ဆမ်ဒိုးရီးယားနှင့်ပွဲတွင် ကွင်းအတွင်း အငြင်းပွားခဲ့သည့် လူကာကူနှင့် ဘာရယ်လာတို့ကို အင်တာမီလန် ဒဏ်ရိုက်ဖွယ်ရှိ

ဆမ်ဒိုးရီးယားနှင့်ပွဲတွင် ကွင်းအတွင်း အငြင်းပွားခဲ့သည့် လူကာကူနှင့် ဘာရယ်လာတို့ကို အင်တာမီလန် ဒဏ်ရိုက်ဖွယ်ရှိ
Photo: Daily Mail
Photo: Daily Mail
Published 16 February 2023

အင်တာမီလန်အသင်းသည် ဆမ်ဒိုးရီးယားအသင်းနှင့် သရေကျသည့်ပွဲတွင် ကွင်းအတွင်း အငြင်းပွားခဲ့ကြသည့် အသင်းတိုက်စစ်မှူး လူကာကူနှင့် ကွင်းလယ်ကစားသမား ဘာရယ်လာတို့ကို အရေးယူဖွယ်ရှိနေကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁၃) ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ် ဆမ်ဒိုးရီးယား (၀-၀) အင်တာမီလန်ပွဲ ပွဲချိန် မိနစ် (၄၀) တွင် လူကာကူ၏ ဆိုးရွားသည့် ဘောလုံးပေးပို့မှုကို ဘာရယ်လာက လက်မြှောက်ကာ စိတ်ပျက်သည့်အမူအရာ ပြသခဲ့ခြင်းဖြစ်သည်။

ဘာရယ်လာ၏အမူအရာကို မကျေနပ်သည့် လူကာကူက ဘာရယ်လာအား ''အဲဒီလို မလုပ်နဲ့။ လက်မြှောက်တာတွေ တော်လိုက်တော့။ ဒါမျိုး မလုပ်နဲ့။ ဒါက မကောင်းဘူး။ ဒါက စော်ကားတာပဲ။ အခု တော်လိုက်တော့''ဟု ပြောကြားခဲ့သည်။

လူကာကူ ၏ ယင်းကဲ့သို့ပြောဆိုမှုကို ဘာရယ်လာက လက်ခံခြင်းမရှိဘဲ ၎င်းကို ပြန်လည်အော်ဟစ်ခဲ့ရာ လူကာကူသည် ဘာရယ်လာအား ကြမ်းတမ်းသည့်စကားလုံးများဖြင့် ဆဲဆိုခဲ့ကြောင်း သိရှိရသည်။

အင်တာမီလန်အသင်းသည် အဆိုပါဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးနေပြီး အနာဂတ်တွင် ကွင်းအတွင်း ယင်းကဲ့သို့ဖြစ်ရပ်မျိုး မပေါ်ပေါက်အောင် လူကာကူနှင့် ဘာရယ်လာတို့ကို အရေးယူဖွယ်ရှိနေကြောင်း အီတလီသတင်းစာ Corriere della Sera က ဖော်ပြခဲ့သည်။

ဆမ်ဒိုးရီးယားနှင့်ပွဲအပြီးတွင် အင်တာမီလန်နည်းပြ ဆမြွန်နီအင်ဇာဂီက လူကာကူနှင့် ဘာရယ်လာတို့ အငြင်းပွားခဲ့သည့် ဖြစ်ရပ်ကို စိတ်ပျက်မိသော်လည်း ကစားသမား(၂) ဦးအကြား ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။

အင်ဇာဂီက ''ကွင်းထဲမှာ ဒီလိုဖြစ်ရပ်မျိုးတွေ ပေါ်ပေါက်လာတယ်။ သူတို့အနေနဲ့ ဒီလိုမပြုမူသင့်ပါဘူး။ သူတို့ကို ဒီလိုမြင်ရတာ ကျွန်တော် မနှစ်သက်ပါဘူး။ သူတို့ဟာ ပထမပိုင်းအပြီးမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စကားပြောကြတယ်။ သူတို့က သူငယ်ချင်းတွေပါ။ ဒါပေမဲ့ သေချာတာကတော့ ကျွန်တော့်အနေနဲ့ ကွင်းအတွင်းမှာ ဒီလိုဖြစ်ရပ်မျိုးတွေကို ထပ်မမြင်ချင်ပါဘူး''ဟု ပြောကြားခဲ့သည်။

အင်တာမီလန်နောက်ခံလူ ဒီဗရိုင်းကလည်း လူကာကူနှင့် ဘာရယ်လာတို့အကြား အငြင်းပွားမှုမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ''ကျွန်တော် သတိတောင် မထားလိုက်မိဘူး။ အဝတ်လဲခန်းရောက်မှ သိခဲ့တာပါ။ ဒါပေမဲ့ အဲဒီပြဿနာက ကျန်ခဲ့ပါပြီ။ ကျွန်တော်တို့ ရှေ့ဆက်ဖို့ပဲ ကြိုးစားရမှာပါ''ဟု ပြောကြားခဲ့သည်။