ရုရှား-ယူကရိန်းစစ်ပွဲ၏ အကျိုးဆက် စားနပ်ရိက္ခာပြဿနာ

ရုရှား-ယူကရိန်းစစ်ပွဲ၏ အကျိုးဆက် စားနပ်ရိက္ခာပြဿနာ
Published 19 March 2023
 စောနိုင် (အသုံးချဘောဂဗေဒ)



 

    (၁)

ရုရှားနိုင်ငံက ယူကရိန်းနယ်မြေများကို ကျူးကျော်ဝင်ရောက်၍ စစ်ပွဲဆင်နွှဲနေသည်မှာ တစ်နှစ်တာကာလပင် ကျော်ခဲ့လေပြီ။ ရုရှား-ယူကရိန်းစစ်ပွဲသည်ယူကရိန်းပြည်သူများဘဝများကို ဆိုးရွားစွာ ဖြစ်ပေါ်စေခဲ့ပြီး စစ်အေးကာလအလွန် ဥရောပဒေသ၏ လုံခြုံရေးအခြေခံအုတ်မြစ်များကိုလည်း လှုပ်ခါစေခဲ့သည်။ယခု စစ်ပွဲ၏ သက်ရောက်မှုသည် ယခင်ကြုံခဲ့ရသည်အခြေအနေနှင့်မတူ ပိုမိုကျယ်ပြန့်စွာ သက်ရောက်လျက်ရှိနေသည်။ 

    (၂)

လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလက ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းအခြေစိုက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျူ (Stockholm International Peace Research Institute-SIPRI) က စစ်ပွဲဖြစ်ပွားနေမှုနှင့် စစ်ပွဲကြောင့်ဖြစ်ပေါ်လာသော ဟန့်တားပိတ်ဆို့မှုများ၏ ကောက်ပဲသီးနှံနှင့် ဓာတ်မြေဩဇာတင်ပို့မှုများအပေါ် သက်ရောက်မှုနေများနှင့်ပတ်သက်၍ လေ့လာမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ ၎င်းတို့တွေ့ရှိချက်များထဲတွင် ကမ္ဘာ့စားနပ်ရိက္ခာ လုံခြုံမှုအတွက်ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်၊ လူသာချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများနှင့် အခြားသော ဆက်စပ်နေသည့်နိုင်ငံများ၌ ဖြစ်ပွားနေသည့် နိုင်ငံရေးတည်ငြိမ်မှုများကို စိတ်ဝင်စားဖွယ်တွေ့ရှိရသည်။     

ရုရှား-ယူကရိန်းစစ်ပွဲသည် အမှန်တကယ်ပင် ကမ္ဘာ့နိုင်ငံများအားလုံးသတိပြုဖွယ် ဘေးအန္တရာယ် ဖြစ်လာနေ၏။ ယခုအချိန်တွင် စစ်ပွဲ၏တာရှည်မှုသည်  ဒုတိယနှစ်ထဲသို့ပင်ဝင်ရောက်လာနေခဲ့ပြီ။ ကမ္ဘာ့စားနပ်ရိက္ခာထုတ်ကုန်များ အဓိကတင်ပို့နေသည့် အဆိုပါနှစ်နိုင်ငံစစ်ပွဲ၏ ရှေ့အနာဂတ် သက်ရောက်မှုအလား အလာများကား မည်သို့နည်း။

(၃)

လွန်ခဲ့သည့် ရှစ်နှစ်ခန့်က စတင်ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ မလုံခြုံမှုအခြေအနေကို လေ့လာရာတွင် အကြမ်းဖက်ပဋိပက္ခများသည်   အဓိက အကြောင်းတရားဖြစ်သည်ကို တွေ့ရသည်။    

