နိုင်ငံကူးလက်မှတ်လျှောက်ထားရန် Online Appointment System ပြန်ဖွင့်ခဲ့သော်လည်း သိန်းနှင့်ချီသောလျှောက်ထားသူများကြောင့် စနစ်လည်ပတ်နိုင်မှုမရှိဘဲ နှေးကွေးနေသဖြင့် Server Infrastructure တိုးမြင့်လျက်ရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ မတ် ၈ ရက်ထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ရက်ချိန်းရယူခြင်းစနစ်ကို မတ် ၈ ရက်တွင် ပြန်ဖွင့်ခဲ့ပြီး စနစ်အတွင်း ဝင်ရောက်သည့်လျှောက်ထားသူများမှာ အလွန်များပြားသည့်အတွက် စနစ်မှာလည်ပတ်နိုင်မှုမရှိဘဲ နှေးကွေးနေကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် ရက်ချိန်းရယူလိုသူ အလွန်များပြားသည့်အတွက် Passport Online Appointment System ဖွင့်လိုက်သည်နှင့် သိန်းနှင့်ချီသော လျှောက်ထားသူများ စနစ်အတွင်း ဝင်ရောက်ရန် ကြိုးစားကြကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ဆိုသည်။
ထို့ကြောင့် စနစ်အား ထည့်သွင်းလုပ်ဆောင်နေသည့် Servers များ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်သည် ယခု စနစ် အတွင်း ဝင်ရောက်သည့်အရေအတွက်ကို လက်ခံလုပ်ဆောင်ပေးနိုင်သည့် အခြေအနေ မဟုတ်သည့် အတွက် Server Infrastructure တိုးမြင့်ခြင်းအတွက် အချိန်(၂)ပတ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Infrastructure တိုးမြင့်ရန် လုပ်ဆောင်နေချိန်အတွင်း ရက်ချိန်းရယူခြင်းစနစ် ရပ်ဆိုင်းထားချိန်တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် မလိုလားအပ်သော ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်မလာစေရန် လက်ရှိ Server များ၏ စွမ်းဆောင်မှုအခြေအနေနှင့် ဝန်ဆောင်မှု ဆက်လက်ပေးနိုင်ရန် စနစ်အား ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း လျှောက်ထားသူအလွန်များပြားသည့်အတွက် စနစ်မှာလည်ပတ်နိုင်မှုမရှိတော့ကြောင်း သိရသည်။
ဆက်လက်၍ စနစ်အား လက်တွေ့အသုံးပြုနေသည့်အချိန်တွင် ကြုံတွေ့လာရသော စနစ်၏လိုအပ်ချက်များကိုလည်း နည်းပညာသမားများမှ ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကာ ရက်ချိန်းရယူလိုသူများအနေဖြင့် Infrastructure အား တိုးမြင့်နေသည့်အချိန်များတွင် စနစ်အား ကြိုးစားဝင်ရောက်ပေးရန် ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Websit ဖြစ်သည့် https://www.passport.gov.mm ကိုဝင်ရောက်နိုင်သော်လည်း ရက်ချိန်းစစ်ဆေးရန်ကိုသာ လုပ်ဆောင်နိုင်ပြီး ရက်ချိန်းအသစ်လျှောက်ထားမှု လုပ်ဆောင်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရသည်။
Online Appointment System ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် မသမာသောနည်းလမ်းများဖြင့် လုပ်ဆောင်လျှင် ထိရောက်စွာအရေးယူမည်ဖြစ်ပြီး ရက်ချိန်းနေ့တွင် မလာနိုင်ပါက ရုံးဖွင့်သည့်ရက် ၇ ရက်အတွင်း လာရောက်နိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။
(ကြည်နိုင်)
ပုံစာ - ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့ မျက်နှာစာကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်( ဓာတ်ပုံ - ကြည်နိုင်)















