ကစားသမားများ အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြိုးစားနေကြပြီး အသင်းပိုတိုးတက်လာပြီဟု ဂွါဒီယိုလာ ဆို

ကစားသမားများ အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြိုးစားနေကြပြီး အသင်းပိုတိုးတက်လာပြီဟု ဂွါဒီယိုလာ ဆို
Photo: Getty Images
Photo: Getty Images
Published 16 February 2023

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းကစားသမားများသည် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြိုးစားနေကြပြီး မိမိတို့အသင်းမှာ ပိုတိုးတက်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ယခုရာသီတွင် ပြီးခဲ့သည့်ရာသီကလောက် ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့်ရင် ဆိုင်နေရသည်။

ထို့ပြင် အသင်းခေါင်းဆောင် ဂွန်ဒိုဂန်က မန်စီးတီးကစားသမားများမှာ အောင်မြင်မှုအတွက် ဆာလောင်စိတ်ပျောက်ဆုံးနေပြီး အသင်းအတွက် အာရုံစိုက်မှုလျော့နည်းလာသည်ဟု ဝေဖန်ခဲ့ဖူးသည်။

သို့သော် ယခုအခါ ဂွါဒီယိုလာက အသင်းကစားသမားများသည် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြိုးစားနေကြပြီး မိမိတို့အသင်းမှာ ယခင်ကထက် ပိုတိုးတက်လာပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာက ''ပြီးခဲ့တဲ့တစ်ပတ် ဒါမှမဟုတ် (၁၀)ရက်လောက်ကစပြီး အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အများကြီးတိုးတက်လာတာကို မြင်တွေ့ရမှာပါ။ ကစားသမားတွေအားလုံးက အာရုံစူးစိုက်မှုအပြည့်နဲ့ ကြိုးစားနေကြပြီး တိုက်ပွဲဝင်လိုစိတ် ပြင်းထန်နေကြပါတယ်။ တိုက်ပွဲဝင်လိုစိတ် တစ်ခုတည်းက အသင်းကို နိုင်ပွဲတွေအလွယ်တကူရအောင် စွမ်းဆောင်ပေးနိုင်တာမျိုး မဟုတ်ပေမဲ့ တိုက်ပွဲဝင်လိုစိတ်မရှိရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။