ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း စောမြရာဇာလင်း ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူထားသည့် ALP ဗဟိုကော်မတီ ကြေညာ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း စောမြရာဇာလင်း ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူထားသည့် ALP ဗဟိုကော်မတီ ကြေညာ
Published 21 March 2023

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ရည်ရွယ်ချက်တူသူများနှင့် ခရီးဆက်နိုင်ရန် ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း စောမြရာဇာလင်း ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူထားသည့် ALP ဗဟိုကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အနေဖြင့် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (ALP) လက်မှတ်ထိုးပြီးချိန်မှစ၍ ပါတီခေါင်းဆောင်ပိုင်းအချို့အကြား အမြင်မတူမှုများ သိသိသာသာတိုးပွားလာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဝမ်းနည်းဖွယ်ရာ ဖြစ်ပေါ်လာခဲ့ပြီး မမျှော်လင့်ဘဲ ပါတီမှာ အသွင်နှစ်မျိုးဖြစ်လာခဲ့ကြောင်း ALP ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ပါတီ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ဗဟိုခေါင်းဆောင်အများစု၏ ဆန္ဒအရ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆက်လျှောက်ခဲ့သော်လည်း ဥက္ကဋ္ဌ ခိုင်ရဲခိုင်သွားလိုသည့် လမ်းကြောင်းနှင့် ဥက္ကဋ္ဌ စောမြရာဇာလင်းသွားလိုသည့် လမ်းကြောင်းမှာ မတူညီမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ဥက္ကဋ္ဌကြီးအနေဖြင့် ၎င်းယုံကြည်ရာအတိုင်း လျှောက်လှမ်းနိုင်ရန်နှင့် မိမိတို့အနေဖြင့်လည်း ယုံကြည်ရာငြိမ်းချမ်းရေး လမ်းကြောင်းမှတစ်ဆင့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအကျိုးကို မူလရည်ရွယ်ချက်မပျက် ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ချက်တူသူများဖြင့် ခရီးဆက်နိုင်ရန် ပါတီကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း ALP ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ALP ပါတီတွင် ဥက္ကဋ္ဌအဖြစ် စောမြရာဇာလင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ခိုင်နီရောင်တို့ဖြင့် ဦးဆောင်ဖွဲ့စည်းထားပြီး အကြံပေးပုဂ္ဂိုလ်များအဖြစ် ခိုင်မင်းအောင်၊ ဦးတင်အောင်တို့ကို တာဝန်ပေးထားသည်။

ထို့ပြင် အဓိပတိကော်မတီအဖွဲ့တွင် ဗိုလ်မှူးကြီးခိုင်လင်းထိန်၊ စောခင်သန်းမူနှင့် ခိုင်ကျော်ဝင်းတို့ကို တာဝန်ပေးထားပြီး အတွင်းရေးမှူးအဖွဲ့တွင် ဦးအောင်လွင်၊ ဗိုလ်မှူးခိုင်သူရိန်၊ ဗိုလ်မှူးခိုင်လှမြင့်နှင့် ဗိုလ်မှူးစောစုန္ဒီအောင်တို့ကို တာဝန်ပေးထားသည်။

ထို့အတူ ဗဟိုကော်မတီအဖွဲ့ဝင်များအဖြစ် စောခင်မြင့်ဦး၊ ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်မင်း၊ ဒုတိယဗိုလ်မှူးကြီးခိုင်စိုးလွင်၊ ဗိုလ်မှူးဘိုစိုင်း၊ ဗိုလ်ကြီးခိုင်ကြယ်လင်း၊ ဗိုလ်ကြီးခိုင်ဝဏ္ဏကျော်၊ ဗိုလ်ကြီးစောသန္ဒာစိုး၊ ခိုင်မောင်သန်းမြင့်၊ စောမြင့်သူတို့ကို တာဝန်ပေးထားသည်။

အရံဗဟိုကော်မတီတွင်လည်း ၁၀ ဦးကို ဖွဲ့စည်းတာဝန်ပေးထားကြောင်း ALP ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လိုအပ်သောနေရာများတွင်လည်း ဗဟိုကော်မတီကိုလည်းကောင်း၊ အကြံပေးအဖွဲ့ကိုလည်းကောင်း၊ အဓိပတိကော်မတီကိုလည်းကောင်း တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး ခရိုင်၊ တိုင်းနှင့် မြို့နယ်၊ ကျေးရွာများအထိ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ALP ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာမီအချိန်တွင်လည်း တပ်မတော်ကို လိုအပ်သလို ပြုပြင်ဖွဲ့စည်းသွားမည်ဟု ALP ဗဟိုကော်မတီက ဆိုသည်။

ယခင်ဖွဲ့စည်းမှု၌ ပါဝင်ခဲ့သော ခေါင်းဆောင်တစ်ဦးဦးသည် NCA လမ်းကြောင်းမှ သွေဖည်၍ ALP/ALA အမည်ခံကာ လုပ်ဆောင်နေပါက ဖြစ်ပေါ်လာသော ပြဿနာဟူသမျှကို တာဝန်ယူမည်မဟုတ်ကြောင်း ကိုလည်း ALP ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent