အာဆီယံဥက္ကဋ္ဌသစ်က မြန်မာ့အရေးကို ဘယ်လိုဆောင်ရွက်မှာလဲ

အာဆီယံဥက္ကဋ္ဌသစ်က မြန်မာ့အရေးကို ဘယ်လိုဆောင်ရွက်မှာလဲ
၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံအစည်းအဝေး၌ အင်ဒိုနီးရှားသမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ် (Photo – setkab.go.id)
၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံအစည်းအဝေး၌ အင်ဒိုနီးရှားသမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ် (Photo – setkab.go.id)
Published 26 March 2023

မြန်မာ့အရေးကို ဖြေရှင်းဖို့ နောက်ကွယ်ကနေ ဆောင်ရွက်နေတယ်လို့ အာဆီယံဥက္ကဋ္ဌသစ်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။

ဒီစကားကို အင်ဒိုနီးရှားသမ္မတ ဂျီုကိုဝီဒိုဒိုက မတ်လ ၁၅ ရက်က ပြောကြားခဲ့တာပါ။

မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ နောက်ကွယ်ကနေ မြန်မာနိုင်ငံက အဖွဲ့အစည်းအသီးသီးနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

ဒီလိုလုပ်ဆောင်နေပေမဲ့လည်း မြန်မာ့အရေးက အချိန်ယူရမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

မြန်မာ့အရေးမှာ အကြောင်းအရာတွေက ရှုပ်ထွေးနေပြီး ဖြေရှင်းဖို့ အချိန်အတိုင်းအတာတစ်ခု ကြာမယ်ဆိုရင်တောင် အင်ဒိုနီးရှားနိုင်ငံက အကောင်းဆုံးဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။

အင်ဒိုနီးရှားနဲ့ အာဆီယံအတွက် ဦးစားပေးကိစ္စမှာ မြန်မာနိုင်ငံက သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအမံကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ငြိမ်းချမ်းရေးကိစ္စကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ အလုပ်အတော်များများဟာ နောက်ကွယ်ကနေ လုပ်နေတာဆိုပေမဲ့လည်း ဆောင်ရွက်ဆဲ အလုပ်တချို့လည်း ရှိနေပါတယ်”လို့ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။ 

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံက မြန်မာ့တပ်မတော်ခေါင်းဆောင်တွေနဲ့ စေ့စပ်ဆွေးနွေးဖို့အတွက် ဗိုလ်ချုပ်ကြီးတစ်ဦးကို မြန်မာနိုင်ငံကို လွှတ်ဖို့အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားအစိုးရက ဗိုလ်ချုပ်တစ်ဦးကို မြန်မာနိုင်ငံသို့ အမြန်ဆုံးစေလွှတ်ဖို့ အစီအစဉ်ရှိတယ်လို့ ဖေဖော်ဝါရီ ၂ ရက်က ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံရာမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားအနေနဲ့ ဒီမိုကရေစီစနစ်ကို ဘယ်လိုစတင်ခဲ့သလဲဆိုတာနဲ့ပတ်သက်လို့ မြန်မာတပ်မတော်ခေါင်းဆောင်တွေကို ပြသနိုင်ဖို့အတွက် ဒီလိုစေလွှတ်မှာလည်းဖြစ်ပါတယ်။

“ဒါဟာ ချဉ်းကပ်တဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအင်ဒိုနီးရှားမှာ အတွေ့အကြုံရှိထားပါတယ်။ အခြေအနေဟာ အတူတူပါပဲ။ အင်ဒိုနီးရှားဟာ သူ့ဒီမိုကရေစီကို ဘယ်လိုစတင်ခဲ့သလဲဆိုတဲ့ အဲဒီအတွေ့အကြုံကို အကြောင်းကြားပေးနိုင်ပါတယ်”လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက တုံ့ပြန်မှုအမျိုးမျိုး ရှိခဲ့ပါတယ်။

စစ်ဘက်ကျောထောက်နောက်ခံရှိသူတစ်ဦးကို စေလွှတ်ခြင်းက နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာမှာ အထောက်အကူပြုနိုင်ပေမဲ့ အဲဒီလုပ်ရပ်ဟာ နစကကို ထောက်ခံတဲ့ပုံစံအဖြစ်  အဓိပ္ပာယ်ကောက် လွဲသွားနိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ထောက်ပြကြပါတယ်။

ဒါပေမဲ့ ပယ်လီတာဟာရာပန် တက္ကသိုလ်နိုင်ငံတကာဆက်ဆံရေး ကတိက ဒေါက်တာအက်ဒရီယာနာ အဲလီစဘတ်ကတော့ နစကလက်ထက်မှာ မြန်မာနိုင်ငံကို စစ်ရေးနောက်ခံရှိတဲ့ ခေါင်းဆောင်တစ်ဦး ချဉ်းကပ်ဖို့လိုတယ်လို့ သုံးသပ်ပြောကြားပါတယ်။

