ပြီးခဲ့သည့်ရာသီက သမိုင်းဝင်ဖလား (၄)လုံးလမ်းကြောင်းပေါ် နောက်ဆုံးအချိန်ထိ ရှိခဲ့သော်လည်း လီဗာပူးလ်အသင်း ပေါင် (၇.၅)သန်းသာ အမြတ်ထွက်

ပြီးခဲ့သည့်ရာသီက သမိုင်းဝင်ဖလား (၄)လုံးလမ်းကြောင်းပေါ် နောက်ဆုံးအချိန်ထိ ရှိခဲ့သော်လည်း လီဗာပူးလ်အသင်း ပေါင် (၇.၅)သန်းသာ အမြတ်ထွက်
Photo: AFP
Photo: AFP
Published 2 March 2023

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက ဖလား (၂) လုံးရရှိခဲ့ပြီး သမိုင်းဝင်ဖလား (၄) လုံးလမ်းကြောင်းပေါ်တွင် နောက်ဆုံးအချိန်ထိ ရှိခဲ့သော်လည်း အခွန်မဆောင်မီ အမြတ်ငွေ ပေါင် (၇.၅) သန်းသာရရှိကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်ရာသီက လိဂ်ဖလားနှင့် FA ဖလားတို့ကို ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်တွင်လည်း နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံ မန်စီးတီးကို ဖိအားပေးနိုင်ခဲ့သလို၊ ချန်ပီယံလိဂ်တွင်လည်း ဗိုလ်လုပွဲအထိတက်ရောက်ကာ ရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီသည် လီဗာပူးလ်အသင်းအတွက် အအောင်မြင်ဆုံးရာသီများထဲမှ တစ်ခုဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းမှ ပေါင် (၉၀) သန်းအထိ ဝင်ငွေရရှိခဲ့ပြီး ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံးအသင်းထဲမှ တစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ထို့ပြင် လီဗာပူးလ်အသင်းသည် Nike အပါအဝင် စီးပွားရေးပါတနာသစ်များနှင့် စပွန်ဆာလက်မှတ်များ ရေးထိုးနိုင်ခဲ့ခြင်းကြောင့် စပွန်ဆာဝင်ငွေ (၂၉) သန်း တိုးမြှင့်ရရှိခဲ့ကြောင်း သိရသည်။

သို့သော် လီဗာပူးလ်အသင်း၏အသုံးစရိတ်မှာ ပြီးခဲ့သည့်တစ်နှစ်အတွင်း (၁၀၀) ရာခိုင်နှုန်းတိုးမြှင့်ခဲ့သလို၊ အန်ဖီးလ်ကွင်း ထိုင်ခုံတိုးမြှင့်မှုနှင့် မွမ်းမံမှုများအတွက် အသုံးပြုရငွေမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကထက် (၄၀) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လီဗာပူးလ်အသင်းသည် ယင်းကာလတွင် ဒီယက်ဇ်၊ ကာဗယ်လ်ညို၊ ဘန်ဒေါက်၊ ကလက်ခ် စသည့်ကစားသမားများကို ခေါ်ယူခဲ့သလို၊ ဟန်ဒါဆန်၊ ရောဘတ်ဆန်၊ ကိုနာတီ၊ အဲလိယတ်၊ အယ်လစ်ဆန်၊ ဘိုင်ဂျီတစ်၊ ဂျိုတာအပါအဝင် ကစားသမား (၂၂) ဦးကို စာချုပ်သစ်များ ချုပ်ဆိုခဲ့သည်။

ထို့ကြောင့် လီဗာပူးလ်အသင်းသည် ကစားသမားများအတွက် တစ်နှစ်လစာ ပေါင် (၃၆၆) သန်းအထိ ပေးချေနေရပြီး အသင်း၏ တစ်နှစ်တာ အသုံးစရိတ်မှာ ၂၀၂၀-၂၁ ရာသီတွင် ပေါင် (၄၇၆) သန်းသာရှိခဲ့သော်လည်း ပြီးခဲ့သည့်ရာ သီက ပေါင် (၅၄၅) သန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လီဗာပူးလ်အသင်းအနေဖြင့် အမြတ်ငွေနည်းပါးခဲ့ခြင်းဖြစ်ပြီး လီဗာပူးလ်အသင်း၏ စီမံခန့်ခွဲမှုဒါရိုက်တာကမူ အသင်း၏ဘဏ္ဍာရေးမှာ တောင့်တင်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent