၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းသူ တစ်သိန်းရှစ်သောင်းခန့်အနက် ပထမနေ့ မြန်မာစာဘာသာရပ်ကို တစ်သိန်းခြောက်သောင်းကျော် လာရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် ပထမနေ့ မတ် ၈ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁၈၅၁ ဦးရှိသဖြင့် ဖြေဆိုသူရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းရှိခဲ့ကြောင်းသိရသည်။
ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ငါးခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၅၈ ခု စာစစ်ဌာနစုစုပေါင်း ၈၆၃ခု ဖွင့်လှစ်ခဲ့ပြီး စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၇၉၈၄၃ ဦးရှိခဲ့ကြောင်း၊ စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ (ကျောင်းဖြေနှင့်ပြင်ပဖြေ) စုစုပေါင်း ၁၆၁၈၅၁ ဦးရှိခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်ပေါင်း(၁၂၄)ခရိုင်ရှိ မြို့နယ်ပေါင်း(၃၀၉)မြို့နယ်တွင် ကျင်းပပြုလုပ်လျှက်ရှိရာ ပထမနေ့ မြန်မာစာဖြေဆိုသည့်နေ့တွင် ကျောင်းဖြေရန် စာရင်းပေးသွင်းသူစုစုပေါင်း ၂၇၉၂၈ ဦးအနက် ၂၆၆၉၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ ပြင်ပဖြေရန် စာရင်းပေးသွင်းသူစုစုပေါင်း ၁၅၁၉၁၅ ဦးအနက် ၁၃၅၁၅၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပျက်ကွက်သူဦးရေများအနက် ကျောင်းဖြေ ၁၂၃၂ ဦး၊ ပြင်ပဖြေ ၁၆၇၆၀ ဦးရှိခဲ့ပြီး ပျက်ကွက်သူဦးရေ စုစုပေါင်း ၁၇၉၉၂ ဦးရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယနေ့ မတ် ၉ ရက်တွင် အင်္ဂလိပ်စာ ဖြေဆိုခဲ့ပြီး မတ် ၁၀ ရက်တွင် သချင်္ာ၊ မတ် ၁၃ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၄ ရက်တွင် ရူပဗေဒ၊ မတ် ၁၅ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ မတ် ၁၆ ရက်တွင် ပထဝီဝင်၊ မတ် ၁၇ ရက်တွင် သမိုင်းနှင့် မတ် ၁၈ ရက်တွင် စိတ်ကြိုက် မြန်မာစာတို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုရမည့်အချိန်များမှာ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသူကျောင်းသား နှစ်သိန်းရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်သိန်းသုံးသောင်းကျော် အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။