“နစကလက်ထက် မြန်မာနိုင်ငံကို စစ်ရေးနောက်ခံရှိတဲ့ ခေါင်းဆောင်တစ်ဦး ချဉ်းကပ်ဖို့ လိုအပ်ပါတယ်။ (အရပ်သား) အထူးသံတမန်တစ်ဦးကို စေလွှတ်တာဟာ မြန်မာနိုင်ငံကို ကျဉ်းထဲကျပ်ထဲ ရောက်သွားစေမှာ ဖြစ်တာကြောင့် အထူးသံတမန်စေလွှတ်တာဟာ စိတ်ကူးကောင်းမဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။ သံတမန်နဲ့ ဆွေးနွေးဖို့ မြန်မာက သဘောမတူဘူးဆိုရင် စေ့စပ်ဆွေးနွေးရေး ရှိမှာမဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။

အလှည့်ကျဥက္ကဋ္ဌ

လက်ရှိမှာတော့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို တစ်နှစ်စီ ထမ်းဆောင်ရတဲ့ အာဆီယံမူကြောင့် အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

၂၀၂၁ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံက ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူခဲ့တာပါ။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ကြတဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားလက်ထက်မှာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တဲ့ မြန်မာ့အရေးကိစ္စဟာ အင်ဒိုနီးရှားနိုင်ငံအပေါ် ကျရောက်လို့ လာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကမကထပြုမှုနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ထိုင်းနိုင်ငံမှာ အစောဆုံးတွေ့တဲ့အထိ မြန်မာ့အရေးကို တက်တက်ကြွကြွဦးဆောင်လှုပ်ရှားခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့အပေါ် နိုင်ငံတကာအရေး လေ့လာသူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ရရှိခဲ့တဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က ဂျကာတာမြို့မှာ ကျင်းပပေးနိုင်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အလွတ်သဘောအစည်းအဝေးကို အာဆီယံဒေသတွင်း ခေါင်းဆောင် များနဲ့အတူ နစကဥက္ကဋ္ဌလည်း တက်ရောက်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာက အာဆီယံဌာနချုပ်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေရဲ့ အလွတ်သဘော အစည်းအဝေးကနေ ဘုံသဘောတူညီချက် ငါးချက်ကို ရရှိခဲ့ပါတယ်။

ဒီအချက်ငါးချက်ကတော့ (၁) မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူ အားလုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့၊ (၂) သက်ဆိုင်သူတွေကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့၊ (၃) အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီကို ရယူပြီး အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို ကြားဝင်ညှိနှိုင်းပေးဖို့၊ (၄) အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနကတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့နဲ့ (၅) အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်းစုံနဲ့ တွေ့ဆုံဖို့ စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဒီလို ဘုံသဘောတူညီချက် ငါးချက်ကိုရရှိရာမှာ အချိန် နှစ်နှစ်နီးပါးရှိလာပေမဲ့ ဘာတစ်ခုမှ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးတဲ့အတွက် အာဆီယံရဲ့ လုပ်ဆောင်မှုတွေအပေါ် ဝေဖန်မှုတွေ အများအပြားရှိခဲ့ပါတယ်။

ဒါကြောင့်လည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တက်တက်ကြွကြွ လှုပ်ရှားတတ်တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် အင်ဒိုနီးရှားလက်ထက်မှာ ဘယ်လိုကိုင်တွယ်မလဲဆိုတာကို နိုင်ငံတကာအရေး လေ့လာသူတွေက စိတ်ဝင်တစား စောင့် ကြည့်နေကြပါတယ်။

မြန်မာ့အရေး ဖြေရှင်းဖို့ အထူးကိုယ်စားလှယ်ဖွဲ့မယ်

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး သူကိုယ်တိုင် ဦးဆောင်မယ်လို့ ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ဇန်နဝါရီ ၁၁ ရက် ဂျကာတာမှာပြောကြားတဲ့ နှစ်သစ်မိန့်ခွန်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုသွားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူရမယ့် သူ့အနေနဲ့ မကြာမီလုပ်ဆောင်မယ့် ကိစ္စရပ်တွေထဲမှာ တစ်ခုက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ ဖွဲ့ဖို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာ့အရေး အာဆီယံကဖြေရှင်းဖို့ သံတမန်တစ်ဦးတည်းခန့်ပြီးတော့ ဖြေရှင်းရာကနေ အဖွဲ့လိုက်စုစည်းပြီး ဖြေရှင်းဖို့ အင်ဒိုနီးရှားအနေနဲ့ နည်းလမ်းအသစ် ရှာလာတာလည်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်အထိ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း အင်ဒိုနီးရှားက လုပ်ဆောင်မှာဖြစ်သလို မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရုံးကို အင်ဒိုနီးရှားနိုင်ငံမှာ ဖွင့်မှာဖြစ်ပြီး မြန်မာ့အရေးကိုဖြေရှင်းဖို့ အဓိကသက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ရဖို့ ကြိုးစားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