စစ်ပွဲကာလ ယူကရိန်းနိုင်ငံတွင် စားနပ်ရိက္ခာမလုံလောက်မှုအခြေအနေ သိသိသာသာမြင့်တက်လာမှုရှိလာနေစဉ် ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအားကွင်း ဆက်များ၊ စားနပ်ရိက္ခာနှင့် ဓာတ်မြေဩဇာကုန်သွယ်မှုများသည်လည်း တဖြည်းဖြည်းချင်း ဆိုးရွားလာခဲ့သည်ကို တွေ့မြင်ကြရသည်။ ယူကရိန်းနိုင်ငံအတွင်း၌ သာမက အခြားသော ဒေသများရှိ လူသန်းပေါင်း ၅၀ တို့ ရင်ဆိုင်နေရသော စားနပ်ရိက္ခာမလုံခြုံမှုဖြစ်ရခြင်း အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်းသည် ရုရှား-ယူကရိန်းစစ်ပွဲဖြစ်သည်ကို သံသယဖြစ်စရာမလိုဟု သုတေသီတို့က သုံးသပ်ကြသည်။ မြေပြင်လက်တွေ့အခြေအနေ၌လည်း ရှုမြင်နိုင်သည်။ အကြမ်းဖက်မှု ပဋိပက္ခဒဏ်ခံနေရသော နိုင်ငံများ၌ အဆိုးရွားဆုံး စားနပ်ရိက္ခာအကျပ်အတည်းများ လက်တွေ့ခံစားနေရသည်ကို ကိန်းဂဏန်များ၊ ဂရပ်ပုံများက သက်သေပြနေသည်။     

ပြင်းထန်သည့် စားနပ်ရိက္ခာမလုံခြုံမှုကို ခံစားနေရသော လူဦးရေအခြေအနေ (၂၀၁၅-၂၀၂၂)

(ပုံ ထည့်ရန်)

 

Notes: There are two official figures for 2022 that have been calculated using different methodologies.  Chart: SIPRI  Source: Global Network Against Food Crisis, Global Report on Food Crises, various years; and World Food Programme (WFP), WFP Global Operational Response Plan 2022, no. 6, 14 Nov. 2022.

 

    (၄)

စစ်ပွဲကြောင့် ကောက်ပဲသီးနှံပျက်စီးမှုများလည်း ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်ဇွန်လအထိ စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ပျက်စီးခဲ့မှုသည်  တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံမှ ၆ ဒသမ ၄ ဘီလျံအထိရှိခဲ့သည်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာထဲတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများကြောင့်လည်းကောင်း၊ လယ်ယာလုပ်သားများ ထွက်ပြေးတိမ်းရှောင် နေထိုင်ရခြင်းနှင့် လုံခြုံမှုမရှိခြင်းတို့ကြောင့်လည်းကောင်း စိုက်ပျိုးဧရိယာ၏ ၂၅ ရာခိုင်နှုန်းကျော်ကို ရိတ်သိမ်းနိုင်ခြင်းမရှိခဲ့ဟုလည်း ဖော်ပြထားသည်။ ထို့ပြင် ၂၀၂၂ခုနှစ် နိုဝင်ဘာလထုတ် စစ်တမ်းတစ်ခု၌ ယူကရိန်းနိုင်ငံ၏ ကျေးလက်နေလူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် ၎င်းတို့၏စိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချခဲ့ခြင်း သို့မဟုတ် လုံးဝရပ်ဆိုင်းခဲ့ခြင်းတို့ပြုလုပ်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ အမေရိကန်စိုက်ပျိုးရေးဌာန၏ ကိန်းဂဏန်းများအရလည်း ယူကရိန်းစပါးထုတ်လုပ်မှု သည် ၂၀၂၁ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု သိရသည်။ 

    (၅)

