NLD နှင့် SNLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ဖျက်သိမ်းလိုက်ကြောင်း UEC ထုတ်ပြန်

NLD နှင့် SNLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ဖျက်သိမ်းလိုက်ကြောင်း UEC ထုတ်ပြန်
Published 29 March 2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မတ် ၂၈ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို ဇန်နဝါရီ ၃၁ ရက်တွင်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ တွင် တည်ဆဲနိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်းသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း UEC သို့ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုသို့လျှောက်ထားခြင်းမရှိပါက အလိုအလျှောက် ပယ်ဖျက်မည်ဖြစ်ကြောင်းလည်း ယင်းဥပဒေတွင် ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ သည် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သဖြင့် ယင်းပါတီများကို မတ် ၂၉ ရက်မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ  ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းလိုက်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UEC က ဖျက်သိမ်းလိုက်သည့် ပါတီ ၄၀ မှာ (၁) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၂) ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ (၃) ကယန်းအမျိုးသားပါတီ၊ (၄) တအာင်း (ပလောင်) အမျိုးသားပါတီ၊ (၅) ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ (၆) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ (၇) ဝံသာနုဒီမိုက ရက်တစ်ပါတီ၊ (၈) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊ (၉) တိုင်းရင်းသား လူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ (၁၀) ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ (၁၁) ဗမာပြည်သူ့ပါတီ၊ (၁၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ (၁၃) မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ (၁၄) မြန်မာအမျိုးသားကွန်ကရက်၊ (၁၅) အရှိုချင်းအမျိုးသားပါတီ၊ (၁၆) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ (၁၇) အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၊ (၁၈) အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ (၁၉) ထားဝယ်တိုင်းရင်းသားများပါတီ၊ (၂၀)  ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ (၂၁) ပြည် ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ (၂၂) ခူမီး (ခမီး) အမျိုးသားပါတီ၊ (၂၃) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ (၂၄) ကရင်အမျိုးသားပါတီ၊ (၂၅) မြိုအမျိုးသားဒီမိုကရေစီပါတီ၊ (၂၆) လမ်းပြကြယ်ပါတီ၊ (၂၇) ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ (၂၈) လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ (၂၉) ခေတ်သစ်ပြည်ထောင်စုပါတီ၊ (၃၀) ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ (၃၁) အမျိုးသားတိုးတက်ရေးပါတီ၊ (၃၂) ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ (၃၃) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ (၃၄) ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ (၃၅)  အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ (၃၆) အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ (၃၇) ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ (၃၈) ချင်းတိုင်းရင်းသားများပါတီ၊ (၃၉) ကချင်အမျိုးသားပါတီနှင့် (၄၀) မြန်မာနိုင်ငံအလုပ်သမား၊ လယ်သမားမဟာမိတ်ပါတီတို့ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။