ဘုရားဖူးယာဉ်တစ်စီး မိုင်းထောင်ဖောက်ခွဲခံရပြီး လက်နက်ငယ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အသက်ခြောက်နှစ်အရွယ် ကလေးငယ်အပါအဝင် ဘုရားဖူးသုံးဦး သေဆုံး

ဘုရားဖူးယာဉ်တစ်စီး မိုင်းထောင်ဖောက်ခွဲခံရပြီး လက်နက်ငယ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အသက်ခြောက်နှစ်အရွယ် ကလေးငယ်အပါအဝင် ဘုရားဖူးသုံးဦး သေဆုံး
Published 9 March 2023

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားဖူးပြီးပြန်လာသည့် ဘုရားဖူးယာဉ်တစ်စီး မတ် ၇ ရက်က မိုင်းထောင်ဖောက်ခွဲခံရပြီး လက်နက်ငယ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အသက်ခြောက်နှစ်အရွယ် ကလေးငယ်အပါအဝင် ဘုရားဖူးသုံးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ အမှတ်(၅) ရပ်ကွက်မှ ဒေါ်ငြိမ်းသန္တာသင်း အပါအဝင် ဘုရားဖူးပြည်သူ ကိုးဦးတို့သည် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားသို့ Toyota Passo အမျိုးအစား မော်တော် ယာဉ်နှင့် ဘုရားဖူးသွားရောက်ပြီး ပြန်လည်ထွက်ခွာစဉ် မတ် ၇ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ နွားထိုးကြီး- မြင်းခြံသွားကားလမ်း၊ ညောင်ပင်သာကျေးရွာ၏  အရှေ့ဘက်မီတာ ၈၀၀ ခန့်အကွာသို့ အရောက်၌ အကြမ်းဖက်သမားများက လမ်း၏ယာဘက် မီတာ ၁၀၀ ခန့်အကွာမှ လက်လုပ်အဝေးထိန်းမိုင်း တစ်လုံးနှင့် ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသော ဒေါ်ငြိမ်းသန္တာသင်း၊ ဦးသန်းထိုက်မျိုးနှင့် အသက်ခြောက်နှစ်အရွယ် မောင်ရွှေဘုန်းသစ်တို့ မိုင်းစထိမှန်ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ ယင်းနေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းနှင့် ဦးရှိုင်းယုလတ်နှင့် ဒေါ်ရီမွန်ကိုတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစကက ထုတ်ပြန်သည်။ 

ထိခိုက်ဒဏ်ရာရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယင်းဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိရေးနှင့် ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်နေကြောင်း နစကက ထုတ်ပြန်သည်။ 

Most Read

Most Recent