နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများရောင်းဝယ်ရေးနှင့်ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ ခေါင်းဆောင်များ တွေ့ဆုံမည်

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများရောင်းဝယ်ရေးနှင့်ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ ခေါင်းဆောင်များ တွေ့ဆုံမည်
အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုမြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသည့် အမေရိကန်ရေတပ်၏ ရေငုပ်သင်္ဘောတစ်စင်းကို တွေ့ရစဉ် (Photo – AFP)
အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုမြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားသည့် အမေရိကန်ရေတပ်၏ ရေငုပ်သင်္ဘောတစ်စင်းကို တွေ့ရစဉ် (Photo – AFP)
Published 11 March 2023
Ref: AFP

တရုတ်၏ လျင်မြန်စွာ အင်အားကြီးမားလာသည့်အခြေအနေအပေါ် စိုးရိမ်မှုများမြင့်တက်နေချိန်တွင် စစ်ရေးပူးပေါင်းဆောင်ရွက်၏ သိသာထင်ရှားသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည့် နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘောများ ရောင်းဝယ်ရေးနှင့်ပတ်သက်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရန် မျှော်မှန်းချက်နှင့်အတူ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ ခေါင်းဆောင်များသည် မတ်လ ၁၃ ရက်တွင် ဆန်ဒီယေဂိုမြို့၌ တွေ့ဆုံမည်ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ သြစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်း နိစ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်တို့သည် ကယ်လီဖိုးနီးယားပြည်နယ် ရေတပ်အချက်အချာဖြစ်သည့် ဆန်ဒီယေဂိုတွင် တွေ့ဆုံမည် ဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလက စတင်ကြေညာခဲ့သည့် AUKUS ဟု အမည်ပေးခဲ့သည့် သုံးပွင့်ဆိုင် လုံခြုံရေးစာချုပ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။

AUKUS စာချုပ်၏ အဓိကအချက်မှာ အမေရိကန်က သြစတြေးလျနိုင်ငံကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနည်းပညာများကို တင်ပို့ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။ ယခင်က အမေရိကန်သည် ၁၉၆၀ ပြည့်နှစ်ကျော်အချိန်ကာလများက ၎င်း၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ကို တည်ဆောက်ခဲ့ချိန်က ယင်းနည်းပညာကို ဗြိတိန်နှင့်သာ မျှဝေအသုံးခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ အစိတ်အပိုင်းများနှင့်အတူ ဗြိတိန်လုပ် ရေငုပ်သင်္ဘောများအတွက် မျှော်မှန်းထားသည့် ကြေညာချက် မထွက်ပေါ်မီ တရုတ်က AUKUS စာချုပ်သည် လက်နက်ပြိုင်ဆိုင်မှုအန­္တရာယ်ကို မြင့်တက်စေခဲ့သည်ဟု သတိပေးခဲ့ပြီး ယင်းသုံးနိုင်ငံသည် နျူကလီးယားမပျံ့ပွားရေး အားထုတ်ကြိုးပမ်းမှုများကို လျော့ကျစေရန် လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့အနေဖြင့် စစ်အေးကာလ စိတ်ထားများကို စွန့်လွှတ်ရန်၊ ကောင်းမွန်သည့် အယူဝါဒနှင့် နိုင်ငံတကာဝတ္တရားများကို လေးစားရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေမည့် အရာများကို ပိုမိုလုပ်ဆောင်ရန် မိမိတို့က တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မော်နင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

သြစတြေးလျကမူ ၎င်း၏မဟာမိတ် နှစ်နိုင်ငံကဲ့သို့မဟုတ်ဘဲ နျူကလီးယားလက်နက်များကို ထုတ်လုပ်သွားမည်မဟုတ်ဟု ရှင်းလင်းစွာ ပြောကြားခဲ့သည်။

သို့သော် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပိုင်ဆိုင်မှုသည် သြစတြေးလျအတွက် လာမည့် ဆယ်စုနှစ်များအတွင်း ရေအောက်တွင် စစ်အင်အားတည်ရှိမှုကို လနှင့်ချီ ထိန်းသိမ်းထားနိုင်မည်ဖြစ်ပြီး တရုတ်စစ်တပ်က ၎င်း၏အင်အားကို ပိုမို ဖြန့်ကြက်နေချိန်တွင် အသာစီးရစေမည့် အခြေအနေကို ရရှိစေမည်ဖြစ်သည်။

မကြာသေးမီလများအတွင်းက တရုတ်သည် ဆော်လိုမွန် ကျွန်းနိုင်ငံနှင့် အငြင်းပွားဖွယ် လုံခြုံရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ၎င်း၏နယ်မြေဟု ကြေညာထားသည့် ထိုင်ဝမ်အပေါ် ဖိအားများတိုးမြှင့်ခဲ့သည်။

ဗြိတိန်၏ The Times သတင်းစာတွင်မူ သြစတြေးလျသည် အမေရိကန်လုပ် ရေငုပ်သင်္ဘောများထက် အရွယ်အစားပိုမိုသေးငယ်သည့် ဗြိတိန်လုပ် ရေငုပ်သင်္ဘောများကို ရယူပိုင်ဆိုင်ရန် မျှော်လင့်ထားသည်ဟု ဖော်ပြခဲ့သည်။

Most Read

Most Recent