စစ်ပွဲသည် ယူကရိန်းနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို ပျက်စီးစေသည့်အပြင် စားနပ်ရိက္ခာနှင့် တိရစ္ဆာန်အစာထွက်ကုန် အများအပြားကို ကမ္ဘာ့ရောင်းလိုအားကွင်းဆက်ထဲသို့ မရောက်ရှိစေရန်ဟန့်တားသကဲ့သို့ ဖြစ်ခဲ့သည်။ ကုန်းတွင်း အဇော့ဗ်ပင်လယ်ငယ် (sea of  Azov) နှင့် ပင်လယ်နက်(Black Sea) တို့ရှိ ယူကရိန်း ဆိပ်ကမ်းများတွင် မိုင်းများထောင်ခြင်း၊ ပိတ်ဆို့ခြင်းကဲ့သို့ စစ်ရေးဆိုင်ရာတိုက်ရိုက် လုပ်ဆောင်မှုများသည် စစ်ပွဲစတင်သည့် ပထမဦးဆုံးလအနည်းငယ်အတွင်းမှာပင် ပို့ကုန်များကို ပြင်းထန်သော ကန့်သတ်ပိတ်ပင်မှုများ ဖြစ်သွားခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရုရှား၊ ယူကရိန်း နှစ်နိုင်ငံတို့သည်ကုလသမဂ္ဂအဖွဲ့ကြီး၊ တူရကီနိုင်ငံတို့နှင့်အတူ ယူကရိန်းဆိပ်ကမ်းများမှ စားနပ်ရိက္ခာနှင့် ကောက်ပဲသီးနှံများတင်ပို့ရေးအတွက် Black Sea Grain Initiative ဟုခေါ်သည့် အစီအစဉ်ကို သဘောတူခဲ့ကြသည်။ ထိုအစီအစဉ်အရ ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများ၊ ရုရှားနိုင်ငံမှ အစားအစာနှင့် ဓာတ်မြေသြဇာတင်ပို့မှုများကို ပင်လယ်နက်မှတစ်ဆင့် ပြန်လည်စတင်နိုင်ရန်  လမ်းဖွင့်နိုင်ခဲ့ကြသည်။ ယူကရိန်းဆိပ်ကမ်းများမှ ကောက်ပဲသီးနှံများနှင့် အခြားစားသောက်ကုန်တန်ချိန် ၂၁ သန်းကျော် တင်ပို့နိုင်ခဲ့၏။ 

မည်သို့ပင်ဆိုစေကာမူ သဘောတူညီချက်သည် နှစ်နိုင်ငံကြား အမှားအယွင်းမခံသည့် အခြေအနေတွင် ရှိနေသည်။   

ကမ္ဘာ့ဈေးကွက်တွင် စျေးနှုန်းများမြင့်တက်လာပြီး စားနပ်ရိက္ခာ ထောက်ပံ့မှုပြတ်တောက်လာသဖြင့် ၂၀၂၂  ခုနှစ်အတွင်း နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုအတွက် အစားအစာတင်ပို့မှုအပေါ် ကန့်သတ်ချက်များချမှတ်ခဲ့ကြသည်။ အနောက်နိုင်ငံများက ရုရှားအပေါ် ချမှတ်ထားသည့်  စီးပွားရေးပိတ်ဆို့ အရေးယူမှုများသည်လည်း ရုရှားနိုင်ငံ၏ စားနပ်ရိက္ခာတင်ပို့မှုများအပေါ် သက်ရောက်မှုဖြစ်ခဲ့သည်။ ရုရှားနိုင်ငံကလည်း  ၎င်းနှင့်ကောင်းမွန်သော

ဆက်ဆံရေးရှိသည့် နိုင်ငံများနှင့် ကုန်သွယ်မှုတိုးမြှင့်၍ စားနပ်ရိက္ခာတိုးမြှင့်တင်ပို့နိုင်ရန်အားထုတ်ခဲ့ပြီး ဥရောပသမဂ္ဂ (EU) သို့ စားနပ်ရိက္ခာတင်ပို့မှု ကန့်သတ်ခြင်းအပါအဝင် တန်ပြန်ပိတ်ဆို့မှုများဖြင့် တုံ့ပြန်ခဲ့သည်။    

    (၆)

 

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ရုရှားနှင့် ယူကရိန်းတို့မှ လယ်ယာထွက်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ရောက်ရှိမှု သိသိသာသာ လျော့ကျသွားခဲ့သည်။   ယူကရိန်းနှင့် ရုရှားတို့၏ရိက္ခာသွင်းကုန်များအပေါ် မှီခိုနေရသည့် နိုင်ငံများ အခက်အခဲဒုက္ခများပြင်းထန်စွာ ခံစားခဲ့ရသည်။ စစ်ပွဲမတိုင်မီကတည်းက စားနပ်ရိက္ခာမလုံလောက်မှုကို ခံစားနေရသည့် အီရတ်၊ လက်ဘနွန်နှင့် ဆိုမာလီယာနိုင်ငံများတွင်  ပိုမိုဆိုးရွားသွားခဲ့သည်။     

