တင်းနစ်လောကတွင် ကမ္ဘာ့အဆင့်တစ်နေရာ၌ ရက်သတ္တပတ်အများဆုံး ရပ်တည်နိုင်သူအဖြစ် ဂျိုကိုဗစ် မှတ်တမ်းဝင်

တင်းနစ်လောကတွင် ကမ္ဘာ့အဆင့်တစ်နေရာ၌ ရက်သတ္တပတ်အများဆုံး ရပ်တည်နိုင်သူအဖြစ် ဂျိုကိုဗစ် မှတ်တမ်းဝင်
Photo: ATP Tour
Photo: ATP Tour
Published 1 March 2023

 

ပရော်ဖက်ရှင်နယ် တင်းနစ်လောက၏ အမျိုးသားနှင့် အမျိုးသမီးနှစ်ရပ်စလုံး၌ ကမ္ဘာ့အဆင့်တစ်နေရာတွင် ရက်သတ္တပတ်အများဆုံး ရပ်တည်နိုင်သည့်သူအဖြစ် ဆားဘီးယား နာမည်ကြီးတင်းနစ်သမား ဂျိုကိုဗစ်က မှတ်တမ်းသစ် ရေးထိုးခဲ့သည်။

ဂျိုကိုဗစ်သည် ပြီးခဲ့သည့်တနင်္လာနေ့က တရားဝင်ထုတ်ပြန်ခဲ့သည့် အမျိုးသားတင်းနစ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ ထိပ်ဆုံးနေရာတွင် ၃၇၈ ပတ်မြောက်အဖြစ် ရပ်တည်နိုင်ခဲ့ကာ ဂျာမန်ဂန္ထဝင်တင်းနစ်မယ် စတက်ဖီဂရပ်ဖ်ကို ကျော်ဖြတ်ခဲ့ပြီး မှတ်တိုင်သစ် စိုက်ထူခဲ့သည်။ 

မေဂျာ(ဂရင်းစလင်း) ဆုဖလား ၂၂ ကြိမ်ဖြင့် နဒါးလ်နှင့်အတူ ပူးတွဲအအောင်မြင်ဆုံးဖြစ်နေသည့် ဂျိုကိုဗစ်သည် အမျိုးသားတင်းနစ်တစ်ခုတည်းတွင် ကမ္ဘာ့အဆင့်တစ်နေရာ၌ ရက်သတ္တပတ်အများဆုံး ကစားသမားအဖြစ် ၂၀၂၁ ခုနှစ် မတ်လကတည်းက စံချိန်တင်ထားခြင်းလည်းဖြစ်သည်။  

"ကျွန်တော် ဂုဏ်ယူမိသလို ပျော်လည်းပျော်ပါတယ်။ စတက်ဖီက အကြီးကျယ်ဆုံး၊ ထာဝရ ဂန္ထဝင်အမြောက်ဆုံးကစားသမားတွေထဲက တစ်ဦးပါ" ဟု ဂျိုကိုဗစ်က ပြောကြားခဲ့သည်။  စတက်ဖီဂရပ်ဖ်သည် ၁၉၈၇ မှ ၁၉၉၉ ခုနှစ်ကြားတွင် ဂရင်းစလင်းတစ်ဦးချင်းချန်ပီယံဆုကို ၂၂ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သည်။ ၎င်းသည် ၁၉၈၇ ခုနှစ်က ကမ္ဘာ့အဆင့်ထိပ်ဆုံးသို့ ပထမဆုံး တက်ရောက်ခဲ့ကာ ၁၈၆ ပတ်ဆက်တိုက် ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှ ဆရီနာဝီလျံက ၂၀၁၆ ခုနှစ်တွင် လိုက်မီနိုင်ခဲ့ခြင်း ဖြစ်သည်။

ဂျိုကိုဗစ်သည် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့အဆင့်ထိပ်ဆုံးသို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပြီး ပြီးခဲ့သည့်ဇန်နဝါရီလက သြစတြေးလျအိုးပင်းပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီးနောက် ခြောက်လအတွင်း ပထမဆုံးအဖြစ် ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ကမ္ဘာ့ အဆင့်တစ်နေရာတွင် ဆက်တိုက်အများဆုံးအဖြစ် ဂျိုကိုဗစ်မှာ ၂၀၁၄ ဇူလိုင်လမှ ၂၀၁၆ နိုဝင်ဘာလကြားတွင် ၁၂၂ ပတ်ဆက် ရပ်တည်ခဲ့သည်။ ကမ္ဘာ့အဆင့် ထိပ်ဆုံးနေရာ၌ ရက်သတ္တပတ်ဆက်တိုက် ရပ်တည်နိုင်မှုအများဆုံးအဖြစ် ဖက်ဒါရာက ၂၃၇ ပတ်ဖြင့် စံချိန်တင်ထားပြီး ဂျင်မီကောနားစ်က ၁၆၀ ပတ်၊ အီဗန်လင်ဒယ်လ်က ၁၅၇ ပတ် ရှိထားခဲ့သည်။ 

Most Read

Most Recent