“အထူးကိုယ်စားလှယ်ရုံးကို ထူထောင်မှာဖြစ်ပြီး ဒါကို နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်မှာ ဖြစ်ပါတယ်”လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီကတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကနေ ထွက်ပေါက်ရအောင် အင်ဒိုနီးရှားအနေနဲ့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကတိပြုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်နဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ နစကအနေနဲ့ လူသားစာနာမှုဆိုင်ရာ အကူအညီတွေကို ခွင့်ပြုပေးဖို့ အင်ဒိုနီးရှားက ဆက်လက်တောင်းဆိုလိုက်ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် အင်ဒိုနီးရှားအနေနဲ့ အာဆီယံအသိုက်အဝန်း တိုးတက်ဖွံ့ဖြိုးရေးကလည်း အဓိကဦးတည်ချက်အဖြစ် ဆက်ရှိနေမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အာဆီယံဥက္ကဋ္ဌသစ်ရဲ့ ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်က ကျင်းပခဲ့ပါတယ်။

ဂျာကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးက လွှမ်းမိုးခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ မြန်မာ့တပ်မတော်နဲ့ အတိုက်အခံအင်အားစုတွေအကြား စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုချက်တွေ ပါဝင်တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ အင်ဒိုနီးရှားနိုင်ငံက အဆိုပြုခဲ့တယ်လို့  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားပါ တယ်။

“အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးဆီကနေ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပါတယ်”လို့ ရတ်နိုမာဆူဒီက,က ဆိုပါတယ်။     

ဒါပေမဲ့ ဒီသဘောတူညီချက်တွေကို ဘယ်အချိန်မှာ ဘယ်လိုမျိုး အကောင်အထည်ဖော်မယ်ဆိုတာနဲ့ ပတ်သက်လို့ကတော့ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပါဘူး။

“ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းနိုင်ဖို့ လမ်းညွှန်မှုတစ်ခု အဖြစ်နဲ့ အာဆီယံအတွက် အထူးသဖြင့် အာဆီယံဥက္ကဋ္ဌအတွက် အလွန်အရေးပါပါတယ်။ ဒါဟာ ဘုံသဘော တူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ခိုင်မာတဲ့ ညီညွတ်မှုကို ပြသလိုက်တာဖြစ်တယ်”လို့ ရတ်နိုမာဆူဒီက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို နှစ်ရက်ကြာ ပြုလုပ်ပြီးချိန်မှာတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်ဖို့ ရှေးရှုတဲ့ လမ်းကြောင်းတစ်ခုဖန်တီးရေးအတွက် ဘုံသဘောတူညီချက်ငါးရပ်မှာ ပါဝင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ နစကကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ပါတယ်။

စောင့်ကြည့်ရမယ်

အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာ့အရေးနဲ့ပတ်သက်ရင် အာဆီယံနိုင်ငံတွေထဲမှာ သံတမန်နည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ အတက်ကြွဆုံး လှုပ်ရှားခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက သူကိုယ်တိုင် မြန်မာ့အရေး အဖြေရှာနိုင်ဖို့  ‘လွန်းပျံ ဒီပလိုမေစီ’ လို့ခေါ်တဲ့ မတူညီတဲ့ အဖွဲ့အစည်းတွေကြားမှာ လူးလာခေါက်တုံ့သွားလာပြီး သတင်းစကားနဲ့ ညှိနှိုင်းပေးတာမျိုးတွေ ပြုလုပ်နေတယ်လို့ ပြောကြားဖူးပါတယ်။

သံတမန်တွေရဲ့သချုႋင်းလို့ ခေါ်ဝေါ်ခြင်းခံရတဲ့ မြန်မာ့အရေးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်ကို ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

နစကနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ခက်ခဲတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာလည်း ဘရူနိုင်း၊ ကမ္ဘောဒီးယားက သံတမန်တွေလိုပဲ မြန်မာ့အရေးဖြေရှင်းရာမှာ အခက်တွေ့နိုင်ဖွယ်ရှိနေတယ်လို့ နိုင်ငံတကာအရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာလည်း မြန်မာဘက်က ဆတ်ဆတ်ထိမခံတဲ့အခြေအနေပါ။ ဘာကြောင့်လဲဆို ဇန်နဝါရီ ၁၁ ရက်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်နဲ့ပတ်သက်လို့ ချက်ချင်းတုံ့ပြန်တာကိုကြည့်ရင် သိနိုင်ပါတယ်။

ဒါကြောင့်လည်း အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ထမ်းဆောင်မယ့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအတွက် ရှေ့မှာစိန်ခေါ်မှုတွေက စောင့်ဆိုင်းလို့ နေပါတယ်။

အင်ဒိုနီးရှား နိုင်ငံအနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့လို အလုပ်မဖြစ်ခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကိုပဲ ဆက်လက်စွဲကိုင်မှာလား ဒါမှမဟုတ် တခြားနည်းလမ်းတွေနဲ့ ချဉ်းကပ်အဖြေရှာမလားဆိုတာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။

လက်ရှိမှာတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ အင်ဒိုနီးရှားအနေနဲ့ ရှေ့က တာဝန်ယူခဲ့တဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနဲ့ မတူညီတဲ့ ဘယ်လိုဆောင်ရွက်ချက်တွေနဲ့ မြန်မာ့အရေးမှာ ဘယ်အထိ ခရီးပေါက်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Most Read

Most Recent