တစ်ပူပေါ်နှစ်ပူဆင့်လျက် ၂၀၂၂ ခုနှစ်တွင် ဆိုးရွားသော ရာသီဥတုနှင့် ဆက်နွှယ်သောဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ နိုင်ငံအများအပြား၌မိုးခေါင်မှုနှင့် ရေကြီးမှုဖြစ်ပေါ်ခဲ့သဖြင့် ဒေသတွင်း အစားအစာထုတ်လုပ်မှုများ ဆိုးရွားစွာထိခိုက်ခဲ့ကြ၏။ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့၏ စားနပ်ရိက္ခာ ပို့ကုန်ကျဆင်းလာမှုကို ကြိုတင်ပြင်ဆင်လျက် နိုင်ငံအများအပြားသည် ပြည်တွင်းရိက္ခာဖူလုံမှုအတွက် အားထုတ်ကြ၏။ သို့သော် အီးယူဒေသနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင် ကောက်ပဲသီးနှံအဓိက စိုက်ပျိုးသော ဒေသများ၌ ပြင်းထန်သော ရာသီဥတုဒဏ်များကြောင့် ထုတ်လုပ်မှုများ ကျဆင်းသွားခဲ့သည်။ ဒေသအချို့တွင်မူ၂၀၂၂ ခုနှစ်၏ ကောက်ပဲသီးနှံထုတ်လုပ်မှုသည်ပုံမှန်အခြေအနေ၏ ပျမ်းမျှအထက်တွင် ရှိနေခဲ့သည့်တိုင် ကမ္ဘာလုံးဆိုင်ရာ စပါးထုတ်လုပ်မှု၊ သိုလှောင်မှုနှင့်ကုန်သွယ်မှုပမာဏသည် သုံးနှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့-အက်ဖ်အေအို (FAO) က ခန့်မှန်းထားသည်။ 

    (၇)

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လက အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့်  နိုင်ငံတကာ စားနပ်ရိက္ခာစျေးနှုန်းများသည် ထိုအချိန်ကတည်းက ကျဆင်းလာနေသည်ကို တွေ့မြင်ရသော်လည်း နိုင်ငံအများအပြားတွင် စားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုသည် ဆက်လက်မြင့်မားနေဆဲဖြစ်သည်။ စီးပွားရေး စီမံခန့်ခွဲမှု လွဲချော်နေသော၊ ပဋိပက္ခ သို့မဟုတ် ညံ့ဖျင်းသော အုပ်ချုပ်မှုဒဏ်ကိုခံနေရသော နိုင်ငံများတွင် ပို၍ပင်ထူးထူးခြားခြားဆိုးရွားလျက်ရှိ၏။         

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Program-WFP) ၏ အဆိုအရ ၂၀၂၂ ခုနှစ်တွင် ပြောင်း၊ ဆန်၊ ပဲပုပ်နှင့် ဂျုံထုတ်လုပ်ကျဆင်းမှုတို့နှင့်အတူ ဓာတ်မြေဩဇာဈေးနှုန်းများမြင့်တက်မှုသည် လက်ရှိ ကြုံတွေ့ခဲ့ကြသည်။ ထိုအခြေအနေသည် စားနပ်ရိက္ခာဖြည့်ဆည်းနိုင်မှု အကျပ်အတည်း (food affordability crisis) ကို စားနပ်ရိက္ခာရရှိနိုင်မှုအကျပ်အတည်း (food availability crisis crisis)  အဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည့် အန္တရာယ်ဖြစ်လာနိုင်သည်ဟု မှန်းဆ စိုးရိမ်နေကြရသည်။    

                              

 

 

Most Read

Most Recent