၇၈ နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နေရာအချို့အား ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် စီစဉ်သူများကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

၇၈ နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နေရာအချို့အား ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် စီစဉ်သူများကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Published 27 March 2023

၇၈ နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နေရာအချို့အား ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် စီစဉ်သူများကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ် ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ၇၈ နှစ်မြောက် တပ်မတော်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြည်သူများ စုဝေး၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများ၊ စစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်နေသည့် စစ်ရေးပြကွင်း(ရှမ်းစု)နေရာတို့ကို ဖောက်ခွဲဖျက်ဆီးခြင်းများ၊ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အဝေးမှပစ်ခတ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေပြည်တော်ကောင်စီနယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများကို ဖော်ထုတ်ဖမ်းဆီးခြင်းများကို ဆောင်ရွက်ခဲ့ရာ မတ် ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် အဝေးမှ ပစ်ခတ်ရန် စီစဉ်လျက်ရှိသည့် စိန်လွင်(ခ) မောင်စိန်(ခ)ခရေဆိုသူအား နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ၊ အဝေရာဆည်အနီးရှိ သရက်ခြံအတွင်း၌ ၁၀၇ မမ ရှောတိုက်ဒုံး တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဖမ်းဆီးရမိသူ စိန်လွင်(ခ)မောင်စိန်(ခ)ခရေ၏ ထွက်ဆိုချက်အရ ယင်းနေ့နေ့လည်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအဝင်လမ်း အရှေ့ဘက်ရှိ တောင်ယာတဲ၌ ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလားဆိုသူအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးရမိသူ ဝင်းမျိုးထက်(ခ)ဝင်းနိုး(ခ)ဘီလား၏ထွက်ဆိုချက်အရ ၎င်း၏ယောက်ဖဖြစ်သူ အုပ်ချုပ်ရေးမှူးဟောင်း ဟန်ဇော်မင်းနှင့်ခင်မျိုးသက်တို့ လင်မယားပိုင်ဆိုင်သည့် ဇီးဖြူပင်ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း၌ ၁၀၇ မမရှော့တိုက်ဒုံး တစ်လုံး သိုဝှက်သိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ခြံဝင်းအတွင်း မြေမြှုပ်သိမ်းဆည်းထားသော ၁၀၇ မမရှော့တိုက်ဒုံး တစ်လုံးအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၁၀၇ မမရှော့တိုက်ဒုံး နှစ်လုံး၏ ထိပ်ဖူးများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား အဝေရာဆည်အနီးနှင့် ဇီးဖြူပင်ရွာတို့၌ ဝှက်ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ အဝေရာဆည်အနီး ခြုံပုတ်အတွင်းမှ ၁၀၇ မမရှော့တိုက်ဒုံး ထိပ်ဖူး နှစ်ခု၊ ဆားကစ်ပြား နှစ်ခုနှင့် Remote တစ်ခုတို့အားလည်းကောင်း၊ ဇီးဖြူပင်ရွာနေ သန်းထွန်း(ခ)ချင်းတွင်း၏ နေအိမ်အတွင်းမှ MG-1 လက်ပစ်ဗုံး တစ်လုံး၊ လက်ပစ်ဗုံးစနက်တံ လေးခု၊ လျှပ်စစ် ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ လေးချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် မတ် ၂၅ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိသူများအား နေပြည်တော် PDF အဖွဲ့ခေါင်းဆောင်ဟုဆိုသူ ဖမ်းဆီးရန်ကျန်သည့် ဗိုလ်တေဇ(ခ)ဟန်မင်းထွန်းက ၁၀၇ မမရှော့တိုက်ဒုံး ပစ်ခတ်နည်းသင်ကြားပေးခဲ့သည့် မရမ်းတောင်(အထက်)ကျေးရွာအနီး၌ သိုဝှက်သိမ်းဆည်းထားသည့် ပစ္စတိုအပစ် လက်ကိုင် တစ်ခု၊ စနိုက်ပါမှန်ပြောင်း တစ်ခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ ယမ်းပျော့ တစ်ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုးအိတ် တစ်လုံး၊ ပြောက်ကျားပုခက် လေးခု၊ သေနတ်လွယ်ကြိုး တစ်ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိသည်။

ဖြစ်စဉ်တွင် အမျိုးသား နှစ်ဦးအား ၁၀၇ မမရှော့တိုက်ဒုံး နှစ်လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံးထိပ်ဖူး နှစ်ခု၊ ဆားကစ်ပြား နှစ်ခု၊ Remote တစ်ခု၊ ပစ္စတိုအပစ်လက်ကိုင် တစ်ခု၊ စနိုက်ပါမှန်ပြောင်း တစ်ခု၊ MG-1 လက်ပစ်ဗုံး တစ်လုံး၊ လက်ပစ်ဗုံးစနက်တံ လေးခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံး၊ ၁၂ ဗို့ကျည် ၁၄၆ တောင့်၊ လျှပ်စစ်ဒီတိုနေတာ ၁၆ ခု၊ ယမ်းပျော့ ငါးချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သား၊ အစိမ်းရောင် ကျောပိုးအိတ် တစ်လုံး၊ ပြောက်ကျားပုခက် လေးခု၊ သေနတ်လွယ်ကြိုး တစ်ချောင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများအား ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။