သာကေတမြို့နယ်တွင် ဓာတ်တိုင်ပေါ်သို့တက်ကာ မီးကြိုးများပြုပြင်နေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးမှု မတ် ၃၀ ရက် ၊ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ် ၃၀ ရက် ၊ ညနေ ၆ နာရီခန့်တွင် သာကေတမြို့နယ် ၊ ၆ ရပ်ကွက် ၊ ရွှေပြည်သာလမ်းမကြီးနှင့် ဝေဇန္တာယာလမ်းမကြီးထောင့်ရှိ ဓာတ်တိုင်ပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များမှ သွားရောက်ခဲ့ကြောင်း သိရသည်။
သေဆုံးနေသည့် အမျိုးသားမှာ လျှပ်စစ်ဝန်ထမ်းတစ်ဦးဖြစ်ပြီး အဆိုပါ ဓာတ်တိုင်ပေါ်သို့ မီးကြိုးများပြုပြင်ရန် တက်သွားရာမှ ၀ါယာရှော့ဖြစ်ပြီး သေဆုံးခဲ့ကြောင်း အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် 67 လူငယ်လူမှုကူညီရေးအသင်းမှ စုံစမ်းသိရှိရသည်။
"ဓာတ်တိုင်ပေါ်တက်ပြီး မီးကြိုးတွေပြုပြင်ပေးနေတဲ့အချိန်မှာ ၀ါယာကြိုးတွေပူး လျှော့ဖြစ်ပြီး သေဆုံးသွားတာပါ။အခင်းဖြစ်နေရာမှာတင် သေဆုံးသွားတာပါ"ဟု 67 လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဓာတ်လိုက်သေဆုံးခဲ့သည့် လျှပ်စစ်ဝန်ထမ်းမှာ မီးလာနေသည့်အချိန်တွင် မီးကြိုးများကို ပြုပြင်ပေးရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ပြီး အောက်သို့ ပြုတ်ကျခဲ့ခြင်းမရှိဘဲ ဓာတ်တိုင်ဝါယာကြိုးများပေါ်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၊ သေဆုံးသူမှာ အသက်သုံးဆယ်အရွယ်ဖြစ်ကြောင်း သိရသည်။
သေဆုံးသူအား အောင်နိုင်သူလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။















