KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ဖေဖော်ဝါရီလအတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၄၀၀ ကျော် ဖြစ်ပွား

KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ဖေဖော်ဝါရီလအတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၄၀၀ ကျော် ဖြစ်ပွား
Published 14 March 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ဖေဖော်ဝါရီလအတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၄၁၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ဖေဖော်ဝါရီလအတွင်း တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) နှင့် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ခလယ်လွီထူခရိုင်၊ မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သည့်အပြင် လက်နက်ကြီးကျည် ကျရောက်မှုများလည်း ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်း တပ်မတော်နှင့် KNU အကြား လက်နက်ကိုင်ပဋိပက္ခကြောင့် နေအိမ် ၄၄ လုံး၊ Junior collage တစ်ကျောင်း၊ ဘုန်းကြီးကျောင်းနှစ်ကျောင်း၊ ခရစ္စယာန်ဘုရားကျောင်းနှစ်ကျောင်း၊ ဆေးပေးခန်းနှစ်ခန်းနှင့် အဆောက်အအုံ ၂၅ လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ဖေဖော်ဝါရီလအတွင်း တပ်မတော်နှင့် KNU အကြား လက်နက်ကိုင်ပဋိပက္ခကြောင့် ဒေသခံ ၁၁ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၄၃၆ ကြိမ်ဖြစ်ပွားခဲ့ပြီး KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလအတွင်း ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ (၅) နှင့် ဒူးပလာယာခရိုင်တပ်မဟာ (၆) နယ်မြေများတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် ဒေသခံ ၁၃ ဦး သေဆုံးကာ ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခကြောင့် နေအိမ် ၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး နေအိမ် ၂၄ လုံးမှာ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ထို့အတူ စာသင်ကျောင်း နှစ်ကျောင်း၊ ခရစ္စယာန်ဘုရားကျောင်း လေးကျောင်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ သိမ်တစ်ဆောင်၊ ဆေးရုံတစ်ရုံနှင့် အဆောက်အအုံ ရှစ်လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU က ထုတ်ပြန်သည်။

ဇန်နဝါရီလတွင် ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ခရိုင်၊ တပ်မဟာများသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင်း ဒေသခံသုံးဦး သေဆုံးပြီး ၃၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း KNU က ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ လေးသိန်းခန့်ရှိလာပြီ ဖြစ်ကြောင်းနှင့် စစ်ဘေးရှောင်များအတွက် လူသားချင်းနာစာထောက်ထားမှုအကူအညီများ လိုအပ်နေကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

Most Read

Most Recent