောပါဆိုရင် ငွေရေးကြေးရေးစနစ်မှာ စိုးရိမ်စိတ်နဲ့ ဘဏ်တွေကချေးငွေ ထုတ်မချေးတော့ရင် တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လာမှာပါ။ ချေးငွေအကျပ်အတည်းက အိမ်ထောင်စုတွေနဲ့လုပ်ငန်းတွေကို ဖိစီးမှုတွေဖြစ်စေပြီး အဲဒီကမှတစ်ဆင့် စီးပွားရေးကျဆင်းမှု ဆုံးရှုံးနိုင်ခြေကို ပေါ်ပေါက်စေမှာဖြစ်ပါတယ်။အဲဒီလိုနဲ့ချေးငွေတွေဟာ အရင်းအတိုးပေးဆပ်ဖို့ပျက်ကွက်တဲ့ ကြွေးဆုံးတွေဖြစ်လာပြီး ဘဏ်တွေမှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ လက်ရှိ ကြားခံမတည်ငွေရင်းက အဲဒီအရှုံးတွေအတွက် လုံလောက်အောင် ပြည့်စုံမှုမရှိဘူးလို့ ဆိုပါတယ်။
ဆွစ်ဇာလန်က Investec Bank ရဲ့ Chief Investment Officer, Annelise Peers က CNN သတင်းဌာနကိုပြောခဲ့တာက “ဘဏ်ငယ်တွေ ထပ်ပြီး မပြိုလဲဘူးလို့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ပြောနိုင်တာက ဘဏ်တွေမှာရှိတဲ့ ဘုတ်အဖွဲ့တွေရဲ့ အနေအထားက ၂၀၀၈ ခုနှစ်တုန်းကလို မဟုတ်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဘဏ်တွေကို ကြီးကြပ်စစ်ဆေးမှုက ပိုပြီးခိုင်မာအားကောင်းလာလို့ဖြစ်ပါတယ်။ ဘဏ်တွေတည်ငြိမ်မှုအပေါ် စိုးရိမ်ပူပန်မှုတွေလျော့နည်းလာတဲ့အပြင် ပိုပြီးကျယ်ပြန်တဲ့ အကျပ်အတည်းတွေကိုထိန်းသိမ်းဖို့ ကြီးကြပ်ရေးအာဏာပိုင်တွေရဲ့ လုပ်ပိုင်ခွင့်တွေအပေါ် ပိုပြီးစိတ်ချယုံကြည်မှုရှိလာကြလို့ဖြစ်တယ်။” လို့ ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါအပါအဝင် ပြီးခဲ့တဲ့အကျပ်အတည်းတွေကနေရခဲ့တဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး ဗဟိုဘဏ်တွေအနေနဲ့ စျေးကွက်မှာ လိုအပ်လာရင် မြန်မြန်ဆန်ဆန် ငွေကြေးပံ့ပိုးပေးဖို့ နည်းလမ်းပေါင်းစုံ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ အမေရိကန်ဗဟိုဘဏ်၊ ဥရောပဗဟိုဘဏ်၊ အင်္ဂလန်ဗဟိုဘဏ်၊ ကနေဒါဗဟိုဘဏ်၊ ဂျပန်ဗဟိုဘဏ်နဲ့ ဆွစ်ဇာလန်ဗဟိုဘဏ်တို့ဟာ ငွေပြတ်လပ်မှုမဖြစ်စေဖို့ ကာကွယ်တဲ့အနေနဲ့ အရေးပေါ်ဒေါ်လာပံ့ပိုးမှုကို အနည်းဆုံး ဧပြီလကုန်အထိ ထောက်ပံ့ဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီလို ညှိနှိုင်းဆောင်ရွက်မှုက ကျယ်ပြန်တဲ့ ကူးစက်မှုအန္တရာယ်အပေါ် ဘယ်လောက်အထိ အလေးအနက်ထား ဆောင်ရွက်နေသလဲဆိုတာကို ဖော်ပြနေပါတယ်။ အခြားဒေသတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဥရောပဘဏ်တွေရဲ့ လက်ကျန်ရှင်းတမ်းအခြေ အနေက ပိုကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် မတ်လ ၂၀ ရက်နေ့မှာ စတင်ခဲ့တဲ့ အရေးပေါ် ချေးငွေအစီအစဉ်ကို စိတ်ဝင်စားတဲ့ဘဏ် အနည်းငယ်သာရှိတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံက ဘဏ်ငယ်လေးတွေက အမေရိကန်ဗဟိုဘဏ်ရဲ့ ချေးငွေ အစီအစဉ်အပေါ် စိတ်ဝင်စားမှုပြခဲ့ကြပါတယ်။
ဘဏ်လုပ်ငန်းဟာ အရင်းအနှီးနဲ့ စည်းမျဉ်းစည်းကမ်းပြည့်စုံတယ်ဆိုရုံနဲ့ မလုံလောက်ပါဘူး။ဘဏ်တွေအပေါ် သူတို့ဖောက်သည်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အမြင်တွေကလည်း အရေးကြီးပါတယ်။ Credit Suisse ရဲ့ မတည်ငွေရင်းနဲ့ ငွေဖြစ်လွယ်မှု အချိုးတွေကောင်းနေပေမဲ့လည်း ယုံကြည်မှုခန်းခြောက်တာနဲ့တစ်ပြိုင်တည်း ကယ်လို့မရနိုင်တော့ပါဘူး။ ဗဟိုဘဏ်နဲ့ အစိုးရတွေဟာ စျေးကွက်မှာ ယုံကြည်မှုလဲ ပြိုတာနဲ့ ရင်ဆိုင်ကြုံတွေ့လာရင် တည်ငြိမ်အောင်ဆောင်ရွက်ဖို့ အတော်လေးရုန်းကန်ရတာ တွေ့ရပါတယ်။ ယုံကြည်မှုကင်းမဲ့ပြီး လူတွေ အလုအယက်နဲ့ ဘဏ်မှာအပ်ထားတဲ့ငွေတွေ ပြန်ထုတ်ယူမယ်ဆိုရင် Credit Suissei၊ Silicon Valley နဲ့ Signature Bank တွေလို အဖြစ်မျိုးနဲ့ ကြုံတွေ့ရမှာဖြစ်တဲ့အတွက် ကြီးကြပ်ရေးအာဏာပိုင်တွေအနေနဲ့ ဘဏ်တွေအပေါ် ယုံကြည်မှုမြှင့်တင်ဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရတာဖြစ်ပါတယ်။ ဒီလိုဘဏ်တွေမှာ ပြဿနာဖြစ်ရတဲ့အကြောင်းရင်းခံကို ရှာဖွေဖို့ရာအလွန်အရေး ကြီးလာပါတယ်။ အဓိကအကြောင်းရင်းက အတိုးနှုန်းတွေ ဆက်တိုက် မြှင့်တင်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ရတယ်လို့ဆိုကြပါတယ်။ အတိုးနှုန်းတွေ မြှင့်တင်ခဲ့လို့ ဘဏ်တွေအနေနဲ့ ချေးငွေကနေ အကျိုးအမြတ်အများ အပြားရခဲ့ကြပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတစ်ခုလုံးရဲ့ စုစုပေါင်း အမြတ်ရရှိမှုဟာ ၂၀၁၄ ခုနှစ်ကရှိခဲ့တဲ့ အမြင့်ဆုံးအဆင့်ထက်ကို မြင့်တက်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း အတိုးနှုန်းမြင့်တက်မှုကြောင့် အစိုးရငွေတိုက်စာချုပ်အပါအဝင် ဘဏ်တွေရဲ့အချို့ ရပိုင်ခွင့်တွေရဲ့တန်ဖိုးတွေထိုးနှက်ခံခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ စီးပွားရေးတိုးတက်မှုနှုန်း အားနည်းခဲ့ပြီး ငွေချေးယူတဲ့စရိတ်တွေ မြင့်မားလာတာကြောင့် ဘဏ်ရဲ့ဖောက်သည်တွေအနေနဲ့ ချေးငွေပြန်ဆပ်ဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့ကြရပါတယ်။
ဘဏ်တွေအတွက် ဆုံးရှုံးနိုင်မှု အခြေအနေကို ပြောပါဆိုရင် ချေးငွေကိုလည်း တင်းကျပ်စေပြီး ကြွေးဆုံးအတွက်လည်း တိုးမြှင့်လျာထား ရမှာဖြစ်လို့ လတ်တလောစျေးကွက် မတည်ငြိမ်မှုကို တုံ့ပြန်ဖို့ ချေးငွေ ထုတ်ချေးဖို့ကို သတိကြီးကြီးထားပြီး ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်မယ်ဆိုရင် ငွေချေးယူပြီး စီးပွားရေးတိုးချဲ့လုပ်ကိုင်လိုသူတွေနဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ လိုသူတွေအတွက် အဟန့်အတားဖြစ်စေပြီး စီးပွားရေးကျဆင်းမှုကို အစပျိုးပေးလိုက်သလိုမျိုး ဖြစ်စေမယ်လို့ဆိုပါတယ်။
အဲဒီလိုမဖြစ်စေဖို့ ကမ္ဘာ့စီး ပွားရေးထိပ်သီးနိုင်ငံတွေဟာ ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှုတည်ဆောက်နိုင်ရေးကြိုးပမ်းတဲ့အနေနဲ့ ဘဏ်တွေကယ်တင်ဖို့ ကျခံသုံးစွဲခဲ့တဲ့ပမာဏဟာ US$ ၅ရဝဘီလီယံ ကျော်နေပြီဖြစ်ပါတယ်။ Silicon Valley Bank နဲ့ Signature Bank ဘဏ်နှစ်ဘဏ်ရဲ့ အပ်နှံငွေ အားလုံးကိုအာမခံပေးခဲ့လို့ အမေရိကန်ဗဟို ဘဏ်က US$ ၁၄၀ ဘီလီယံ ချိတ်မိနေပြီဖြစ်ပါတယ်။ နောက်ပြီး Credit Suisse ဘဏ်အတွက် အရေးပေါ်ချေးငွေ US$ ၅၄ ဘီလီယံကို ဆွစ်ဇာလန်ဗဟိုဘဏ်က ထုတ်ချေးပေးခဲ့တဲ့အပြင် ဆွစ်ဇာလန်အစိုးရရဲ့ အာမခံချက်နဲ့ UBS ဘဏ်ကိုချေးငွေ US$ ၂၂၅ ဘီလီယံ (ဆွစ်ဖရန့် ၂၀၉ ဘီလီယံ) ကမ်းလှမ်းခဲ့ပြီး ဘဏ်တွေဆက်တိုက်ပြိုလဲဆုံးရှုံးမယ့် အလားအလာတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့အပတ်ကစပြီး အခြားဘဏ်တွေကိုလည်း ချေးငွေတွေ ဆက်တိုက် ထုတ်ပေးခဲ့လို့အခုဆိုရင် US$ ၁၅၃ ဘီလီယံနီးပါး ထောက်ပံ့ခဲ့ပြီးဖြစ်တာကြောင့် ၂၀၀၈ ခုနှစ်အကျပ်အတည်းကာလအတွင်းက ထုတ်ချေးခဲ့တဲ့ US$ ၁၁၂ ဘီလီယံကိုကျော်လွန်ပြီး စံချိန်တင်ထုတ်ချေးခဲ့တာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။










