PSG အသင်း၏နာမည်ကျော်တိုက်စစ်ကစားသမားများဖြစ်သည့် မက်ဆီနှင့် နေမာသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် အိမ်ကွင်း၌ ဘိုင်ယန်မြူးနစ်အသင်းကို (ဝ-၁)ဂိုးဖြင့် အရေးနိမ့်ပြီးနောက် အသင်းပရိသတ်များအား တောင်းပန်မှုများ ပြုလုပ်ခဲ့သည်။
ဘိုင်ယန်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၅၃ မိနစ်တွင် အယ်လ်ဖွန်ဆိုဒေးဗီးစ်၏ ပေးပို့မှုမှတစ်ဆင့် ကိုးမန်း ကန်သွင်းမှုမှာ အားမပြင်းသော်လည်း PSG ဂိုးသမား ဒွန်နာရမ်မာ၏ဂျိုင်းအောက်မှ ဂိုးဝင်သွားခြင်းဖြစ်သည်။
နေမာနှင့် မက်ဆီသည် ပွဲပြီးနောက် အသင်းဖော်များကို ပွဲကြည့်စင်ဘက်သို့ ခေါ်ဆောင်ကာ တောင်းပန်ခဲ့ပြီး အားပေးမှုအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။ ယင်းပွဲတွင် PSG အသင်းကစားပုံ မကောင်းခဲ့သော်လည်း ပရိသတ်များက ပွဲစဉ်တစ်လျှောက် လှောင်ပြောင်ခြင်းမရှိဘဲ အင်တိုက်အားတိုက်အားပေးခဲ့ကြခြင်းဖြစ်သည်။
ယင်းပွဲတွင် ဘာပေ ဒုတိယပိုင်း၌ လူစားဝင်ကစားကာ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း VAR ဖြင့် ပယ်ဖျက်ခံခဲ့ရသည်။ ပွဲအပြီးတွင် ဘာပေက လာမည့် ဒုတိယအကျော့၌ ဂျာမနီမြေတွင် အနိုင်ကစားသွားမည်ဟု ကြုံးဝါးခဲ့ကြောင်း သိရသည်။ ပွဲချိန် ၉၀ မိနစ်တွင် ဘိုင်ယန်နောက်ခံလူ ပါဗာနှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရပြီး ဘိုင်ယန်အနေဖြင့် ပထမအကျော့အနိုင်ရသည့် ၁၂ ပွဲစလုံး နောက်တစ်ဆင့်သို့တက်နိုင်ခဲ့သည်။
PSG အသင်းသည် ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲစုံ ၁၁ ပွဲကစားရာတွင် ငါးပွဲအထိ အရေးနိမ့်ထားပြီး ၂၀၂၂ ခုနှစ်က ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားရာတွင် (၄)ပွဲသာ ရှုံးပွဲရှိခဲ့ကြောင်း သိရသည်။
PSG အသင်းသည် ဘိုင်ယန်နှင့် ပွဲမတိုင်မီ လန်းစ်အသင်းကို (၁-၃)ဂိုး၊ ရန်းစ်အသင်းကို (ဝ-၁)ဂိုး၊ မိုနာကိုအသင်းကို (၁-၃)ဂိုး၊ ပြင်သစ်ဖလားပွဲတွင် မာဆေးလ်အသင်းကို (၁-၃)ဂိုးဖြင့် အရေးနိမ့်ထားပြီး ပြိုင်ပွဲစုံ သုံးပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ခြင်းဖြစ်သည်။